Pee Mak မင်းသမီး ဒါဗီကာဟွန်း


မြန်မာပရိသတ်ရဲ့ အားပေးမှုကို အကြီးအကျယ် ပိုင်ဆိုင် နိုင်ခဲ့သလို ရုံပြည့်ရုံလျှံ ကြည့်ရှုသူ တွေနဲ့ စည်းကားခဲ့တဲ့ Pee Mak ဇာတ်ကားရဲ့ သရဲမလေး NAk သို့မဟုတ် ထိုင်းမင်းသမီး ချောလေး ဒါဗီကာရဲ့ အနုပညာရှင် ဘဝဖြတ်သန်းမှုကို မြန်မာ ပရိသတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပါသည်။

မင်းသမီးလေး မီယာဒါ ဗီကာဟွန်းကို ၁၉၉၂ ခုနှစ် မေ ၁၆ ရက်က ဗန်ကောက် မြို့တော်၌ မွေးဖွားခဲ့သည်။

ဒါဗီကာဟွန်းသည် ထိုင်းနိုင်ငံ၏ အနုပညာ နယ်ပယ်၌ နာမည်ရနေသော အခြားကြယ်ပွင့် များလိုပင် အနောက်တိုင်း သွေးနှောသော ကပြားမလေး တစ်ယောက် ဖြစ်ပါသည်။

ဒါဗီကာ၏ ဖခင်က ဘယ်လ်ဂျီယံ နိုင်ငံသား တစ်ဦးဖြစ်ပြီး သူမမိခင် ကန်ပါကတော့ ထိုင်းနိုင်ငံ၌ လူသိများသည့် အဆိုတော် တစ်ယောက် ဖြစ်သည်။ ဒါဗီကာသည် အနုပညာ လောကထဲသို့ မော် ဒယ်လ် တစ်ယောက်အဖြစ်နှင့် စတင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒါဗီကာ ငယ်စဉ်က Sacred Heart ကျောင်းမှာ မူကြိုမှ အလယ်တန်းအထိ ပညာသင် ယူခဲ့သည်။ ထို့နောက် နိုင်ငံတကာ ကျောင်းတစ်ခုမှ အထက်တန်း အောင်ခဲ့သည်။ ဒါဗီကာသည် အနုပညာ အလုပ်ကို လုပ်ကိုင် နေသော်လည်း ပညာရေး ဆုံးခန်း မတိုင်သေးပါ။ Rangsit တက္ကသိုလ်၌ သူမဝါသနာပါရာ အထူးပြု မေဂျာဖြစ်သော Faculty of Art ကို သင်ယူ နေဆဲ ဖြစ်ပါသည်။

ဒါဗီကာ မော်ဒယ်လ် အဖြစ်စတင် လုပ်ကိုင်သည့်အခါ သူမ၏ ပိတုန်းရောင် ဆံနွယ်တွေ ကြောင့် ထူးခြားသော ဆွဲဆောင်မှု တစ်ခုအဖြစ် လူသိများ လာခဲ့သည်။ ဒါဗီကာသည် အသက် ၁၃ နှစ် ကတည်းက လူငယ် သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကား တချို့မှာ ကြိုးကြား ကြိုးကြား ပါဝင်ခဲ့ဖူးပြီး အသက် ၁၇ နှစ်မှစ၍ မော်ဒယ်လ်ဘဝကို ရွေးချယ်ခဲ့ပါသည်။ ထို့ကြောင့် သူမ၏ အနုပညာ လမ်းကြောင်းသည် အခြေကျ ခိုင်မာ လာခဲ့သည်။ ထို့နောက်တွင် မော်ဒယ်လ် အနေနှင့်ရော၊ ရုပ်ရှင် သရုပ်ဆောင် အဖြစ်နှင့်ပါ အောင်မြင်သော ဘဝတစ်ခုဆီ လျှောက်လှမ်း လာနိုင်ခဲ့ပါသည်။

သရုပ်ဆောင် နယ်ပယ်မှာ သူမ ပါဝင်သော  Superman ဆိုသည့် Drama ဇာတ်လမ်း တိုလေးကို ရိုက်ကူးခဲ့စဉ် ကတည်းက ဒါဗီကာကို ပရိသတ်က အသိအမှတ်ပြု သတိထားမိ လာခဲ့သည်။ ထို့နောက် Cupid's Shadow ဆိုသည့် ဇာတ်လမ်းက ထိုင်းတွင် အဆင့်အတန်း ရှိသော Drama ဇာတ်ကား ကောင်းလေးအနေနှင့် ပရိသတ်၏ စိတ်နှလုံးကို ဖမ်းစားလာ နိုင်ခဲ့သည်။ အမှန်စင်စစ် ဒါဗီကာသည် သရုပ်ဆောင် အလုပ်တွင် အတွေ့အကြုံ များများ စားစား ရှိလှသည် မဟုတ်သေး။

ရုပ်ရှင် ဇာတ်ကားဆိုလို့ နှစ်ကားသာ ရိုက်ကူး ခဲ့ဖူးပြီး Drama ဇာတ်လမ်းတို နည်းနည်းနှင့် TV စီးရီး သုံးခုစာ လောက်သာရိုက်ခဲ့ ဖူးသေးသည်။ သို့သော် လှပကြော့ရှင်းသော သူမ၏ ရုပ်ရည်နှင့် ပါရမီ အခံရှိသည့် သရုပ်ဆောင် စွမ်းရည်တို့ကြောင့် ထိုင်းနိုင်ငံတလွှား တစ်စထက် တစ်စ ပရိသတ် တိုးပွားပြီး အောင်မြင်မှုများ ရလာခဲ့သည်။ သူမနှင့် ပတ်သက်ပြီး ထူးခြားသည့် ပရိသတ် မှတ်ချက် တစ်ခုကတော့ ဒါဗီကာဟာ Drama ဇာတ်ရုပ်များနှင့် လိုက်ဖက်သော မင်းသမီးဟု ကောက်ချက် ချကြသည်။ Cupid' Shadow, Superman, Dawn of Love,Love has Become Shame တို့ကဲ့သို့သော ဇာတ်ကားများ၌ ကွဲပြားသည့် စရိုက် အဖုံဖုံကို သူမက ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြခဲ့သည်။

ဒါဗီကာ ပထမဆုံး ပါဝင် သရုပ်ဆောင်ခဲ့သော ရုပ်ရှင် ဇာတ်ကားမှာ ၂ဝ၁၂ ခုနှစ်က ရုံတင်ခဲ့ သည့် Bpidtu Poom Prom Dan Haeng Ruk ဆိုသော ဇာတ်ကား၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်ကား၌ ပါဝင်ခဲ့သော်လည်း ပြောင်ပြောင် မြောက်မြောက် မဟုတ်ခဲ့ပါ။ ဒါပေမဲ့ သူမ၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား ဖြစ်သော Pee Mak ကို ၂ဝ၁၃ ခုနှစ်တွင် ရုံတင်သော အခါ အကြီးအကျယ် အောင်မြင် ခဲ့ပါတော့သည်။ ဒါဗီကာက လင်သားကို စွဲလမ်း လွန်းသဖြင့် မကျွတ်မလွတ်ဘဲ သရဲတစ္ဆေဘဝ ရောက်ရရှာသည့် မိန်းကလေး တစ်ယောက် အဖြစ် သနားစရာ၊ ရယ်စရာ၊ ကြည်နူး ဆွတ်ပျံ့စရာ ရသအမျိုးမျိုး ပေါ်လွင်အောင် သရုပ်ဆောင် ခဲ့ပါသည်။

ဒါရိုက်တာ ဘန်ဂျွန် ပီဆန်သန်နာကွမ် ရိုက်ကူးသည့် ဇာတ်ကားတွင် မာရီယိုမော်ရာနှင့် ဒါဗီကာ တို့က အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားသည်။ ဒါဗီကာ အနေဖြင့် Pee Mak ရုပ်ရှင် ဇာတ်ကားတွင် အကြီးအကျယ် အောင်မြင်ခဲ့သည့် အတွက် ကိုယ်တိုင် အံ့သြကြောင်း လည်း ဝန်ခံခဲ့သည်။ သို့ပေမဲ့ ချောက်ချောက် ချားချားဇာတ်ကား မျိုးတွေကို ကြည့်လေ့ ကြည့်ထ မရှိကြောင်း သူမက ဖွင့်ဟ ပြောခဲ့သည်။ Pee Mak ရုပ်ရှင် ဇာတ်ကားသည် ထိုင်း နိုင်ငံတွင် ဝင်ငွေ အကောင်းဆုံး ဖြစ်လာသကဲ့သို့ တောင်အာရှနိုင်ငံ အချို့၌လည်း အရှိန်ကောင်းကောင်းနှင့် ထိုးဖောက်နေဆဲ ဖြစ်ပါသည်။ ဒါဗီကာက သရဲအဖြစ် သရုပ်ဆောင်ဖို့ မိတ်ကပ်ကို အချိန်ယူကာ လိမ်းရလေ့ရှိပြီး သူမနှင့် တွဲဖက် သရုပ်ဆောင်ရသည့် အဖွဲ့သား များကလည်း နှစ်လိုစရာပါ ဟု ပြောခဲ့သည်။

ဒါဗီကာ အနေနှင့် လောလော ဆယ်မှာတော့ ပညာရေးနှင့် အနုပညာ အလုပ်ကို ဘက်မျှ အောင်ရှေ့ဆက် လုပ်ဆောင်သွားမည်ဟု ပြောပါသည်။ သူမသည် ထိုင်းနိုင်ငံ၌ ၂ဝ၁၃ ခုနှစ် အတွက် Popular ဖြစ်လာသော မင်းသမီး တစ်လက်အနေဖြင့် Ta About

Award ဆုကိုလည်း ချီးမြှင့် ပေးအပ်ခြင်း ခံခဲ့ရပါသည်။ ။

ရဲမာန်ခ (မြ၀တီ)


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ