အသက်မပြည့် ပြည့်တန်ဆာနှင့် ဆက်ဆံမှုဖြင့် ဘန်ဇီးမားနှင့် ရစ်ဘာရီ တရားစွဲဆိုခံရ



ဘိုင်ယန်မြူးနစ် တောင်ပံလူ ရစ်ဘာရီနှင့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီးမားတို့သည် အဆိုပါ စွဲချက်အတွက် တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းရမှုကို (၃)နှစ်ကြာအောင် ရွှေ့ဆိုင်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့ ရင်ဆိုင်လာရခြင်းဖြစ် 
ပြင်သစ် လက်ရွေးစင် ဘောလုံးသမား နှစ်ဦးဖြစ်သော ဖရန့်ခ်ရစ်ဘာရီနှင့် ကီရင် ဘန်ဇီးမားတို့သည် အသက်မပြည့်သေးသည့် ပြည့်တန်ဆာ တစ်ဦးနှင့် ဆက်ဆံခဲ့မှုအတွက် တရားရုံးတွင် အစစ်ဆေး ခံခဲ့ရကြောင်း သိရှိရသည်။ ဘိုင်ယန်မြူးနစ် တောင်ပံလူ ရစ်ဘာရီနှင့် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီးမားတို့သည် အဆိုပါ စွဲချက်အတွက် တရားရုံးတွင် ရင်ဆိုင် ဖြေရှင်းရမှုကို (၃)နှစ်ကြာအောင် ရွှေ့ဆိုင်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ လက်တွေ့ ရင်ဆိုင်လာရခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် အယ်လ်ဂျီးရီးယန်းနွယ်ဖွား ဇာဟီရာ ဒီဟာနှင့် ငြိစွန်းခဲ့ခြင်းအတွက် ယခုပြဿနာ ကြုံလာရခြင်း ဖြစ်သည်။

ပြင်သစ် ဥပဒေအရ အသက်မပြည့်သေးသော မိန်းကလေး တစ်ဦးနှင့် အခကြေးငွေ ပေးချေကာ ကာမဆက်ဆံခြင်းသည် မျက်ကွယ်ပြု၍ မရဘဲ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၃)နှစ်၊ သို့မဟုတ် ပေါင်စတာလင် (၄၀၀၀၀)ထိ ချမှတ်ခြင်း ခံရနိုင်သည်။ ဇာဟီရာသည် ယခုအချိန်တွင်မူ ကိုယ်ပိုင် အမှတ်တံဆိပ်နှင့် အမျိုးသမီး အတွင်းခံ အဝတ်အထည်များကို ရောင်းချလျှက် ရှိနေသည်။ အဆိုပါ အရှုပ်အထွေး ပေါ်ပေါက်လာခြင်းသည် (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသော ပြင်သစ် လက်ရွေးစင် အသင်းကို တုန်လှုပ်စေခဲ့ပြီး ထိုစဉ်က ရစ်ဘာရီရော၊ ဘန်ဇီးမားပါ ဇာဟီရာ၏ အသက်မှာ (၁၇)နှစ်သာ ရှိသေးကြောင်း မသိခဲ့ဟု ဝန်ခံထားသည်။

တရားရုံး မှတ်တမ်းများတွင် ဇာဟီရာသည် အသက်(၁၅)နှစ်နှင့် (၁၆)နှစ် အတွင်းကတည်းက ပြည့်တန်ဆာ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ဖောက်သည်များကိုမူ အသက်(၁၈)နှစ်ဟု လိမ်ပြောထားကြောင်း ဖော်ပြထားသည်။ သူမသည် (၂၀၀၉)ခုနှစ်က ပဲရစ်မှ မြူးနစ်သို့ လေယာဉ်ဖြင့် ပျံသန်းသွားကာ ရစ်ဘာရီ၏ အသက်(၂၆)နှစ်ပြည့် မွေးနေ့ ပါတီအတွက် ငှားရမ်းမှုကို လက်ခံခဲ့သည်။ ထိုစဉ်က ရစ်ဘာရီသည် ဇာဟီရာကို ယူရို (၇၀၀) ဝန်ဆောင်ကြေး ပေးခဲ့ကြောင်း သိရသည်။ ရစ်ဘာရီသည် အစ္စလာမ် ဘာသာဝင်အဖြစ် ကူးပြောင်းခံယူထားပြီး မိသားစုကို တွယ်တာသူ တစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရသူ တစ်ဦးဖြစ်သော်လည်း ဇာဟီရာ ကိစ္စကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ရစ်ဘာရီကမူ မိမိသည် ဇာဟီရာကို အသက်မပြည့်ကြောင်းရော၊ ပြည့်တန်ဆာ တစ်ဦးဟုပါ မသိခဲ့ဘဲ လေဆိပ်ထိ တက္ကစီ စီးသွားရန် ယူရို(၂၀၀)သာ ပေးအပ်ခဲ့ကြောင်း ပြောဆိုထားသည်။ ရစ်ဘာရီ၏ ရှေ့နေဖြစ်သူ ကားလို့စ် အယ်လ်ဘာတို ဘရူဆာက မိမိ၏ အမှုသည်မှာ အပြစ်ကင်းသော်လည်း ယင်းကို တရားခွင်တွင် လက်တွေ့ ထုတ်ပြနိုင်ရန် ကြိုးစားမည်ဟု ဆိုသည်။ "ပြင်သစ် ဥပဒေမှာ မိန်းကလေး တစ်ယောက်နဲ့ ချစ်တင်းနှီးနှောပြီး ဒီအတွက် ငွေကြေးပေးချေတယ် ဆိုတာမျိုးကို တားမြစ်မထားဘူး။ တားမြစ်ထားတဲ့ အချက်ကတော့ အသက်မပြည့်သေးဘူး ဆိုရင် လက်ခံလို့ မရဘူး ဆိုတာပဲ။ ဒါပေမဲ့ ဥရောပ တလွှားကို လေယာဉ်နဲ့ လျှောက်သွားနေတဲ့ မိန်းကလေး တစ်ယောက်ကို အသက်မပြည့်သေးဘူးလို့ ဘယ်သူက အသက်မပြည့်ဘူးလို့ ထင်မှာတဲ့လဲ"ဟု ၎င်းက ထောက်ပြခဲ့သည်။

ဘန်ဇီးမားသည် (၂၀၀၈)ခုနှစ်၊ မေလက ဒီဟာတွင် ဇာဟီရာနှင့် ဆုံဖူးပြီး ယူရို(၅၀၀) ပေးချေကာ ပျော်ပါးဖူးကြောင်း စွပ်စွဲခံထားရပြီး ယင်းကို ကစားသမားက ငြင်းဆိုထားသည်။ ပြင်သစ်တွင် အမျိုးသမီးများ အရွယ်ရောက်သည့် အသက်အရွယ်ကို (၁၅)နှစ်ဟု သတ်မှတ်လက်ခံ ပေးထားသော်လည်း ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးမှုကိုမူ အသက်(၁၈)နှစ် မတိုင်မီ ပြုလုပ်ပါက ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရသည်။

Source: DailyMail

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ