တေးသံရှင် မီမီဝင်းဖေနှင့် တွေ့ဆုံခြင်း


မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် အမေရိကန်ပြည်ထောင်စုတွင် သွားရောက် နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ တေးသံရှင် မီမီဝင်းဖေနှင့် တွေ့ဆုံ၍ သူပါဝင် သီဆိုမည့် တေးသံရှင် ခင်မောင်တိုး အမှတ်တရ စီးရီးအကြောင်း၊ ဂီတနယ်ပယ်အတွင်း အလေးထား ပြောဆိုလာ ကြသည့် မူပိုင်ခွင့် ဥပဒေအကြောင်းနှင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် ၎င်း၏အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ မြန်မာနိုင်ငံ ပြန်ရောက်နေတုန်း အစ်မဘာစီးရီးတွေ လုပ်ဖြစ်နေလဲ။

M.M.W.P ။ ။ မမီတို့ ကိုခင်မောင်တိုး အမှတ်တရ စီးရီးလေး လုပ်နေပါတယ်။ ဒီစီးရီးထဲမှာက တခြားအဆိုတော်တွေ ထက်စာရင် ကိုတိုးကြီးနဲ့ ရင်းရင်းနှီးနှီး ရှိခဲ့တဲ့ သူတွေပါမယ်။ မဇ္ဈိမလှိုင်း တီးဝိုင်းက ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုနိုင်မင်း၊ စိုးစိုးရယ်၊ နောက်ပြီး သရုပ်ဆောင် နောင်နောင်၊ အဉ္စလီမောင်မောင်ရဲ့သားလေး၊ ကိုကြီးချို၊ ကိုစိုးထိုက်တို့ ပါမယ်။

Voice ။ ။ ဒီစီးရီးက ဘယ်တော့လောက် ထွက်ဖြစ်မလဲ။

M.M.W.P ။ ။ သိပ်မကြာတော့ပါဘူး၊ အားလုံးပြီးနေပါပြီ။ မမီက နောက်ဆုံး ဆိုတာပေါ့။ မမီ ဆိုပြီးတာနဲ့ Mixing ဆွဲလို့ရပြီ။

Voice ။ ။ သီချင်းတွေက ကိုခင်မောင်တိုး ဆိုခဲ့တဲ့ သီချင်းအဟောင်းတွေပဲလား။

M.M.W.P ။ ။ သီချင်း တော်တော်များများကတော့ ကိုတိုးကြီး ဆိုခဲ့တဲ့ သီချင်း အဟောင်းတွေပါပဲ။ ဒါပေမဲ့ ကိုနေဝင်းတို့၊ ကိုနိုင်မင်းတို့ကတော့ သီချင်းအသစ်တွေ ဆိုကြမယ် ထင်တယ်။

Voice ။ ။ မမီကျတော့ ကိုတိုးကြီးရဲ့ ဘယ်သီချင်းကို ပြန်ဆိုထားလဲ။

M.M.W.P ။ ။ အမှန်အတိုင်း ပြောရရင် သီချင်းရွေးတဲ့ အချိန်မှာ မမီဆိုချင်တဲ့ သီချင်းတွေက အရမ်းများတယ်။ မမီသဘောကျတာတွေက အများကြီးပဲ။ ဆိုခါနီးကျတော့ ကိုယ်ကိုယ်တိုင် မရွေးဖြစ်တော့ဘူး။ တီးဝိုင်းကိုပဲ ရွေးခိုင်းလိုက်ပြီးတော့ ‘အချစ်ရဲ့ဘဝမှတ်တမ်း’ ဆိုတဲ့ သီချင်းလေး ဆိုမယ်။ ကိုတိုးကြီးက မမီအပေါ် အရမ်း Influence ရှိပါတယ်။ မမီက အစ်ကိုတွေ ကြားထဲမှာ ကြီးလာခဲ့တာ ဆိုတော့ ငယ်ကတည်းက ဒီလိုသီချင်းတွေကို အုတ်ခုံတွေမှာ ဂစ်တာတွေ တီးရင်း ဆိုခဲ့တာဆိုတော့ မမီရဲ့ဆရာလို့လည်း ပြောလို့ရပါတယ်။

Voice ။ ။ မမီကအခု အမေရိကကနေ ဒီကို အပြီးပြန်လာတာလား။

M.M.W.P ။ ။ တကယ်တမ်းတော့ မမီအိမ်က ဒီမှာပါ။ ဟိုကို သွားလိုက်တာကလည်း အဖေနဲ့အမေက နည်းနည်းအသက်အရွယ် ကြီးလာကြပြီဆိုတော့ မမီသူတို့နားမှာ နေဖို့ သင့်တယ်ဆိုပြီး သွားလိုက်တာ။ ဖေဖေက အခုဒီကို ပြန်လာဖို့ အခြေအနေ ပေးတယ်ဆိုတော့ ပြန်လာခဲ့တာ။ ဖြစ်နိုင်ရင်တော့ ဖေဖေရော၊ မမီပါ ဒီမှာပဲ နေချင်တယ်။ ဒါပေမဲ့ မေမေက လောလောဆယ် ဒူးခွဲရဦးမယ်၊ နောက် Anemia ဖြစ်နေတော့ ဆေးကုရမှာတွေ ရှိတာကြောင့် မမီဟိုမှာခဏ နေနေရတာ။

Voice ။ ။ မမီ နောက်ဆုံး ထွက်ထားတဲ့ စီးရီးနာမည်က ဘာလဲ။

M.M.W.P ။ ။ မမီရယ်၊ မေဆွိရယ်၊ ရတနာဦးရယ် သုံးယောက် ဆိုထားတဲ့ အဝေးတစ်နေရာ ဆိုတဲ့ စီးရီးလေးပါ။ ဒီစီးရီးလေး လုပ်ဖြစ်တာက အမေရိကမှာ နာဂစ်အတွက် လှူဖို့ဆိုပြီး မမီတို့ပွဲလေး တစ်ပွဲလုပ်တယ်။ အဲ့ဒီပွဲကိုလုပ်တဲ့ ကိုငယ်ဆိုတာက နယူးယောက်ကပေါ့။ သူက အစ်မတို့တွေ ကိုယ့်တိုင်းပြည်နဲ့ ဝေးတဲ့နေရာမှာ ရောက်နေတဲ့အတွက် အစ်မတို့ သီချင်းတွေကို ပရိသတ်က မကြား ရတာ ကြာပြီဆိုပြီး ဒီစီးရီးလေးကို သူစီစဉ်ပေးတာပေါ့။

Voice ။ ။ မမီ ဒီနိုင်ငံကနေ ထွက်သွားတာလည်း ကြာပြီဆိုတော့ ဒီကိုပြန်ရောက်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ အနေအထားက ဘာတွေပြောင်းလဲ လာတယ်လို့ ထင်လဲ။

M.M.W.P ။ ။ မမီ ထွက်သွားတုန်းကထက် စာရင်တော့ အများကြီး ပြောင်းလဲလာပါတယ်။ မမီက ၂၀၀၇ ခုနှစ်လောက်မှာ ထွက်သွားတာပေါ့။ အဲဒီအချိန်တုန်းက ဒီနိုင်ငံမှာရှိတဲ့ အရာအားလုံးက တော်တော်လေး မွန်းကျပ်တယ်။ အခုတော့ စိတ်ထဲမှာ နည်းနည်း ပေါ့ပေါ့ပါးပါး ရှိပါတယ်။ လူတွေရဲ့ စားဝတ်နေရေးပိုင်းကတော့ ဒီလောက် မပြောင်းလဲသေးပါဘူး။ ဒါပေမဲ့ ကိုယ်ပြောချင်တာလေးတွေ ပြောခွင့်ရလာသလို ကိုယ်ဖြစ်ချင်တာလေးတွေ၊ ကိစ္စတစ်ခုကို ကိုယ်ကြိုက်တယ်၊ မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောခွင့်ရလာကြတယ်။

Voice ။ ။ မြန်မာနိုင်ငံမှာ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ ခရီးလမ်းကိုရော မမီ ဘယ်လိုမြင်လဲ။

M.M.W.P ။ ။ မမီတို့က တောက်လျှောက်ကြီး စိတ်ထဲမှာ တို့နိုင်ငံကတော့ ပြောင်းလဲမှု ရှိတော့မှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ကျပ်ကျပ်တည်းတည်းကြီး ခံစားခဲ့ရတဲ့ အခြေအနေတစ်ခုမှာ အကြာကြီး နေလာခဲ့ရတော့ အပြောင်းအလဲတစ်ခုကို အရမ်းလိုချင်ပါတယ်။ မမီလိုပဲ ပြည်သူအားလုံးလည်း လိုချင်မှာပဲလို့ မမီထင်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသိန်းစိန်တို့ ဦးဆောင်ပြီး သွားနေတဲ့ ဒီမိုကရေစီ ခရီးလမ်းကိုလည်း မမီတို့ ဝမ်းသာပါတယ်။

Voice ။ ။ အခုဆို ဂီတလောကမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ဦးစားပေးပြီး လုပ်လာကြတယ်။ မမီကိုယ်တိုင်လည်း ကိုယ်ပိုင်သံစဉ် သီချင်း အများစုကို ဆိုခဲ့တော့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

M.M.W.P ။ ။ ကိုယ်ပိုင်သံစဉ်တွေ ပိုပြီး လုပ်လာကြတာကိုတော့ မမီအရမ်း အားရပါတယ်။ အရင်ကတည်းက ဆိုင်းဇီ တို့ဆို ကိုယ့်သီချင်း ကိုယ်ရေးပြီးဆိုတယ်။ တခြား ကိုယ်တိုင် သီချင်းရေးနိုင်တဲ့ မိန်းကလေး အဆိုတော်တွေ အများကြီး ထွက်လာတယ်။ ယောက်ျားလေး ထဲမှာဆို လည်း တကယ့်ကို ကောင်းတဲ့သီချင်းတွေ အများကြီး ကြားရတယ်။ မမီအရင်ကတည်းက သိပါတယ်။ ကော်ပီ သီချင်းတွေက အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်တဲ့အချိန်လေးပဲ ဆိုကြမှာဆိုတာ မမီသိတယ်။ အခုတော့ ကိုယ်ပိုင် သံစဉ်တွေကိုပိုပြီး လုပ်လာကြတယ်ဆိုတာ ဒါဖြစ်ကိုဖြစ်သင့်တဲ့ ကိစ္စပါ။

Voice ။ ။ အခုဆို ဂီတလောကမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အလေးပေး ပြောလာကြတယ်။ မမီကလည်း မူပိုင်ခွင့်ကို အလေးထားတဲ့ နိုင်ငံမှာ အချိန်အတော်ကြာ နေလာခဲ့တာ ဆိုတော့ မူပိုင်ခွင့်ဆိုတဲ့ အပေါ်မှာ မမီ ဘယ်လိုမြင်လဲ။

M.M.W.P ။ ။ မမီတို့က မူပိုင်ခွင့်နဲ့ ပတ်သက်ရင် ဘာမှကို လာမပြောနဲ့ ဆိုတဲ့ခေတ်မှာ နေခဲ့ဖူးတာ ပေါ့နော်။ အခုတော့ မူပိုင်ခွင့်အကြောင်း ဆွေးနွေးလာကြတာ၊ ပြောဆိုလာကြတာတေ ကြားရတော့ မမီ အရမ်းဝမ်းသာပါတယ်။ တဖြည်းဖြည်းနဲ့ စည်းစနစ်ကျနပြီး အားလုံး လိုက်နာနိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ ဥပဒေတွေ ထွက်ပေါ်လာဖို့ အတွက်ကတော့ အချိန်လေး တစ်ခုတော့ စောင့်ရဦးမှာပေါ့။ ဘာပဲဖြစ်ဖြစ် စလုံးရေစနေပြီ ဆိုတဲ့အတွက် မမီအရမ်း အားရတယ်။ မူပိုင်ခွင့်ကို တကယ်အလေးထားတဲ့ တိုင်းပြည်မှာ နေခဲ့တာဆိုတော့ သူတို့တိုင်းပြည်မှာက မူပိုင်ခွင့်ကို အလေးထားတာက ကြောက်ဖို့တောင် ကောင်းပါတယ်။ အဲ့ဒီလောက်တောင် လေးစားရသလားဆို ပြီးတော့ပေါ့နော်။ စီဒီတစ်ချပ် ဝယ်ပြီး ဟိုတယ်၊ စားသောက်ဆိုင်တစ်ခုမှာ ဖွင့်လို့မရဘူး။ သိပ်တင်းကျပ်တယ်။ လူတွေ ကိုယ်တိုင်ကလည်း မလုပ်ကြဘူး။ အိမ်မှာ နားထောင်မှာလား။ ဟိုတယ်မှာ ဖွင့်မှာလားဆိုပြီး တစ်ခုခု စီးပွားရေးနဲ့ ပတ်သက်လိုက်တာနဲ့ သူတို့ရဲ့ Rights တွေက မတူတော့ဘူး။ ဒီမှာလည်း အခုဆို ဂီတအစည်းအရုံးကနေ ဦးဆောင်ပြီး FM တွေ၊ ရုပ်သံလိုင်းတွေကနေ မမီတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ဆောင်ရွက် ပေးနေပါပြီ။ ဒီ့ထက်ပိုပြီး လုပ်စရာတွေတော့ ရှိသေးတာပေါ့။ ဒါပေမဲ့ အခုဆို ကဏ္ဍအားလုံးမှာ ပြုပြင် ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင် နေကြပြီ။ ဖြစ်ချင်တိုင်းတွေ ဖြစ်ထားတာတွေကို စနစ်တကျ ပြန်ဖြစ်ဖို့အတွက် စလုပ်နေကြပြီဆိုတော့ တစ်ချိန်မှာတော့ လမ်းကြောင်းက တည့်သွားမှာပါ။

Voice ။ ။ မမီရဲ့ ပရိသတ်တွေက ရှိနေတုန်းပဲဆိုတော့ အနုပညာ အလုပ်တွေကို ဘယ်တော့လောက် ပြန်လုပ်ဖြစ်မလဲ။

M.M.W.P ။ ။ မမီက မေမေ့ ကျန်းမာရေးအတွက် သေချာဂရုတစိုက် ပြင်ဆင်ပေးပြီးတော့ ဒီကိုပြန်လာခွင့် ရပြီဆိုရင် ပရိသတ်အတွက် Own Tune ခွေတစ်ခွေကို သေချာလေး လုပ်ချင်ပါတယ်။ အဲ့ဒီကျလို့ရှိရင် မမီတို့အရွယ်တွေအပြင် နောက်တက်လာမယ့် ကလေးတွေ အတွက်ပါ အသုံး တည့်မယ့်၊ အဆင်ပြေမယ့် သီချင်းမျိုးလေးတွေကို ဆိုနိုင်အောင် မမီကြိုးစားပါ့မယ်။

Written by  သန့်ဇင်ဦး - The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ