သီချင်းတွေ ဆိုရင်း ပျိုးပင်ပျိုးနေသူ


ဂီတအနုပညာဖြင့် ပဋိပက္ခ ဒေသများရှိ ဒုက္ခသည်များအတွက် ဂစ်တာတီး၊ သီချင်းဆိုရင်း အလှူငွေ များ ရှာဖွေပေးခဲ့သူ၊ ပျိုးပင်ပေါက်လေးများကို ကိုယ်တိုင်ပျိုး၍ ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ရည်ရွယ်ပြီး လူတိုင်းကို ဝေငှပေးနေသူ၊ သူ့ဘဝရဲ့ အချိန်များကို သီချင်းတွေဆိုရင်း ပျိုးပင်များ ပျိုးရင်းဖြင့် နေထိုင်သွားမည်ဟု ဆိုလာသူမှာ ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခဲ့သူ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ Bass ဂစ်တာသမား ကိုရဲလွင် ဖြစ်သည်။

ဂီတသံစဉ်တွေကို ချစ်တယ်

မြန်မာနိုင်ငံ ဂီတလောကတွင် အောင်မြင်သော တီးဝိုင်းတစ်ဝိုင်း ဖြစ်ခဲ့သည့် မဇ္ဈိမလှိုင်း တီးဝိုင်း၏ Bass ဂစ်တာသမားတစ်ဦး ဖြစ်သည့်သူ့ကို ပေါင်းတည်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဦးမောင်မောင်မှာ စက်ရှင်တရားသူကြီး တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ကြိုင်မှာ သာမန် အိမ်ရှင်မတစ်ဦး။ မွေးချင်းမောင်နှမ ၁၀ ယောက်တွင် သူက ရှစ်ယောက်မြောက် သား ဖြစ်သည်။

လူတိုင်းတွင် ငယ်စဉ် ကလေးဘဝကတည်းက မွေ့လျော်ရာ ဝါသနာ ကိုယ်စီရှိရာ သူ့အတွက်ကတော့ ဂီတသံစဉ်တွေကို ခံစားနားဆင်၊ တီးခတ်နေရသော အချိန်တိုင်းသည် ပျော်ရွှင်ခဲ့ရသော အချိန်များ ဖြစ်သည်။ ဂီတသံစဉ်တွေကို ချစ်သည်ဟု သူကဆိုသည်။

ခရစ်ယာန် ဘာသာကို ကိုးကွယ်သော မိဘနှစ်ပါးမှ မွေးဖွားလာသည့်အတွက် ငယ်စဉ်ကတည်းက တစ်ပတ်တစ်ခါ ဘုရားရှိခိုးကျောင်းတွင် သီချင်းများ သီဆိုခြင်း၊ ခရစ္စမတ်ကာလများတွင် ဖိတ်ကြားထားသော အိမ်များသို့ သီချင်းများ လှည့်လည် သီဆိုခဲ့ခြင်းတို့ကြောင့် ဂီတကို ချစ်မြတ်နိုးသော စိတ်မှာ ထိုစဉ်ကတည်းက သူ့တွင် သန္ဓေတည်ခဲ့သည်။ ပညာရေး ပိုင်းတွင်မူ သာမန်သာ ရှိခဲ့ပြီး ပညာရေးထက် ဂီတကို ပိုမိုစိတ်ပါဝင်စား ခဲ့သည်ဟု သူကပြောပြသည်။
ကိုယ်ပိုင်ဂစ်တာ မရခဲ့ဘူး

သူအလယ်တန်းကျောင်းသား အရွယ်မှာ အမေရိကန် ရုပ်ရှင်မင်းသား အဲဗစ်ပရက်စလေ ရုပ်ရှင် ဇာတ်ကားများ မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သည်။ ယင်းရုပ်ရှင်ကားများထဲမှ ပရက်စလေ၏ ဂစ်တာတီးပုံကို ကြည့်ပြီး သူဂစ်တာသမား တစ်ယောက် ဖြစ်ချင်လာခဲ့သည်ဟု ဆိုသည်။

ထိုစဉ်က မြန်မာနိုင်ငံတွင် ဂစ်တာ မပေါ်သေးပေ။ ပရက်စလေကို အားကျ၍ ဂစ်တာ တီးချင်လာသောသူက လက်ဖက်ခြောက်ထုပ်များ ထည့်သော တစ်ဖက်ပွင့် ထင်းရှူးပုံးကို ဒေါက်ထောက်ပြီး ကြိုးဖြင့် အတင်းအလျော့လုပ်ကာ ဂစ်တာလို သဘောထား တီးခတ်ခဲ့သည်ဟု သူကပြောပြသည်။

ဂစ်တာများ ပေါ်ပေါက်လာသော အခါတွင်လည်း သားသမီး ၁၀ ယောက်ကို ပညာအမွေသာ အဓိက ပေးလိုသော ဖခင်ဖြစ်သူက အပိုပစ္စည်းများကို သားသမီးတိုင်းအတွက် ဝယ်မပေးနိုင်ခဲ့။ အစ်ကိုဖြစ်သူကို ဂစ်တာတစ်လုံး ဝယ်ပေးခဲ့ပြီး သူ့အတွက်တော့ ကိုယ်ပိုင်ဂစ်တာတစ်လုံး မရခဲ့ပေ။ အစ်ကိုဖြစ်သူကပဲ သူ့ကို အဘိုးကြီးအို ခါးကုန်းကုန်းကဲ့သို့ လွယ်ကူသော Chord လေးများဖြင့် ဂစ်တာတီး သင်ပေးခဲ့ပြီး သူမရှိသည့် အချိန်မှသာ ဂစ်တာကို ခိုးတီးခဲ့ရသည်ဟု သူကပြောပြသည်။

နောင်မှသာ အိမ်နီးချင်း တစ်ယောက်က သူ့ဂစ်တာ အဟောင်းလေးကို ၁၅ ကျပ်ဖြင့် ရောင်းမည်ဟု ပြောသည့်အတွက် မိခင်ဖြစ်သူကို ပူဆာပြီး ဝယ်ခိုင်းခဲ့ရသည်ဟု သူကဆိုသည်။ သူ၏ ကျောင်းမုန့်ဖိုးမှာ တစ်လလျှင် ငါးကျပ်သာ ရခဲ့ပြီး ထိုစဉ်က ဂစ်တာအသစ် တစ်လုံး၏ တန်ဖိုးမှာ ၆၀ ကျပ်ပေးရသည်။

“ဂစ်တာလေး ရလာတော့ ကိုယ်ရသမျှ သီချင်းလေးတွေ၊ ခရစ္စမတ် သီချင်းလေးတွေကို ခဏခဏ တီးတာပေါ့။ ကြာလာတော့ ဂစ်တာက ဆေးတွေ ကွာလာတယ်။ ကျွန်တော်က ဆေးတွေကို ကော်ပတ်နဲ့တိုက်၊ ဆေးအသစ် ပြန်သုတ်မယ်ဆိုပြီး သင်္ဘောဆေးတွေ သုတ်လိုက်တာ ဂစ်တာက အသံမထွက်တော့ဘူး” ဟု သူ့ဘဝတွင် ပထမဆုံး ပိုင်ဆိုင်ခဲ့ရသော ဂစ်တာလေးနှင့် ပတ်သက်သော အမှတ်တရ အဖြစ်အပျက်များကို သူကပြန်ပြောင်း ပြောပြသည်။

RIT မှာ

သူကိုးတန်းနှစ် အရောက်တွင် မိဘများက ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့သည်။ ဆယ်တန်းအောင် သောအခါ ရန်ကုန် RIT တွင် Electronic အထူးပြု ဘာသာရပ်ဖြင့် တက်ရောက်ခဲ့သည်။ RIT တွင် နောင်တစ်ချိန် မဇ္ဈိမလှိုင်း အဖွဲ့သားများ ဖြစ်လာမည့် တေးသံရှင် ခင်မောင်တိုး၊ တေးရေး မောင်မောင်တို့နှင့် သူသိကျွမ်းခဲ့ရသည်။ “သူတို့က ကျွန်တော့်ထက် RIT ရောက်တာ စောတယ်။ ရောက်ရောက်ချင်းတော့ သူတို့နဲ့ မသိသေးဘူး။ သူတို့အုပ်စုက သူငယ်ချင်းတွေနဲ့ အဆောင်တွေမှာ တယောထိုး၊ ဂစ်တာတီးပြီး သီချင်းဆိုကြတယ်။ ကျွန်တော်ကလည်း အင်းစိန်မှာ သူငယ်ချင်းတွေနဲ့ တီးပေါ့။ သူတို့ အဆောင်တွေမှာ တီးတဲ့အချိန်မှာ ကိုယ်တွေက သွားနားထောင်ပေါ့” ဟု ကျောင်းသားဘဝ အမှတ်တရ များကို ဖွင့်ဟသည်။

တက္ကသိုလ် တက်နေဆဲ အချိန်တွင်ပင် E.Machine တီးဝိုင်းတွင် Bass ဂစ်တာသမားအဖြစ် သူပါဝင် တီးခတ်ခဲ့ပြီး တေးသံရှင် စိုးပိုင်၊ မင်းမင်းလတ်တို့နှင့် ခင်မင်ခဲ့ရသလို တေးသံရှင် ခင်မောင်တိုး၊ တေးရေး ကိုမောင်မောင် တို့နှင့်လည်း တက္ကသိုလ် အပြင်ဆောင်တွင် အတွဲမိနေကြပြီ ဖြစ်သည်။ ကျောင်းတွင် သူတို့အဖွဲ့ကို ‘The Problems’ (ပြဿနာအုပ်စု) ဟု အမည်ပေးထားသည်။ ကျောင်းဆောင်တွင် သီချင်းတိုက်ကြ၊ ကော်ပီသီချင်းများ ရေးကြကျင့်ကြရင်းဖြင့် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြသည်။

E.Machine တီးဝိုင်းတွင် သူလေးနှစ်ကြာ တီးခတ်ပြီးနောက် ကိုနေဝင်း၊ ခင်မောင်တိုး၊ ကိုမောင်မောင် တို့နှင့်အတူ The Problems တီးဝိုင်းကို ပူးပေါင်း ဖွဲ့စည်းခဲ့ကြသည်။ ယင်းတီးဝိုင်းမှ နေ၍ တေးသံရှင် ခင်မောင်တိုး၏ ပထမဆုံး တေးစီးရီး ဖြစ်သော ‘ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်’ ကို တီးခတ်ပေးခဲ့သည်။ ထိုစီးရီးမှာ ပရိသတ်များကြား သိပ်မပျံ့နှံ့ခဲ့ပေ။

စာသားဖွဲ့ရာမှာ အားနည်းတယ်

သူဂစ်တာ တီးတတ်စအချိန်က မြန်မာ့အသံတွင် ‘Local Talent’ ပြိုင်ပွဲများ ကျင်းပပေးလေ့ ရှိသည်။ ထိုပြိုင်ပွဲများတွင် အင်္ဂလိပ် သီချင်းများကို ကိုယ်တိုင်သီဆို တီးခတ်၍သော် လည်းကောင်း၊ သူကိုယ်တိုင် ရေးစပ်ထားသော သီချင်းများကို သူငယ်ချင်း တစ်ယောက်က သီဆို၍သော် လည်းကောင်း ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း ဆုတော့မရခဲ့ပေ။ နောက်ပိုင်းတွင် ပြိုင်ပွဲများ ဝင်ရောက် မယှဉ်ပြိုင် တော့သော်လည်း ကော်ပီ သီချင်းလေးများကို မြန်မာ စာသားသွင်းရင်း သီချင်းများ ရေးစပ်နေခဲ့သည်။

သူပထမဆုံး ရေးခဲ့သော သီချင်းမှာ ဗီယက်နမ် စစ်ပွဲကာလ သူ၏ခံစားချက်များကို အင်္ဂလိပ်စာသားဖြင့် ရေးဖွဲ့ထားသော ‘နောက်ဆုံးအိပ်မက်’ သီချင်းဖြစ်သည်။
“အဲဒီအချိန်တုန်းက ဗီယက်နမ် စစ်ပွဲကြောင့် လူ့အသက်တွေ ဆုံးရှုံးနေတာကို စိမ်းမြသစ်ရွက်တွေ ကြွေနေတယ်လို့ တင်စားပြီး ရေးခဲ့တာ။ အင်္ဂလိပ်လို ရေးတာကတော့ အိမ်မှာက ဂါးဒီးယန်း သတင်းစာ အမြဲယူတော့ အင်္ဂလိပ်စာကို ပိုပြီးထိတွေ့သလို ဖြစ်နေတာပေါ့။ သီချင်းကတော့ Round Chord လေးနဲ့ ရေးထားတာပါ။ သီချင်းရေးနေရင်း တစ်နေရာမှာ ဆက်ရေးလို့ မရတော့ ကိုနေဝင်းကို ဆိုပြကြည့်တဲ့အခါ မြန်မာလို ရေးကြည့်ပါလို့ ပြောတော့ မြန်မာလို ပြန်ပြောင်း ရေးခဲ့တာ” ဟု သူပထမဆုံး ရေးစပ်ခဲ့သော သီချင်းအကြောင်းကို ပြောပြသည်။

ထိုသီချင်းမှာ ယနေ့ကာလအထိ ဂစ်တာတီးသင်စ လူငယ်များအတွက် အသုံးတည့်နေသော သီချင်း ဖြစ်ခဲ့သည်ဟု သူကဆိုသည်။ သီချင်းရေးစ ကာလများတွင် စာသားဖွဲ့မှု ကျွမ်းကျင်အောင် လေ့ကျင့်သည့် အနေနှင့် ကော်ပီသံစဉ်များကို မြန်မာစာသားများ ထည့်သွင်း ရေးစပ်ခဲ့ပြီး နောက်ပိုင်းတွင်မူ ကိုယ်ပိုင်သံစဉ် သီချင်းကို ပိုမိုရေးဖွဲ့ ဖြစ်ခဲ့သည်ဟု သူကပြောပြသည်။

သီချင်းများ ရေးဖွဲ့ရာတွင် သူ့အတွက် အခက်အခဲမှာ သီချင်းစာသားများ ရရှိရန် အချိန်ကြာကြာ စဉ်းစားရခြင်းပင် ဖြစ်သည်ဟု သူကဆိုသည်။ တေးရေး ကိုနောင်း၊ ကိုမောင်မောင် (အဉ္ဇလီ) တို့လောက် စာသား ရေးဖွဲ့ရာတွင် မသွက်သည့်အတွက် အချို့သီချင်းများကို သူကသံစဉ်ရှာပြီး ကိုနေဝင်း၊ ကိုမောင်မောင်တို့က စာသားရေးဖွဲ့ ပေးခဲ့သည်။

သူရေးဖွဲ့ခဲ့သော သီချင်းများကို တေးသံရှင် ဖိုးချို၊ စိုးလွင်လွင်၊ မွန်းအောင်တို့က သီဆိုခဲ့ကြသည်။ တေးရေး ဆရာမောင်သစ်မင်း၏ စာသားများကို သူကသံစဉ် ထည့်သွင်းပေးထားသည့် တေးသံရှင် မွန်းအောင်၊ စိုးပိုင်၊ ခင်မောင်တိုး၊ မီမီဝင်းဖေတို့ သီဆိုခဲ့ကြသော သီချင်းများမှာလည်း အောင်မြင်မှု ရရှိခဲ့သည်။

မဇ္ဈိမလှိုင်း

ခင်မောင်တိုး၏ ပထမဆုံးစီးရီး ဖြစ်သော ‘ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်’ ထွက်ရှိပြီးနောက် ဘော်တွင်းတွင် အလုပ်လုပ်ရန်အတွက် သူထွက်ခွာ သွားခဲ့သည်။ ထိုအချိန်တွင် တေးရေးမောင်မောင် (အဉ္စလီ) မှာ မန္တလေးမြို့တွင် Medium Wave Music Lab ဆိုပြီး ဂစ်တာသင်တန်းတစ်ခု ဖွင့်နေခဲ့သည်။ သူတို့ ပထမဆုံး ဖွဲ့စည်းခဲ့သော The Problems တီးဝိုင်းတွင် လူအပြောင်းအလဲများ ရှိလာပြီး ယင်းနာမည်မှ လိစ္ဆဝီများဟူသော အမည်သို့ ပြောင်းလဲခဲ့ပြီး အဉ္စလီအတွက် ဂီတအဉ္စလီ အမည်ရှိ စီးရီးတစ်ခွေ ဖြန့်ချိခဲ့သည်။

ယင်းနောက် တတိယစီးရီး ဖြစ်သော ‘မဟာဆန်သူ’ ကို စီစဉ်ဆောင်ရွက်နေဆဲတွင် သူမန္တလေးသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူငယ်ချင်းများ၏ ဝိုင်းဝန်း တိုက်တွန်းမှုကြောင့် သူမန္တလေးတွင် ဆက်လက်နေထိုင်ပြီး ကိုမောင်မောင်၏ ဂစ်တာသင်တန်းတွင် ကူညီ ပြသပေးခဲ့သည်။ ‘မဟာဆန်သူ’ စီးရီးတွင် တီးဝိုင်းအမည်ကိုလည်း ‘လိစ္ဆဝီများ’ မှ ကိုမောင်မောင်၏ ဂစ်တာသင်တန်းအမည် ဖြစ်သော ‘Medium Wave’ ကို မြန်မာမှုပြု၍ မဇ္ဈိမလှိုင်းဟူသော အမည်ကို ပြောင်းခဲ့သည်။ ထို့နောက်တွင် သူတို့ အဖွဲ့သားအားလုံး လက်တွဲညီညီဖြင့် အောင်မြင်သော တေးစီးရီးများစွာကို ဆက်လက် ဖန်တီးခဲ့ကြသည်။

ဂီတလောကတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ တစိုက်မတ်မတ် သီဆိုရင်း တေးသံရှင် ခင်မောင်တိုးမှာ အနုပညာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို မဇ္ဈိမလှိုင်း တီးဝိုင်းမှာလည်း အောင်မြင်သော တီးဝိုင်း အဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့သည်။ “ကျွန်တော်တို့ ထိုးဖောက်ခဲ့တဲ့ လမ်းမှာ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး လက်တွဲညီညီနဲ့ ဆက်လက် လျှောက်လှမ်းခဲ့ကြတယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီးတော့ အားပေးခဲ့ပါတယ်။ ဒီဘက် အင်တာနက်ခေတ် ရောက်လာတဲ့ အခါမှာလည်း ပရိသတ်တွေက အဆိုတော်ရဲ့ အသံ၊ သီချင်းစာသားတွေရဲ့ လေးနက်မှု၊ တီးဝိုင်းအဖွဲ့ရဲ့ တီးခတ်မှု ပုံစံတွေကို ပိုပြီးအားပေးလာကြတာ တွေ့ရပါတယ်” ဟု မဇ္ဈိမလှိုင်း တီးဝိုင်း၏ အောင်မြင်မှုအပေါ် သူ့အမြင်နှင့် သုံးသပ်ပြသည်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြသော ပြည်သူများကို အကူအညီ ပေးနိုင်ရန်အတွက် ဂီတဖြင့် အလှူငွေ ကောက်ခံပြီး ရန်ပုံငွေ ရှာဖွေသည့် ‘လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ ဂီတဖျော်ဖြေရေး အဖွဲ့ကို ၂၀၁၂ ခုနှစ် မေလတွင် သူအပါအဝင် သားထွေး၊ ကိုတိုးလွင် (ဥတ္တရအလင်း) တို့နှင့် စုပေါင်း၍ ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့မှ နေ၍ ရန်ကုန်မြို့နှင့် အညာဒေသများရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် တေးသီချင်း လှည့်လည်သီဆို ဖျော်ဖြေရင်း စစ်ရှောင် ဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် အလှူငွေများ ကောက်ခံခဲ့ကြသည်။

“ကျွန်တော်တို့ စဆိုတုန်းကတော့ ဟော်လို ဂစ်တာလေး တစ်လုံးနဲ့ Unplugged ပုံစံလေး စဆိုခဲ့တာ။ အသံကလည်း သိပ်မကောင်းဘူး။ လက်ဖက်ရည်ဆိုင်ဆိုတော့ လူသံတွေကလည်း ဆူညံနေတာပေါ့။ ဒါပေမဲ့ စိတ်ဝင်တစားနဲ့ လာရောက် နားထောင်တဲ့ ပရိသတ်တွေက အလှူငွေတွေ ထည့်ဝင်ခဲ့ကြတော့ ထင်ထားတာထက် အလှူငွေရခဲ့တယ်။ အဲဒါနဲ့ အသံချဲ့စက်တွေ၊ တခြားလိုတဲ့ ပစ္စည်းလေးတွေ ထပ်ဖြည့်ရင်း လိုက်ဆိုခဲ့ကြတာပေါ” ဟု လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့၏ အစကနဦး ကာလတွင် ကြုံခဲ့ရသော အခက်အခဲများကို သူကပြောပြသည်။

သူတို့အဖွဲ့၏ ဖျော်ဖြေရေး ပွဲများတွင် အာဏာပိုင်များ၏ ပိတ်ပင်တားဆီးမှု များနှင့် ကြုံခဲ့ရသည်ဟု သူကဆိုသည်။ ရန်ကုန်နှင့် နယ်မြို့များရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ဖျော်ဖြေရန် သွားသောအခါ သက်ဆိုင်ရာ အာဏာပိုင်များက ဖျော်ဖြေခွင့် မပေးခဲ့ကြသလို ဖျော်ဖြေခွင့်ပေးသော ဆိုင်ရှင်များကိုလည်း အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းများနှင့် ကြုံခဲ့ရဖူးကြောင်းလည်း သူကပြောပြသည်။ “ဒီအချက်တွေကို ကြည့်ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အုပ်ချုပ်မှုစနစ်က လုံခြုံမှု မရှိဘူးဆိုတာ ပြနေတာပေါ့။ ဥပဒေအတိုင်း တားမြစ်တာ မဟုတ်ဘဲ ဖျော်ဖြေခွင့် ပိတ်ပင်ခံ ခဲ့ရတာပေါ့။ နေရာတိုင်းမှာ ပိတ်ပင်တာတော့ မဟုတ်ဘူးပေါ့။ တချို့ နေရာတွေ ကျတော့လည်း မပိတ်ပင်ပါဘူး” ဟု ဖျော်ဖြေရေး ခရီးစဉ်များတွင် ကြုံခဲ့ရသော အာဏာပိုင်များ၏ ပိတ်ပင်မှုများအပေါ် သူ့အမြင်ကို ဖွင့်ဟသည်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ကို စတင်တည်ထောင်သည့် ကာလမှသည် ယခုအချိန်အထိ ရရှိ သော လှူဒါန်းငွေများကို နာရေးကူညီမှုအသင်း၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များနှင့် ကချင်ပြည်နယ်ရှိ စစ်ရှောင် ဒုက္ခသည်များအတွက် ‘ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း’ မှတစ်ဆင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ချစ်ခင်မှုကို ပြတယ်

ကချင်နှင့် ရခိုင်ဒေသရှိ ဒုက္ခသည်များအတွက် သူတတ်ကျွမ်းသော ဂီတအနုပညာဖြင့် တစ်ဖက် တစ်လမ်းမှ ကူညီပေးခဲ့သည့်အတွက် ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများက ဂုဏ်ပြုပေးအပ်သည့် ၂၀၁၃ ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုများ ပေးအပ်ပွဲတွင် ပြည်သူ့ဂုဏ်ရည် အထူးဆုကို သူရရှိခဲ့သည်။ “ဒီလိုဆုရတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ဒီဆုက ကျွန်တော့်အပေါ်မှာ သူတို့ချစ်ခင်မှု ရှိတယ်။ ကျွန်တော် တတ်စွမ်းသမျှ လုပ်ဆောင်ခဲ့တာ လေးတွေကို အသိအမှတ်ပြုလို့ ပေးတယ်လို့ပဲ မြင်ပါတယ်” ဟု ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခြင်းအပေါ် သူ၏ခံစားမှုကို ဖွင့်ဟသည်။

ပန်းပျိုးလက်

ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများရှိ ပြည်သူများကို အကူအညီ ပေးနိုင်ရန်အတွက် ပရိသတ်တွေဆီက အလှူငွေများ ကောက်ခံ ခဲ့ရသလို ကိုယ့်ဘက်ကလည်း တစ်ခုခု ပြန်ပေးချင် သည့်အတွက် စဉ်းစားသောအခါ ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ပျိုးပင်ပေါက်လေးများကို လက်ဆောင် ပြန်ပေးဖို့ စိတ်ကူးရခဲ့သည်။ ယင်းစိတ်ကူးမှာ အင်းစိန် ကြို့ကုန်းရှိ အစ်မဖြစ်သူ၏ ခြံတွင် နေထိုင်စဉ်ရခဲ့ခြင်း ဖြစ်သည်ဟု သူကဆိုသည်။

ပျိုးပင်ပေါက်လေးများ ပျိုးရန်အတွက် ပျိုးထုပ်လေးများ၊ ဘူးစေ့၊ ချဉ်ပေါင်စေ့ကဲ့သို့ ဟင်းသီးဟင်းရွက် ပင်များ၏ မျိုးစေ့များကိုလည်း ပြင်ပမှ ဝယ်ယူ၍ အပင်လေး တွေ ဖြစ်အောင် ပျိုးသည်။ ရရှိလာသော ပျိုးပင်ပေါက်လေးများကို အင်းလျား ကန်ဘောင်ရှိ စားသောက်ဆိုင်တန်းတွင် ပရိသတ်များကို သီချင်းဖြင့် ဖျော်ဖြေရင်း ပျိုးပင်ပေါက်များကို လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ခဲ့သည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်သည်။ ထို့ပြင် နာရေးကူညီမှုအသင်းမှ တစ်ဆင့်အပင် စိုက်ပျိုးလိုသော သူများကို ပျိုးပင်ပေါက်များ ဝေငှပေးခဲ့သည်။

ပျိုးပင်တွေပျိုးရင်း သီချင်းဆက်ဆိုမယ်

ပဋိပက္ခ ဒေသများရှိ ဒုက္ခသည်များအတွက် သီချင်းတွေဆိုရင်း အလှူငွေ ရှာခဲ့သူ၊ အလှူငွေ ထည့်ဝင်သည့် ပရိသတ်များကို လက်ဆောင်အဖြစ်ရော၊ ကမ္ဘာမြေ စိမ်းလန်းရေးအတွက်ပါ ပျိုးပင်ပေါက်လေးများကို ပြန်လည် ပေးခဲ့သော သူကဆက်လက်၍လည်း အပင်တွေပျိုးရင်း သီချင်းတွေ ဆက်ဆိုသွားမည် ဖြစ်ကြောင်း အောက်ပါအတိုင်း ပြောပြသည်။

“ဒုက္ခသည်တွေအတွက် အကူအညီရဖို့ ပန်းရဲ့လမ်း အဖွဲ့နဲ့ အလှူငွေတွေ ဆက်လက် ရှာဖွေသွားမှာ ဖြစ်သလို ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ပန်းပျိုးလက်အမည်နဲ့ ပျိုးပင်လေးတွေ ဆက်ပျိုးသွားမယ်”

Written by  သန့်ဇင်ဦး - The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ