ကိုယ်ပိုင် အတွေးအခေါ်၊ ရပ်တည်ချက် မရှိတဲ့ ယောက်ျားကို အိမ်ထောင်ဖက်အဖြစ် မရွေးသင့်ဘူး ဝိုင်းစုခိုင်သိန်း


မကြာခင် တစ်ကိုယ်တော် Album ထွက်ရှိတော့မှာ ဖြစ်သလို ချစ်ခင်ကြင်နာသူနဲ့ ရွှေလက်တွဲတော့မယ့် သရုပ်ဆောင် တေးသံရှင် ဝိုင်းစုခိုင်သိန်းကို 8Days Cover အနေနဲ့ ရွေးချယ် ရိုက်ကူးခဲ့ပါတယ်။ 8Days Cover ကို စိတ်ရှည်လက်ရှည်နဲ့ ရိုက်ကူးပေးခဲ့သလို Cover Star Interview မှာလည်း ခံစားချက် မှန်သမျှကို အခုလိုပဲ ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

ဝိုင်းစုပရိသတ်က မျှော်လင့်နေတဲ့ “အာဘွား” စီးရီးကရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။

တစ်ကိုယ်တော် “အာဘွား” စီးရီးအတွက် အသံစသွင်းပါနေပြီ။ ပထမကတော့ ဝိုင်းစုက စုံတွဲခွေ ထုတ်ဖို့အတွက် စီစဉ်ထားတာပါ။ ပရိသတ်ကလည်း စုံတွဲစီးရီးခွေ တောင်းဆိုတာကိုး။ ဒါပေမဲ့ “အာဘွား” စီးရီးအတွက်က အစောကြီး ကြိုပြီးနေတာ။ အကုန်လုံးက အသံသွင်းဖို့ အဆင်သင့် ဖြစ်နေပြီလေ။ ရတဲ့သီချင်းတွေ အားလုံးအတွက်ကိုတော့ အသံသွင်းထားမယ်။ “အာဘွား” စီးရီးအတွက်ရော၊ စုံတွဲ စီးရီးခွေ အတွက်ကိုရောပေါ့။ ဝိုင်းစုနဲ့ အမျိုးသားအဆိုတော် (၁၄) ယောက် တွဲဆိုထားတဲ့ စုံတွဲစီးရီး ထွက်တော့မယ်။ ဒါကြောင့် ဒီကြားထဲမှာ “အာဘွား” စီးရီးကို အမြန်ဆုံး ပြီးဆုံးအောင် လုပ်ပြီး (၁၂) လပိုင်း မကုန်ခင်လောက်တော့ ထွက်ရှိအောင် လုပ်တော့မှာပါ။

“အာဘွား” ဆိုပြီး စီးရီး Title ပေးဖြစ်ခဲ့တဲ့ အဓိပ္ပာယ်ကရော..

ဝိုင်းစုက ရှိုးတွေတိုင်းမှာ ပရိသတ်ကို “အာဘွား” ဆိုပြီး နှုတ်ဆက်လေ့ ရှိတာကို ဝိုင်းစုရဲ့ Trade-mark တစ်ခုအနေနဲ့ ဝိုင်းစုရဲ့ တစ်ကိုယ်တော်စီးရီး Title တစ်ခုအနေနဲ့ ပေးဖြစ်လိုက်တာပါ။

ကိုဥက္ကာနဲ့ ဝိုင်းစုတို့ရဲ့ မင်္ဂလာပွဲကို အချိန်ကာလ သတ်မှတ်ထားတာမျိုး ရှိပါပြီလား။

ဒါကတော့ ဝိုင်းစု စဉ်းစားနေတုန်းပါ။ မိန်းကလေးတစ်ယောက်မှာ အိမ်ထောင်ပြုသင့်၊ ပြုထိုက်တဲ့ အသက်အရွယ်ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ပြုဖြစ်မလဲ ဆိုတာကိုတော့ ဝိုင်းစု မဆုံးဖြတ်ရသေးဘူး။ အကယ်၍ ဆုံးဖြတ်တဲ့ အချိန်ကျရင် ဝိုင်းစု ပြောမှာပါ။ ကြိုပြီးပြောလို့ မရသေးဘူး။ အိမ်ထောင်ပြုဖြစ်ဖို့ နီးချင်လည်းနီးမယ်၊ ဝေးချင်လည်းဝေးမယ်။ ဒါပေမဲ့ ဝိုင်းစုအသက်အရွယ်နဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားရမယ့် အရွယ်လည်း ရောက်လာပြီ။

ဝိုင်းစု ရွေးချယ်ခဲ့တဲ့ ဘဝလက်တွဲဖော်ကို ဘယ်လိုစံနှုန်း၊ စံထားတွေနဲ့ ရွေးချယ်ဖြစ်ခဲ့ပါလဲ။

အဓိကကတော့ နားလည်မှု ရှိရမယ်။ နောက်ပြီး နှစ်ဖက် မိသားစု အဆင်ပြေရမယ်။ ကိုယ့်ကိုလည်း သားသမီးအရင်းလို ဖြစ်ရမယ်။ သူနဲ့ တစ်ယောက်တည်း ပေါင်းရမှာတင် မဟုတ်ဘဲနဲ့ မိသားစုအားလုံးနဲ့ ပေါင်းရမှာကိုး။ ဒါကြောင့် အားလုံးနဲ့ အစစအရာရာ အဆင်ပြေရမယ့်သူ ဖြစ်ရမယ်။ ဝိုင်းစုကိုလည်း တကယ်ချစ်ရမယ်။ အနွံတာလည်းခံပြီး ချစ်တဲ့သူ ဖြစ်ရမှာပေါ့။

ဝိုင်းစုရဲ့ အိမ်ထောင်ဖက် ကိုဥက္ကာနဲ့က ဘယ်လို စတင်တွေ့ဖြစ်ခဲ့လဲ။ သူ့အတွက် ဝိုင်းစုက စီးရီးခွေတွေထဲမှာ အမှတ်တရ ဆိုခဲ့တဲ့ သီချင်းတွေ ရှိလား။

၂၀၁၀ ခုနှစ်တုန်းက အမေရိကားမှာ ဝိုင်းစု သီချင်းသွားဆိုရင်းနဲ့ တွေ့ဆုံဖြစ်ခဲ့တာပါ။ သူ့အတွက်ဆိုရင် အမှတ်တရ အနေနဲ့ “မျက်လှည့်” စီးရီးထဲမှာ “ချစ်သူ မရှိတဲ့အချိန်” သီချင်းက သူ့အတွက်ပါ။ နောက်ပြီး ခုထွက်တော့မယ့် “အာဘွား” စီးရီးထဲမှာလည်း ကိုစံပီး ရေးထားတဲ့ သီချင်းကလည်း သူ့အတွက်ပါပဲ။ အဲဒီသီချင်းလေးကို VCD မှာလည်း သူနဲ့တွဲပြီး ရိုက်မှာပါ။ ဝိုင်းစု အမေရိကားကို ဖျော်ဖြေရေး သွားတဲ့အချိန်မှာ ကိုသုံးပေါင်ကို ခေါ်သွားပြီး ကို R ဇာနည်နဲ့ သီချင်းတစ်ပုဒ်၊ နောက်တစ်ပုဒ်ကတော့ သူနဲ့တွဲပြီး ရိုက်ဖြစ်ခဲ့မှာပါ။

အချစ်နဲ့ အိမ်ထောင်ရေးက သပ်သပ်စီလို့ ခံစားမိလား၊ တွဲခံစားဖြစ်ပါလား။

အချစ်တော့ နည်းနည်းပါရမှာပေါ့။ အချစ်မပါဘဲနဲ့တော့ အိမ်ထောင်ပြုဖို့ဆိုတာ ခဲယဉ်းတယ်။ အချစ်မပါရင် အိမ်ထောင်ရေးက မသာယာနိုင်ဘူး။ အဆင်မပြေနိုင်ပါဘူး။

ဘဝမှာ အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်တဲ့ ယောက်ျားတွေက ဘယ်လိုယောက်ျားမျိုးတွေလဲ။

ကိုယ်ပိုင် စဉ်းစားဉာဏ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ကိုယ်ပိုင် ရပ်တည်မှု ရှိတဲ့ ယောက်ျားတစ်ယောက်ကိုပဲ ရွေးချယ်သင့်တယ်။ ကိုယ့်အပေါ် တကယ်ချစ်ရမှာတော့ မပါမဖြစ် ဖြစ်သလို၊ တချို့က ကိုယ့်အပေါ် ချစ်ပြီးတော့ ကိုယ်ပိုင်စဉ်းစားဉာဏ် မရှိဘဲနဲ့ သူများပြောတဲ့ အတိုင်းနားယောင်တတ်တဲ့ ယောက်ျားမျိုး၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ရပ်တည်မှုမရှိတဲ့ ယောက်ျားမျိုးဆိုရင် လုံးဝ မရွေးချယ်သင့်ပါဘူး။

မက်လောက်စရာ သီချင်းလိုမျိုး ခံစားချက်ကို ဖော်ညွှန်းတဲ့ သီချင်းတွေ အများကြီး ပါဝင်တယ်လို့ ခံစားရပါတယ်။ အခုချိန်မှာ အချစ်စစ်ကို တကယ်တွေ့ပြီဆိုတော့ ဝိုင်းစုအနေနဲ့ အချစ်ကို ဘယ်လို နားလည်ထားလဲ။

ကိုယ့်ခံစားချက်လိုမျိုး ဖော်ညွှန်းတဲ့ တချို့သီချင်းတွေ ရှိပါတယ်။ ကိုယ်ကိုယ်တိုင် ပြောပြီးရေးတဲ့ သီချင်းမျိုးတွေ ရှိပါတယ်။ အခုချိန်မှာတော့ အချစ်နဲ့ပတ်သက်ပြီး အေးအေးချမ်းချမ်းလေးပဲ သွားချင်တယ်။ဘဝကိုလည်း အေးအေးချမ်းချမ်း သွားချင်သလို အိမ်ထောင်ဖက်ကိုလည်း အေးအေးချမ်းချမ်းနဲ့ ကိုယ့်ကိုချစ်တဲ့သူကိုပဲ ရွေးချယ်ချင်တယ်။ ပူလောင်တဲ့အရာတွေကို မလိုချင်ဘူး။ ဘယ်သူ့ ထိန်းချုပ်မှု အောက်မှာမှ မသွားချင်ဘူး။ ထိန်းချုပ်မှုအောက်မှာ နေနေတဲ့သူကို မရွေးချယ်ဘူး။

အိမ်ထောင်ပြုပြီးတဲ့နောက် မြန်မာပြည်မှာပဲ နေဖြစ်မလား၊ အမေရိကားကို လိုက်သွားဖြစ်မလား။

အနုပညာသမား တစ်ယောက်က သူ့အနုပညာ အလုပ်ကို စွန့်လွှတ်နိုင်တယ်ဆိုတာ ရှားပါတယ်။ ဝိုင်းစုကတော့ တတ်နိုင်သမျှတော့ လုပ်တော့ လုပ်နေမယ်။ အမေရိကားကို လိုက်သွားခဲ့ရင်တောင် အနုပညာအလုပ်တွေကို ရံဖန်ရံခါ လုပ်နေမှာပါ။ ဝိုင်းစု ကိုယ်တိုင် စီးရီး ထုတ်တာမျိုး၊ ဝိုင်းစုကြိုက်တဲ့ ဇာတ်ကားကောင်းကောင်းမျိုးကို လက်ခံရတာမျိုးပေါ့။ နောက်ပိုင်းတော့ အမေရိကားမှာပဲ အခြေချဖြစ်မယ် ထင်ပါတယ်။

ဘဝမှာ အနိမ့်အမြင့် အတက်အကျတွေနဲ့ စီးမျောလိုက်ပါနေတဲ့ လူသားတစ်ယောက်အနေနဲ့ ဘယ်လို သင်ခန်းစာမျိုးတွေ ရရှိနေပါပြီလဲ။

လူ့ဘဝဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမဲ့ ကံတရားကတော့ ကံကောင်းခြင်း အချိန်က လူ့ဘဝမှာ နှစ်ခါလောက်တော့ ပေးလေ့ ရှိတယ်။ အဲဒီချိန်မှာ ကိုယ်ကယူတတ်ဖို့ပဲ ရှိပါတယ်။ ကိုယ့်ကိုပေးနေတဲ့ ကံတရားကို မယူတတ်ရင်တော့ ဘယ်လိုမှ အဲဒီလူက တိုးတက်မှာ မဟုတ်ဘူး။ နောက်တစ်ခုက ကိုယ့်ဘက်က အမြဲတမ်း ကြိုးစားနေဖို့ လိုပါတယ်။ ကံ၊ စန်း ပေါင်းသွားပြီး ကြိုးစားမှု မပြတ်ရှိရင်တော့ ထိပ်ဆုံးကို ရောက်ရှိသွားမှာပါ။

အင်တာဗျူးရဲ့ နောက်ဆုံးအနေနဲ့ ဝိုင်းစုပရိသတ်ကို ပြောချင်တာများ ရှိပါသေးလား။

ကိုယ်တိုင်လုပ်နေတဲ့ စီးရီးခွေကတော့ အာဘွားနဲ့ အတွဲစီးရီးခွေပေါ့။ နောက်ပြီး ကိုဆောင်းဦးလှိုင်နဲ့ အတွဲစီးရီးခွေ လုပ်နေတယ်။

ဇာတ်ကား ရိုက်တာတွေကတော့ အခုလတ်တလော ဆက်တိုက် ရိုက်ဖြစ်နေတယ်။ ဝိုင်းစုကတော့ တတ်နိုင်သမျှ ကြိုးစားပြီး လုပ်နေပါတယ်။ လိုအပ်ချက်တွေကတော့ အခုချိန်ထိ ရှိနေတုန်းပါပဲ။ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ပရိသတ်အားလုံးကလည်း ဝေဖန်ပေးပါ။ အကြံဉာဏ်တွေ ပေးပါဦး။ ဝိုင်းစုကို အခုချိန်ထိ အားပေးနေတဲ့ပရိသတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်လို့ နှုတ်ဆက်ပါရစေ။

ကလောင် - ထွန်းမြင့်ဇော်

8 Days Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ