ဆံရစ် ဆံထုံးထားမှုကို အထူးပြု ရိုက်ကူးသော ဆံရစ်ဝိုင်းတို့ရွာ မှတ်တမ်း ရုပ်ရှင် ထွက်ရှိ


(ရန်ကုန်၊ ဇွန် ၂၁)

မြန်မာ့ ရိုးရာဓလေ့ တစ်ခုဖြစ်သော ဆံရစ် ဆံထုံး ထုံးထားသည့် မြန်မာမလေး များ အကြောင်းကို ရိုက်ကူးထားသော ဆံရစ်ဝိုင်းတို့ရွာ မှတ်တမ်း ရုပ်ရှင်ကား ကို ဇွန်လ ၁၆၊ ၁၇ ရက်တို့တွင် စတင် ရောင်းချနေကြောင်း ဒါရိုက်တာ တေးရေး သော်ဒီဝေ (ခေါ်) ပန်းချီ ဝေချစ်ကိုက ပြောကြားသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို တစ်နှစ်ခွဲ အချိန်ကုန်ခံကာ ရိုက်ကူးထားပြီး ထိုဇာတ်လမ်း ရိုက်ကူးရန်အတွက် ဆံရစ်ဝိုင်းမလေးများ ရှိမည့် နေရာ တော်တော်များများ ရှာခဲ့ရကြောင်း၊ မြန်မာနိုင်ငံတွင် ကွယ်ပျောက်လုနီးပါး ဖြစ်နေသော မြန်မာ့ရိုးရာ ဆံရစ် ဆံထုံး ထုံးထားသော မြန်မာမလေးများ ရှိသေးကြောင်း ချပြချင်လို့ ရိုက်ကူးခြင်း ဖြစ်ပြီး Traditional Make-up ဖြစ်သော သနပ်ခါး လိမ်းထား သည့် အညာမလေးများအကြောင်း ရိုက်ကူးထားကြောင်း၊ ၎င်းတို့၏ တစ်နေ့တာ ဖြတ်သန်းပုံများ၊ ရိုးရာ ပွဲတော်များတွင် ပြုလုပ်လေ့ရှိသော ချစ်စရာ ဓလေ့များ၊ ကလေးငယ်များ၏ ကစားနည်းများနှင့်
စိတ်ချမ်းမြေ့စရာ မြင်ကွင်းများကို ရိုက်ကူးထားကြောင်း၊ ထိုကဲ့သို့ ရိုးရာဓလေ့ များကို ရိုက်ကူးပြီး အခွေ ချပြခွင့်ရ၍ ဝမ်းသာကြောင်း ယင်းဇာတ်လမ်းကို သွားရောက် ရိုက်ကူးသော ဓာတ်ပုံ မိုးကုတ် စိုးဌေးက ပြောကြားသည်။

"ဒီဇာတ်လမ်းမှာ အခက်အခဲတော့ သိပ်မရှိပါဘူး။ ကျွန်တော်လည်း အညာသားတစ်ယောက်ဖြစ်လို့ အညာဓလေ့ကို ရိုက်တဲ့အချိန်မှာ ခက်ခဲတာ သိပ်မရှိဘူး။ ဒီဇာတ်လမ်းလေးကို ပထမ တစ်ကြိမ်တုန်းက ရိုက်တာ တစ်နှစ် ကြာတယ်။ အဲဒီတုန်း အဲဒီရွာမှာ ဆံရစ်ဝိုင်းမလေးတွေ ၅၅ ယောက် ရှိတယ်။ နောက်ထပ်တစ်ခါ သွားပြန်ရိုက်တော့ ၁၅ ယောက်လောက် လျော့ သွားတယ်။ နောက်ဆိုရင် တဖြည်းဖြည်းနဲ့ ပျောက်သွားမလားတောင် စိုးရိမ်မိတယ်" ဟု ဒါရိုက်တာ တေးရေး သော်ဒီဝေ (ခေါ်) ပန်းချီ ဝေချစ်ကို က ဆိုသည်။

ထို့နောက် အဆိုပါ ဇာတ်လမ်းရုပ်ရှင်ကို ယခုချိန်တွင် ပရိသတ်ထံသို့ ရောင်း ချပေးမည်ဖြစ်ပြီး ရုပ်ရှင်ရုံများတွင် ပြသနိုင်ရန်မှာ မသေချာကြောင်း၊ အခကြေးငွေဖြင့် ရုပ်သံလိုင်းများက ဝယ်ယူလျှင် ရောင်းချသွား မည်ဖြစ်ကြောင်း၊ ယင်း မှတ်တမ်းရုပ်ရှင်ကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် များတွင်လည်း ပြသနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ