ပရီးမီးယားလိဂ်ကို စွန့်ခွာလိုကြောင်း နောက်တစ်ကြိမ် ဖွင့်ဟလာပြန်သည့် ဆွာရက်ဇ်


အင်္ဂလိပ် ပရီးမီးယား လိဂ်မှ ထွက်ခွာရန် ဆန္ဒရှိကြောင်း လူးဝစ်ဆွာရက်ဇ်က နောက်တစ်ကြိမ် ထုတ်ဖော် ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဗြိတိသျှ မီဒီယာများ၏ ဖိအားကြောင့် ပရီးမီးယား လိဂ်ကို ကျောခိုင်း လိုပြီဟု ဝန်ခံဖူးသော ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးက ယခုအခါ နောက်ထပ်တစ်ကြိမ် အန်းဖီးလ် အနာဂတ်ကို ဖျက်သိမ်းလိုသည့် အရိပ်အယောင် စကားမျိုး ပြောဆို လာခြင်းလည်း ဖြစ်သည်။ လက်ရွေးစင် အသင်းနှင့် အတူ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် ဆွာရက်ဇ်သည် ယခု သီတင်းပတ် အတွင်း ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် တွဲကစား လိုကြောင်းလည်း ဝန်ခံ ခဲ့သေးသည်။ ရီးယဲလ်သည် ဆွာရက်ဇ်နှင့် လီဗာပူးလ်၏ အနေအထားကို အလေးအနက် စောင့်ကြည့်လျှက် ရှိသည်။ ဆွာရက်ဇ်သည် ချယ်လ်ဆီး နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ကိုက်မှုဖြင့် လတ်တလောတွင် (၁၀)ပွဲပယ် ပြစ်ဒဏ်ကို ကျခံ နေရသည်။

ဆွာရက်ဇ်က "ကျွန်တော် ဗြိတိန်ကို ရောက်ကတည်းက ဆိုးရွားတဲ့ ခံစားမှုတွေချည်းပဲ။ အဲဒီမှာက ကျွန်တော် ဘယ်လို ဘောလုံး ကစားတယ် ဆိုတာကို အခြေခံ ဆုံးဖြတ်တာ မရှိဘူး။ ကျွန်တော့် ခံယူချက်ကိုပဲ ဝေဖန် နေကြတယ်။ ဒိုင်ဗင်ထိုးတယ်၊ စောဒက တက်တယ်၊ လက်ဟန်ခြေဟန် ဘယ်လို လုပ်ပြတယ်၊ လူမျိုးရေး ခွဲတယ် ဆိုတာတွေချည်းပဲ ရေးကြ၊ ပြောကြတယ်လေ" ဟု RR Gol သို့ ပြောကြားခဲ့သည်။ ၎င်းက "အဲဒီမှာ ကျွန်တော့်အတွက် အကောင်းပြောတာ မရှိဘူး။ အဲဒါကြောင့်လည်း အင်္ဂလန်မှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ရနိုင်တယ်လို့ ကျွန်တော့်ကို ထင်ကြေးပေးတော့ စိတ်မလှုပ်ရှားခဲ့ဘူး။ အင်္ဂလန်မှာ ကျွန်တော် ဆုတစ်ခုခု ရဖို့ဆိုတာ မဖြစ်နိုင်မှန်း သိတယ်လေ" ဟုလည်း ဆိုသည်။

၎င်းက ပက်ထရစ် အီဗရာကို လူမျိုးရေး ခွဲမှုကြောင့် (၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရသည့် မိမိ၏ ဖြစ်ရပ်ကို ဂျွန်တယ်ရီအား (၄)ပွဲသာ ပယ်သည့် ကိစ္စနှင့် နှိုင်းယှဉ်ပြကာ ဝေဖန် သွားသေးသည်။ "ဘာသက်သေ အခိုင်အမာမှ မရှိဘဲ ကျွန်တော့်ကို သူတို့ (၈)ပွဲ ပယ်လိုက်တယ်။ ဒါပေမဲ့ တယ်ရီ ကိစ္စကျတော့ သူတို့မှာ သက်သေရှိတယ်။ နှုတ်ခမ်းက ပြောတဲ့စကားကို အနက် ဖွင့်နိုင်ခဲ့တယ်။ အဲဒီတော့ သူတို့ (၄)ပွဲ ပယ်လိုက်တယ်။ ကျွန်တော်က တောင်အမေရိက သားတစ်ယောက်၊ ဖြစ်ရပ် အားလုံးရဲ့ အခြေအမြစ်က ဒါပဲ ဖြစ်လိမ့်မယ်" ဟုလည်း ဆွာရက်ဇ်က ပြောကြားခဲ့သည်။ ၎င်းက လီဗာပူးလ်ကို ချစ်မြတ်နိုးသော်လည်း ဆက်နေဖြစ်ရန် အာမခံ နိုင်ခြင်း မရှိဟုလည်း ဖွင့်ဟခဲ့သည်။

ကျွန်တော် ဗြိတိန်ကို ရောက်ကတည်းက ဆိုးရွားတဲ့ ခံစားမှုတွေချည်းပဲ။ အဲဒီမှာက ကျွန်တော် ဘယ်လို ဘောလုံး ကစားတယ် ဆိုတာကို အခြေခံ ဆုံးဖြတ်တာ မရှိဘူး။ ကျွန်တော့် ခံယူချက်ကိုပဲ ဝေဖန် နေကြတယ်။ ဒိုင်ဗင်ထိုးတယ်၊ စောဒက တက်တယ်၊ လက်ဟန်ခြေဟန် ဘယ်လို လုပ်ပြတယ်၊ လူမျိုးရေး ခွဲတယ် ဆိုတာတွေချည်းပဲ ရေးကြ၊ ပြောကြတယ်လေ...
ဆွာရက်ဇ်က "လီဗာပူးလ်ဟာ ကျွန်တော် ကစားဖို့ ကလေးဘဝ ကတည်းက အိပ်မက်မက်ခဲ့တဲ့ အသင်း တစ်ခုပါ။ အဲဒီမှာ ကျွန်တော် ထိပ်တန်းအဆင့် ကစားသမားတွေနဲ့ တွဲဖက်ခွင့် ရခဲ့တယ်။ လီဗာပူးလ်နဲ့ ကျွန်တော် နှစ်ပေါင်းများစွာ ဖြတ်သန်း ချင်ခဲ့တာပါ။ သူတို့ကွင်းကြီးက အံ့မခန်းပဲ။ ပရိသတ်ကလည်း သိပ်ကို နှစ်သက်စရာ ကောင်းတယ်။ ပရိသတ်တွေက ကျွန်တော့်ပုံတွေ Tattoo ထိုးထားကြတယ်။ ကျွန်တော် မမျှော်လင့်ထားတဲ့ အရာမျိုးပါ။ အီဗရာနဲ့ ကိစ္စပြီးတော့ လူတွေက ကျွန်တော့်ဆီ လာအားပေးကြတယ်။ ကျွန်တော် အင်မတန် စိတ်ထိခိုက် ခဲ့ပါတယ်။ သူတို့က ပြောတယ်။ ဆွာရက်ဇ်ရေ၊ အားလုံး မေ့ပစ်ပြီး အသင်းမှာ ဆက်နေပါတဲ့။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ကတော့ ထိခိုက် နာကျင်ခဲ့တာတွေကို မေ့ဖို့ ခက်လွန်းပါတယ်။ ကျွန်တော့် မိသားစုကိုလည်း ထိခိုက် ခဲ့တယ်လေ။ လောလောဆယ်တော့ ကျွန်တော့် အေးဂျင့်က စိတ်အေးအေး ထားဖို့ပဲ ပြောပါတယ်။ တကယ်လို့ အပြောင်းအလဲ ဖြစ်လာရင် ခင်ဗျားတို့ မီဒီယာတွေကို အရင်ဆုံး အသိ ပေးမှာပါ" ဟု ပြောကြားသွားသည်။

Ref: Sky Sports

Written by Admin Team  (Soccer Myanmar)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ