တေးရေး၊ တေးဆို ဂျီလတ်နှင့် တွေ့ဆုံခြင်း

တေးရေး၊ တေးဆို ဂျီလတ်နှင့် တွေ့ဆုံခြင်းမကြာခင် ကမှ အစွန်းနှစ်ဖက် တေးစီးရီး ထွက်ရှိ ထားတဲ့ တေးသံရှင် ဂျီလတ်နှင့် တွေ့ဆုံပြီး သူ၏ စီးရီး အခြေအနေ၊ ကိုယ်ပိုင် သံစဉ် သီချင်းများ အပေါ် သူ့အမြင်နှင့် ဂီတလောက၏ လတ်တလော အခြေအနေ များကို The Voice က မေးမြန်း ထားခြင်းဖြစ်သည်။

Voice ။ ။ မကြာခင်က ထွက်ထားတဲ့ ဂျီလတ်ရဲ့ ‘အစွန်းနှစ်ဖက်’ စီးရီးရဲ့ အခြေအနေလေးကနေ စပြောပြပေးပါ။

G.L ။ ။ ဒီခွေကို အခု ကျွန်တော် ဗီစီဒီရိုက်ဖို့ လုပ်နေပြီ။ ဒီလ ကုန်လောက်မှာ စရိုက်ဖြစ်မယ် ထင်တယ်။

Voice ။ ။ ဒီခွေထဲမှာ ပရိသတ်တွေက ဘယ်သီချင်းတွေကို ကြိုက်ကြတယ် ကြားလဲ။

G.L ။ ။ Title Song ဖြစ်တဲ့ ‘အစွန်းနှစ်ဖက်’ ကိုတော့ အားလုံး ကြိုက်ကြတယ်။ နောက်ပြီးတော့ ‘တစ်နေ့တော့’ ကြိုက်ကြတယ်။

Voice ။ ။ နောက်ထပ် လုပ်နေတဲ့ စီးရီးတွေ ဘာတွေရှိလဲ။

G.L ။ ။ အခု လတ်တလောတော့ ကျွန်တော် ဘာမှ မလုပ်ဖြစ်သေးဘူး။ အခုထွက်ထားတဲ့ အစွန်းနှစ်ဖက် ခွေလေးက ပရိသတ်တွေလည်းသိတယ်။ ရောင်းအားအနေနဲ့လည်း အဆင်ပြေတယ်ဆိုတော့ ဗီစီဒီရိုက်ဖို့အတွက် စဉ်းစားနေတယ်။ နောက်ခွေ အတွက်က စတီးနေပြီ။

Voice ။ ။ နောက်ခွေမှာက ပရိသတ်တွေကို ဘယ်လိုသီချင်းပုံစံမျိုးတွေ ချပြမယ်လို့ စဉ်းစားထားလဲ။

G.L ။ ။ နောက်ခွေမှာကလည်း ကျွန်တော် ကြိုက်နေတဲ့ သီချင်းပုံစံတွေပါပဲ။ ခွေတစ်ခွေလုပ်ရင် ကျွန်တော်က အချိန်ယူဖြစ်တယ်။ ဒီအစွန်းနှစ်ဖက်ခွေဆို လေးနှစ်တောင် ကြာတယ်။ အစွန်းနှစ်ဖက် မထွက်ခင်ကတည်းက နောက်ခွေအတွက် အတီးပိုင်းတွေစနေပြီ။ ရှေ့က ခွေတွေနဲ့တော့ ပုံစံအနည်းငယ် ကွဲပြားမယ်။ ကျွန်တော်တီးထားတာ ၁၁ ပုဒ်လောက်ရှိပြီ။ ဒါပေမဲ့ ကျွန်တော် ဆက်တီးဦးမှာ။ နောက်စီးရီးအတွက် တစ်နှစ်ခွဲလောက် အချိန်ယူဦးမှာဆိုတော့ အဲဒီ အတောအတွင်းမှာ ဘယ်လို သီချင်းမျိုးတွေ အကြိုက်တွေ့ဦးမလဲ မသိသေးဘူး။

Voice ။ ။ ဒီခွေမှာက သီချင်းတွေက Copy နဲ့ Own Tune ဘယ်ဟာပိုများလဲ။

G.L ။ ။ နောက်ပိုင်း ကျွန်တော် Own Tune တွေ လုပ်ဖြစ်တာ များတယ်ဗျ။ Own Tune လုပ်ရတာကို ပိုအရသာ တွေ့နေတယ်။ အခုကိုယ်ပိုင် Band နဲ့ ကိုယ်ပိုင် သံစဉ်သီချင်းတွေပဲ လုပ်ဖြစ်တာ များတယ်။ Voice ။ ။ ကိုယ်ပိုင်သံစဉ်တွေ ဖန်တီးရတာကို ပိုကြိုက်လာတာက ဘာကြောင့်လဲ။

G.L ။ ။ ဒါကတော့ ရှင်းပါတယ်။ ခေတ်က တောင်းဆိုရင် အဲ့ဒီဘက်ကိုပဲ လိုက်ကြ ရတာပဲ။ ပရိသတ်တွေက နောက်ပိုင်းမှာ Own Tune ကို ပိုပြီး တောင်းဆိုလာကြတယ်။ Copy တွေ ပေါ်ခဲ့တာကလည်း ခေတ်ကတောင်းဆိုလို့ ပေါ်ခဲ့တာပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း Own Tune လုပ်ရတာ ပိုကြိုက်လာတယ်။ ဒီလိုလုပ်တာက နိုင်ငံတကာကို ရောင်းဖို့အထိတွေးပြီး လုပ်တာတော့ မဟုတ်ဘူး။ ဒီလို ပွင့်လင်းမြင်သာလာတဲ့ အချိန်မှာ တခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို အာရုံစိုက် လာတော့ အရေးအကြောင်းရှိလို့ မင်းဘာတွေဆိုလဲ မေးတဲ့အခါ ဒါတွေဆိုပါတယ်ဆိုပြီး Copy သီချင်း တွေ ထုတ်ပြလိုက်ရင် ဟာ မင်း Cover Version တွေ ဆိုတာလားလို့ ပြောလိမ့်မယ်။ သူတို့က Copy လို့ မပြောဘူး။ သူတို့က Copy ဆိုတဲ့လူကို Professional လို့မသတ်မှတ်ဘူး။ ဒီလို ကိုယ်ပိုင်သံစဉ် သီချင်းတွေ ထုတ်ပြနိုင်ခြင်း မပြနိုင်ခြင်းက တစ်ကိစ္စပေါ့။ ကျွန်တော်တို့လည်း အများကြီး လုပ်နိုင်တာ မဟုတ်ပါဘူး။ အနုပညာသမားဆိုတာက အချိန်အကန့် အသတ်ရှိတာကိုး။ ဒီအတောအတွင်းမှာ ကိုယ်ပိုင်ဟာလေးတွေ လုပ်ကြည့်သွားချင်တဲ့ သဘောပါ။

Voice ။ ။ ကိုယ်ပိုင်သံစဉ်တွေ ပိုပြီး ဖန်တီးဖြစ်လာတာက မကြာခင် ကျင့်သုံးတော့မယ့် မူပိုင်ခွင့် ဥပဒေကြောင့်ရော ပါမလား။

G.L ။ ။ ကိုယ်ပိုင်သံစဉ်တွေ လုပ်ဖြစ်တာက ဒီမူပိုင်ခွင့်ဥပဒေ မတိုင်ခင်ကတည်းက သန္ဓေတည်ခဲ့တယ်လို့ ထင်တယ်။ မူပိုင်ခွင့် စမှာမို့လို့ ကျွန်တော်တို့ အနုပညာသမားတွေက ကိုယ်ပိုင်သံစဉ်ဘက်ကို ပြောင်းတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင်က ဒီလို ဖြစ်ချင်လာတာ။ ခေတ်ကလည်း အဲဒီဘက်ကို တောင်းဆိုလာတာ။ ကျွန်တော်တို့ရှေ့မှာ Copy ဆိုခဲ့တဲ့ အဆိုတော်ကြီးတွေကလည်း သူတို့ကိုယ်တိုင်လည်း ဒီကိုယ်ပိုင်သံစဉ် ဘက်ကို ပြောင်းလာတယ်။ နောက်လာမယ့် မျိုးဆက်တွေကလည်း အဲဒီဘက်ကိုပဲ ဦးတည်သွားလိမ့်မယ်။

Voice ။ ။ Copy သီချင်းနဲ့ Own Tune သီချင်း ဆိုတဲ့နေရာမှာ ခံစားချက်က ဘယ်လို ကွာခြားလဲ။

G.L ။ ။တချို့ လူတွေက ပွဲတွေမှာ Copy ပဲ ဆိုနေတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ နစ်နာ တာကျတော့ ဆိုတဲ့သူက နစ်နာတယ်။ တေးရေးကို သီချင်း အပ်တဲ့အခါ Copy မို့လို့ အနုပညာကြေး လျှော့ပြီး ပေးရတာ မဟုတ်ဘူး။ တီးဝိုင်း ကလည်း Copy မို့လို့ လျှော့ယူ လိုက်မယ်။ စတူဒီယို ကလည်း Copy မို့လို့ ဘယ်လောက်ပဲ ပေးလို့ တောင်းတာ မဟုတ်ဘူး။ Copy ဖြစ်စေ၊ Own Tune ဖြစ်စေ အဆိုတော် တစ်ယောက် အတွက် အားစိုက် ထုတ်ရတဲ့ ငွေရေး ကြေးရေးနဲ့ အချိန်က အတူတူပဲ။ ပရိသတ် ကျတော့ Copy ဆိုတဲ့ တစ်ခုတည်းနဲ့ ပယ်ချ လိုက်တယ်။ ဒါပေမဲ့ ဒါကိုအပြစ် ပြောလို့တော့ မရဘူး။ Copy ဖြစ်ဖြစ်၊ Own Tune ဖြစ်ဖြစ် အားထုတ် ရတာချင်း တူပေမယ့် ပရိသတ်ရဲ့ အမြင်မှာကျတော့ ပြောင်းလဲ သွားတယ်။ နောက်တစ်ခုက ကျွန်တော့် ဟာလေးကို ကျွန်တော် ပိုင်ချင်တဲ့ သဘောပေါ့။ Own Tune မှာက ကိုယ်ကိုယ်တိုင် Create လုပ်ထား တာလေးတွေ ပါတယ်။ နောက်အနှစ် ငါးဆယ်ကြာရင် ကြာသွား နိုင်ပေမယ့် ဒါကတော့ ဂျီလတ် Create လုပ်ထားတာ လေးဆိုပြီး ဖြစ်ချင်လာတယ်။

Voice ။ ။ ကိုယ်ပိုင်သံစဉ်သီချင်း တစ်ပုဒ်ရဖို့ တေးသံရှင်တစ်ယောက်ရဲ့ အားစိုက်ထုတ်မှုက အများကြီးလေ။ ဒီလိုသီချင်းတွေကို ရုပ်သံလိုင်းအချို့က ခွင့်မတောင်းဘဲ အသုံးပြုကြတဲ့ ဖြစ်ရပ်တွေ ရှိလာတဲ့အပေါ် ဂျီလတ်အမြင်က ဘယ်လိုရှိလဲ။

G.L ။ ။ ကျွန်တော်တို့ သီချင်းတွေကို ဆိုတဲ့နေရာမှာ အဆိုပြိုင်ပွဲတွေမှာ ဆိုတာ ကျွန်တော် ဘာမှမပြောဘူး။ တစ်ခုက အဆိုပြိုင်ပွဲဆိုတာ အခြားသူရဲ့ သီချင်းတွေနဲ့ ပြိုင်ရတာ။ ဒါပေမဲ့ အခြားသော အကြောင်းကြောင်းနဲ့ ထုတ်လွှင့်တဲ့အပိုင်းတွေမှာတော့ ဆိုတဲ့သူကို ပြောဖို့လိုတယ်။ အဆိုတော်တိုင်းမှာ ပရိသတ်အားလုံးသိတဲ့ သီချင်းတွေရှိတယ်။ ဥပမာ- ညမွှေးပန်းလို သီချင်းမျိုးတွေ အဲဒီလိုသီချင်းတွေကို တေးရေးဆရာနဲ့ ညှိပြီး လွှင့်စေချင်တယ်။ အခု ‘သအို’ သင်ခန်းစာခွေ ထွက်တယ်။ အဲ့ဒီသီချင်းကို တခြားတစ်ယောက်က ဆိုပြီး Live လွှင့်လိုက်တယ်။ သူ့ခွေက အခုမှ ထွက်ကာစ ရှိသေးတဲ့အတွက် ဗီစီဒီ မရိုက်ရသေး ဘူး။ သူဘယ်လို ရောင်းမှာလဲ ဒီခွေကို။ သအိုက ဒီသီချင်းကို သူဆိုချင်လို့ အပ်ခဲ့တာ။ သူ့အားထုတ်မှုနဲ့ ဖန်တီးထားတယ်။ ကျွန်တော် ပြောချင်တာက မူရင်းအဆိုတော်ရဲ့ ခွေထွက်ပြီး အချိန်ကာလတစ်ခု ရောက်တဲ့အခါ တိုင်ပင်ညှိနှိုင်းပြီး ဆိုပါ။ ပြဿနာမရှိဘူး။ ဒါပေမဲ့ လတ်တလော ထွက်ထားတဲ့ သီချင်းတွေဆိုရင်တော့ မူရင်းအဆိုတော်တွေအတွက် ရပ်တည်ရတာ ခက်ခဲနိုင်တယ်ဗျ။ မူရင်းအဆိုတော်ရဲ့သီချင်းကို တခြားတစ်ယောက်က ခွင့်မတောင်းဘဲဆိုရင် သူ့သီချင်းတွေကိုလည်း သူ့နောက်ကလူက ဒီလိုထပ်လုပ်ရင် ဘယ်လိုမှ သီချင်းကောင်းတွေ၊ အဆင့်မြင့်တဲ့ သီချင်းတွေ ပေါ်မလာ နိုင်တော့ဘူး။ သူများသီချင်းနဲ့သာ ပိုက်ဆံရှာလို့ရတယ် ဆိုတဲ့အသိ ကျွန်တော်တို့ဆီ ဝင်လာရင် ကျွန်တော်တို့လည်း ခွေမထုတ်တော့ဘူး။ လေးဖြူတို့၊ အငဲတို့၊ မျိုးကြီးတို့ ထွက်လာမယ့် ခွေတွေကို စောင့်ပြီးတော့ ဆိုမှာပေါ့။

Voice ။ ။ မြန်မာနိုင်ငံမှာ မကြာခင် ကျင့်သုံးတော့မယ့် မူပိုင်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး ဂျီလတ်ရဲ့ ခံစားမှုက ဘယ်လိုရှိလဲ။

G.L ။ ။ မူပိုင်ခွင့်ဥပဒေ ပေါ်လာရင် ကိုယ့်ပစ္စည်းကိုယ် ကာကွယ်နိုင်မှာပေါ့။ ကျွန်တော်ကတော့ သဘောကျတယ်။

Voice ။ ။ ဒီကတေးသံရှင်တွေက မူပိုင်ခွင့် အကြောင်းပြောနေပေမယ့် သူတို့ဆိုတဲ့ သီချင်းတွေ ကျတော့ Copy ပါပဲဆိုတဲ့ ပရိသတ်အချို့ရဲ့ အမြင်အပေါ်မှာရော ဂျီလတ်ဘာပြောချင်လဲ။

G.L ။ ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်နီးစပ်ရာကို ဖြေရှင်းပေးတယ်။ ဒါအများနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် ကျွန်တော် သိပ်မပြောတာပါ။ သဘောတစ်ခုက ကေအေတီ ရေးတဲ့သီချင်းကို သူများ တစ်ယောက်က အသိမပေးဘဲ ဆိုတယ်။ သူရေးထားတဲ့ သီချင်းက Copy ကြီးပါလို့ ပြောရုံနဲ့မပြီးဘူး။ သူဆိုတဲ့ သီချင်းက မူရင်းအင်္ဂလိပ်လို ဆိုတာလား။

ကေအေတီ ရေးထား တဲ့ စာသားအတိုင်း ဆိုတာလား အရေးကြီးတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ တိုင်းပြည်မှာ ဘာသာပြန် စာအုပ်တွေ အများကြီး ရှိတယ်။ စာအုပ်ဆိုင်ထဲ ဝင်သွားပြီး မောင်ထွန်းသူ ဘာသာပြန် ထားတဲ့ စာအုပ်ကို Copy ရေးတာပဲ ဆိုပြီး အလကား ယူသွားလို့ မရဘူး။ ဒါဆို စာအုပ်ဆိုင်က ဖမ်းမှာ၊ တရား စွဲမှာပါ။ ဒီသဘောပါပဲ ကျွန်တော်တို့က အမြဲတမ်း ဒီလိုဖြတ်သန်း လာခဲ့ပြီး သွားပြီ။ စာအုပ်စာတမ်း တွေမှာ ဒီအချက်ကို သတိပြုမိပြီး သီချင်းတွေမှာ ကျတော့ ဘာလို့ သတိမပြုမိ ကြတာလဲ။ ဗီဒီယို၊ ရုပ်ရှင်တွေမှာလည်း အိန္ဒိယကားတွေကို မှီငြမ်းပြီး ရိုက်ကူးကြတာတွေ ရှိတယ်။ ဒီအတွက် ပိုက်ဆံပေးပြီး မကြည့်နိုင်ဘူးလို့ ပြောလို့မရဘူး။ သူကြည့်တာက ဒီဇာတ်ကားထဲမှာ ပါတဲ့ အောင်ရဲလင်းကိုကြည့်တာ မဟုတ်ဘူးလား။

ဒီအတွက် ပိုက်ဆံပေးရမယ်။ မောင်ထွန်းသူ ဘာသာပြန်ထားတဲ့ စာအုပ်ပေမယ့် သူဖတ်တဲ့ Myanmar Version အတွက် ပိုက်ဆံပေးရမယ်။ Copy တွေ Own Tune တွေ ခဏဖယ်ထားလိုက်။ ဒီလိုပဲ ကေအေတီ ရေးထားတဲ့ စာသားနဲ့ဆိုရင် သူ့ကို ပိုက်ဆံပေးရမယ်။ သူကလည်း တွေ့ကရာ အလွယ်တကူ လျှောက်ရေးထားတာ မဟုတ်ဘူး။ ဒီသီချင်း အတွက် သူ့ရဲ့ ဥာဏအားထုတ်မှု ရှိတယ်။ Copy တွေ၊ Own Tune တွေကတော့ ခေတ်ရဲ့ တောင်းဆိုမှုနဲ့ သွားလိမ့်မယ်။ Copy တေးရေးဆရာရဲ့ သီချင်းမို့လို့ ပိုက်ဆံပေးစရာ မလိုဘူးဆိုတာ တော်တော် မှားနေတဲ့အတွေး။ မောင်ထွန်းသူရဲ့ ဘာသာပြန်စာအုပ် တစ်အုပ်မှာလည်း သူ့ရဲ့ ကုန်ကျစရိတ် ရှိတယ်။ မောင်ထွန်းသူ ဘာသာပြန်တယ်။ စာအုပ်တွေ ချုပ်ရတယ်။ ပုံနှိပ်တိုက်ကနေ ပို့ရတယ်။ ကေအေတီ ရေးထားပြီး လေးဖြူဆိုတဲ့ သီချင်းတစ်ပုဒ်က ဒီအတိုင်းထုတ်လိုက်တာ မဟုတ်ဘူး။ လေးဖြူက သူ့ပါးစပ်နဲ့ ဆိုရတယ်။Iron Cross နဲ့ တီးရတယ်။ ပြီးမှ ဖြန့်တဲ့အခွေကို လူနားထောင်ကြတာ။ ကျွန်တော်ပြောနေတာက Copy ကိုအားပေးနေတာ မဟုတ်ဘူး။ Copy ဖြစ်ခြင်း၊ မဖြစ်ခြင်းက သူ့ကိစ္စ၊ မင်း သူ့ဟာကိုယူသုံးမယ် ဆိုရင်တော့ ပိုက်ဆံပေးရမယ်။ Voice ။ ။ လက်ရှိ ခိုးကူးခွေတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။

G.L ။ ။ အဲဒါတော့ ကျွန်တော် မမှန်းတတ်ဘူး။ ဒါတွေက ဖမ်းတစ်လှည့်၊ မဖမ်း တစ်လှည့်တွေလား။ ရောင်းတစ်လှည့်၊ မရောင်းတစ်လှည့်တွေလား မသိဘူး။ အနီးအနား တွေ့တဲ့ဆိုင်တွေမှာ မရောင်းကြတော့တာတော့ သတိထားမိတယ်။ ဘယ်နေရာမှာ ဘယ်လိုရောင်း နေကြလဲ ကျွန်တော်မသိဘူး။ ဒါတွေက တားဆီးရအောင် အင်မတန်ခက်ပါတယ်။ ကျွန်တော်တို့ ဂီတလောကကို ပြုပြင်ပြောင်းလဲဖို့ဆို အများကြီး လိုသေးတယ်လို့ ထင်တယ်။ အွန်လိုင်း Website တွေမှာ သီချင်းစီးရီးတွေ တင်ပေးနေတာတွေ ရှိတယ်။ ဒါကတော့ တစ်ခုတော့ရှိတယ်။ အင်တာနက် လည်းသုံးတတ်ဦးမှ Download လည်း ဆွဲတတ်ဦးမှ ဒီသီချင်းတွေကို ရမှာကိုး။ လမ်းဘေးတင် အလွယ်တကူ ရောင်းနေကြတာတွေလည်း ရှိတယ်။ တားရင်တော့ အများကြီးတားရမယ့် သဘောမှာ ရှိပါတယ်။

Voice ။ ။ တေးသံရှင်တွေက မူရင်းခွေတွေ ဝယ်ဖို့ ပြောဆိုကြပေမယ့် ဒီနိုင်ငံရဲ့ လက်ရှိ လူအများစုရဲ့ ဝင်ငွေကြောင့်ရော၊ နောက်ပြီး ခွေတွေမှာက တကယ်ကောင်းတဲ့ သီချင်းက သုံး၊ လေးပုဒ်လောက်ပဲ ပါတဲ့အတွက် မတန်ဘူး ဆိုပြီး လူတော်တော်များများက ခိုးကူးခွေ တွေကိုပဲ ဝယ်နေကြတာ ရှိတယ်လေ။ အဲဒီအပေါ်မှာ ဂျီလတ်ရဲ့ အမြင်နဲ့ သုံးသပ်ပေးပါဦး။

G.L ။ ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ယှဉ်ရင် ကျွန်တော်တို့ မြန်မာပြည်မှာ ရောင်းတဲ့ခွေဈေးက အင်မတန် နည်းတယ်။ ဘန်ကောက်မှာဆို အင်္ဂလိပ် သီချင်းခွေ တစ်ခွေကို ခုနစ်ထောင်လောက် ပေးရတယ်။ ဘန်ကောက်မှာ လူတစ်ယောက်နေ့လယ်စာစားတဲ့ ကုန်ကျစရိတ်က မြန်မာပြည်နဲ့ယှဉ်ရင် အတူတူပါပဲ။ အခြားသော ကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်း တွေရဲ့ဈေးက အတူတူပဲ။ ဒါပေမဲ့ အနုပညာပစ္စည်း တွေမှာတော့ ဈေးမတူပါဘူး။ CD တစ်ချပ်က ဘန်ကောက်မှာ ခုနစ်ထောင်၊ ရှစ်ထောင်ရှိတယ်။ ကျွန်တော်တို့ကော ဝယ်လားဆိုတော့ ကြိုက်တဲ့ခွေတွေ ဝယ်ပါတယ်။ သိမ်းပါတယ်။ ပရိသတ်က မူရင်းခွေကို ခွေတိုင်းဝယ်ကြတာတော့ မဟုတ်ဘူး။ သူတို့ကြိုက်တာ သူတို့ဝယ်တယ်။

ဥပမာ- ကိုလေးဖြူတို့၊ စိုင်းစိုင်းတို့ ခွေတွေဆို မူရင်းခွေ ဝယ်ကြတယ်။ သောင်းဂဏန်း ချီအောင် ရောင်းရပါတယ်။ နောက်တစ်ခု မီဒီယာ စိန်ခေါ်မှုအနေနဲ့က ဒီသီချင်း CD တစ်ချပ်ထက် ပိုကောင်းတဲ့ ဖျော်ဖြေမှုတွေကို ပရိသတ်တွေရဲ့ ယိမ်းယိုင် မှုတွေရှိတယ်။ ခွေတိုင်းကို မူရင်းခွေတွေ ဝယ်ကြပါလို့ ပြောတာမဟုတ်ဘူး။

တကယ်ကြိုက်တဲ့ခွေကိုတော့ မူရင်းခွေဝယ်ကြပါလို့ ပြောချင်တာ။ အဲဒါက လူတစ်ယောက်မှာရှိတဲ့ အနုပညာစိတ်အပေါ် မူတည်တယ်။ မူရင်းခွေဝယ်နိုင်ဖို့က လူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေနဲ့ လည်းဆိုင်ပါတယ်။ ပရိသတ်တွေကို ခိုးကူးခွေ မဝယ်ကြနဲ့လို့ ပြောလို့မရဘူး။ ဒီကိစ္စက ရောင်းတဲ့လူရှိလို့ ဝယ်တာလား၊ ဝယ်တဲ့လူရှိလို့ ရောင်းတာလားဆိုတဲ့ အဖြေကိုရဖို့က ခက်နေတာ။ မရောင်းအောင် လုပ်နိုင်ရင်တော့ သိပ်မဝယ်ကြတော့ဘူး ထင်တယ်။ ပရိသတ်မှာ ရွေးချယ်ခွင့်ရှိပါတယ်။ ဂျီလတ်ကြိုက်ရင် ဂျီလတ်ဝယ် လိမ့်မယ်။ စိုင်းစိုင်းကြိုက်ရင် စိုင်းစိုင်းဝယ်လိမ့်မယ်။ ကိုယ်ပိုင်ခွေလေးဝယ်ရတဲ့ ပီတိလေး ရစေချင်တာပါ။

 By The Voice Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ