ရဲလေးနှင့် တွေ့ဆုံခြင်း

“ထိပ်ဆုံးမှာအမေ” တေးသီချင်းဖြင့် အောင်မြင်ကျော်ကြားခဲ့သော တေးသံရှင်ရဲလေးကို မန္တလေးမြို့တွင်
 ပြုလုပ်ရန် စီစဉ်ခဲ့သည့် တစ်ကိုယ်တော် ရှိုးပွဲ ဖျက်သိမ်းရခြင်း အကြောင်း၊ သူနောက်ဆုံး ထွက်ရှိထားသော “ရကောက်ဘဝဖြင့် နေထိုင်ခြင်း” စီးရီး အခြေအနေနှင့် ပရိသတ်များ စိတ်ဝင်စား နေကြသည့် ၄င်း၏ မင်္ဂလာပွဲ သတင်းကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice : မန္တလေးမှာလုပ်မယ့် တစ်ကိုယ်တော် ရှိုးပွဲ ဘာကြောင့် ပျက်သွားရတာလဲ။
YL : မန္တလေးပွဲက မတ်လ ၁၆ ရက် နေ့လောက်တည်းက ပါမစ်ကျပြီးသားပါ။ အဲဒီအတွက် ကျွန်တော်လုပ်စရာ ရှိတာတွေ လုပ်တယ်။ စီစဉ်စရာရှိတာတွေ တောက်လျှောက် စီစဉ်တယ်။ ဧပြီလ ၂ ရက်နေ့ ညနေ ၆ နာရီလောက်မှ ပွဲပါမစ် ပြန်သိမ်းတယ်ဆိုတာ ကြားရတော့ တော်တော် အံ့သြသွားတယ်။ ကျွန်တော်အပါအဝင် I.C အဖွဲ့လည်းပါတယ်။ I.C ကလည်း ADMA ကလုပ်တဲ့ ဆီးဂိမ်းအကြို လှုံ့ဆော် ရေးဆိုပြီး လုပ်မလို့။ နှစ်ပွဲလုံးပိတ်လိုက်တယ် ဆိုတော့ ကျွန်တော်အိမ်ကနေ သတ်မှတ် ရက်ထက်စောပြီး ညတွင်းချင်း မန္တလေးကို တက်သွားတယ်။ အကူအညီတောင်းသင့်တဲ့ သူတွေလည်း တောင်းတယ်။ ဒါပေမဲ့ အထက် အမိန့်အရ မန္တလေးတိုင်း ဒေသကြီးမှာ လုံခြုံမှုအရ လုံခြုံရေး မပေးနိုင်တာလည်း ပါမယ်။ နောက်နယ်မြေလုံခြုံမှု အားနည်းနေတဲ့ အတွက် ပွဲကိုလုပ်ခွင့်မပြုဘူး ဆိုပြီး ပွဲမိန့် ပြန်သိမ်းတဲ့ စာရွက်လေးမှာ ရေးထားတယ်။ ဒီလိုဖြစ်သွားတဲ့အတွက် ကျွန်တော်တို့မှာ အနုပညာအရ ဆုံးရှုံးသလို အချိန် ကုန်လူပန်းဖြစ်ပြီး ဘာမှပြန်မရဘဲနဲ့ အရှုံး သက်သက်ကြီး ဖြစ်သွားတယ်။ ဘာမှလည်း ပြောလို့မရ၊ နားလည်းမလည်နိုင် ဘဲနဲ့ အားလုံးအချင်းချင်း နှစ်သိမ့်ပြီး ပြန်လာ ခဲ့ရတယ်။
Voice : ဒီလိုပွဲပျက်သွားတဲ့အတွက် ရဲလေး ဘယ်လိုခံစားရလဲ။ ဘယ်အချိန် လောက် ထပ်လုပ်ဖို့ရှိလဲ။
YL : အမှတ်တရလည်း ဖြစ်ခဲ့ပါတယ်။ အံ့သြလည်းမဆုံးပါဘူး။ မန္တလေးမြို့ကြီး ပေါ်မှာ ကျွန်တော်တို့လည်း ဆိုဖူးနေတာပဲ။ ဒါပေမဲ့ မိတ္ထီလာနဲ့ မန္တလေးက နည်းနည်း ကပ်တဲ့အတွက် သူတို့လည်း နယ်မြေ လုံခြုံရေးအတွက် စိုးရိမ်တယ်ထင်ပါတယ်။ ကျွန်တော် မန္တလေးက စာနယ်ဇင်းတွေ

 ရှေ့မှာ ပြောတော့ပြောခဲ့ ပါသေးတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ အေးဆေးပဲလို့။ စိုင်းစိုင်းပွဲ၊ ကိုစိုးသူပွဲ၊ မိုက်ကယ်လန်းပွဲ၊ ဦဇာဂနာပွဲတွေ အကုန်လုပ်နေတာ ပဲလို့။ အခုလိုဖြစ်သွားတဲ့ အတွက် နားမလည် နိုင်ပါဘူး။ နောက်တစ်ခါ လာလုပ်ပါ ဆိုရင်တောင် ကျွန်တော်တို့က ဘယ်သူ့ကို ယုံကြည်ပြီးတော့ ဘယ်လိုဥပဒေကို ယုံကြည်ပြီး ဘယ်လိုစည်းကမ်းချက်တွေ ကြားမှာ လာလုပ်ရမှာ လဲလို့ ပြောခဲ့တယ်။ ဒီမန္တလေးပွဲကို ကျွန်တော် လုပ်ချင်မှလည်း ပြန်လုပ်တော့မှာ။ ယုံကြည် အားထားရတဲ့လူတွေ ရှိတဲ့အချိန်၊ ယုံကြည်အားထားရတဲ့ ဥပဒေနဲ့ အာမခံချက်ရှိမှသာ လာလုပ်ပါမယ်လို့ ပြောခဲ့တယ်။
Voice : အခု နောက်ဆုံး ထွက်ထားတဲ့“ရကောက်ဘဝဖြင့် နေထိုင်ခြင်း“ စီးရီး အခြေအနေဘယ်လိုရှိလဲ။
YL : ကြိုက်ကြပါတယ်။ ကားကျပ်တဲ့ အကြောင်း၊ Traffic ဖြစ်တဲ့အကြောင်းကို အပြုသဘောဆောင်ပြီး ရေးထားတဲ့ Oh My Car လို သီချင်းမျိုးတွေကြိုက်တယ်။ နောက် လွှမ်းပိုင်နဲ့ ဆိုထားတဲ့ လေဒီတို့၊ အစ္စဏီနဲ့ ဆိုထားတဲ့ သီချင်းတွေလည်း ကြိုက်ကြတယ်။ တစ်နေရာနဲ့ တစ်နေရာ အကြိုက်တော့ မတူဘူးပေါ့။ ရန်ကုန်က တစ်မျိုး၊ မန္တလေးကတစ်မျိုး၊ တောင်ကြီးက တစ်မျိုးစီ ကြိုက်ကြတာပေါ့။ ဒီခွေကို ဗီစီဒီရိုက်ဖို့ အားလုံးက ပြောနေကြတာနဲ့ စရိုက်ဖို့စီစဉ်နေပြီ။ အခုက သင်္ကြန်ပြီးစ ဆိုတော့ တခြားအလုပ်တွေ ရှုပ်နေတာနဲ့ ဖြည်းဖြည်းချင်းတော့ လုပ်သွားမှာ ပေါ့နော်။ အနည်းဆုံးတော့ Audio စီဒီနဲ့တော့ ကိုးလလောက်ခြားပြီး ထွက်ဖို့ စီစဉ်ထားတယ်။
Voice : နှင်းဆီအဖွဲ့ရဲ့ အငြိမ့်တွေမှာ မပါဝင်ဖြစ်တော့တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
YL : နှင်းဆီက ကျွန်တော်လည်း နားချင်နေတာ ကြာပါပြီ။ ဒါကတော့ ကျွန်တော့်ရဲ့ Personal ခံစားချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ နှင်းဆီအမည်နဲ့တော့ ကျွန်တော် မလုပ်ချင်တော့ဘူး။ ကျွန်တော့် အမြင်အရတော့ နှင်းဆီက အိုကေနေပြီ။ တော်တော်လည်း နှင်းဆီ စီးရီးတွေ များနေ ပြီ။ ဥပမာ - ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့စူပါမင်းဆို တစ်ကနေ ငါးအထိပဲ ရှိမယ်။ ခြောက်ဆိုတာမရှိဘူး။ နှင်းဆီ ကတော့ တော်တော်များနေပြီ။ ဒီနှင်းဆီ ကို ကျွန်တော်တို့ အဘိုးကြီးဖြစ်တဲ့ အထိ ကမလားပေါ့။ အဲဒီလိုကြီးတော့ အဓိပ္ပာယ် မရှိဘူး။ ကျွန်တော့်အတွက်က အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်လို့ ခံစားရတဲ့အတွက် ဒီအဖွဲ့ မှာ အငြိမ့်ကခြင်းကို ရပ်ဆိုင်းလိုက်တာ။ အငြိမ့် မကတော့ပေမယ့် ဒီနှင်းဆီအဖွဲ့က လူတွေနဲ့က တခြားလူမှုရေး ကိစ္စတွေနဲ့ အလုပ် ကိစ္စတွေမှာ ညီအစ်ကိုလိုပဲ။ တလောကပဲ နှင်းဆီအဖွဲ့က လူတွေနဲ့ မင်းလေးပါးဆိုတဲ့ ဒဏ်ကြေလိမ်းဆေး ကြော်ငြာ ရိုက်လိုက်သေးတယ်။
Voice : အပြင်မှာ သတင်းတွေ ထွက်နေသလို နှင်းဆီမှာကတာ ကိုရဲလေးရဲ့ ဇနီးလောင်းက သဘောမတူတဲ့အတွက် မကဖြစ်တာ ဆိုတာ ဟုတ်လား။
YL : အဲဒီလိုတော့ မဆိုင်ပါဘူး။ ကျွန်တော့်ရဲ့ ဇနီးလောင်းနဲ့ စတွေ့က တည်းက နှင်းဆီမှာ မကဖို့ကို ကျွန်တော် စဉ်းစားနေပြီ။ သူနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါက ကျွန်တော့်အလုပ်ပဲ။ ကျွန်တော် ကချင်ရင်ကမှာပဲ။ အဓိက က ရေရှည် ကြည့်တာပါ။ မကလည်းရတာပဲ။ မကတော့ ကျွန်တော် ပိုက်ဆံမရဘူးပေါ့ဗျာ။ ကတော့ လည်း ပျော်ရတာတစ်ခုပဲ ရှိတာပဲ။ ကျန်တာဘာမှ မထူးခြားပါဘူး။ ကျွန်တော်တို့တွေ ဒီထက်အောင်မြင်ဖို့လည်း မရှိတော့ဘူး။ ကိုယ်လုပ်သင့် လုပ်ထိုက်တာကို ဆက်လုပ် သွားမှာပဲ။ ဘယ်သူ့ပယောဂကြောင့်မှ ကျွန်တော့်အလုပ်တွေကို ထိခိုက်အောင် လုပ်တာမရှိပါဘူး။ ကိုယ့်ဆန္ဒနဲ့ပဲ နောင်တ မရအောင် ဆုံးဖြတ်ခဲ့တာချည်းပဲ။
Voice : ပရိသတ်တွေ စိတ်ဝင်စားနေကြ တဲ့ ရဲလေးရဲ့ ဇနီးလောင်းအကြောင်းနဲ့ ဘယ်လို ဆုံခဲ့ကြတယ်ဆိုတာ ပြောပြပေးပါဦး။
YL : သူ့နာမည်က မအေးမြအောင် လို့ခေါ်ပါတယ်။ သူကအပြင်က စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပါပဲ။ နာမည်ကြီး ကုမ္ပဏီ ကြီးလည်း မဟုတ်ပါဘူး။ ကျောက်မျက် လုပ်ငန်းလုပ်တယ်။ တခြားစီးပွားရေး လုပ်ငန်းလေးတွေ လုပ်ပါတယ်။ ကျွန်တော်တို့တွေ့ဆုံပုံက သိပ် Romantic ဆန်တာမရှိပါဘူး။ ကျွန်တော်နဲ့ သူက အရင်ကတည်းက မိတ်ဆွေလို ခင်နေကြတာကြာပါပြီ။ လူငယ်သဘာဝ ကိုယ့် အလုပ်ကိုယ် လုပ်နေကြတယ်။ အဆက်အသွယ် ရှိလိုက် ပြတ်လိုက်နဲ့ ကျွန်တော်တို့တွေ ရင်းနှီးခင်မင်လာတာ ကြာပါပြီ။ ကျွန်တော်လည်း ဝါသနာပါတဲ့ ဂီတ အလုပ်တွေလုပ်တယ်။ သူလည်း သူ့မိဘရဲ့ စီးပွားရေးအလုပ်တွေ ဝိုင်းကူလုပ်ရင်းနဲ့ပဲ လုံးလည်ချာလည်ဖြစ်နေရင်းနဲ့ ငါးနှစ် လောက်ကြာတဲ့ အချိန်မှာ နိုင်ငံခြားမှာ အဆက်အသွယ်ရပြီး ပြန်တွေ့ ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေလည်း ပိုရှိလာတယ်။ ကျွန်တော် Lonely ဖြစ်နေတဲ့ အချိန်တွေမှာလည်း သူက ကျွန်တော့်နားကို ရောက်ရောက်လာတယ်။ သံယောဇဉ်တွေလည်း ပိုတွယ်လာပြီးတော့ အတူနေမယ်လို့ ဆုံးဖြတ်မိသွားတာပါ။
Voice : ရဲလေးတို့ ချစ်သူသက်တမ်းက ဘယ်လောက်ရှိသွားပြီလဲ။
YL : ချစ်သူသက်တမ်းထက် စာရင် မိတ်ဆွေသက်တမ်းကတော့ ငါးနှစ်လောက် ရှိပြီ။ မြရိပ်ညိုဟိုတယ်မှာလုပ်တဲ့ ကျွန်တော့် ရဲ့ ပထမဆုံး တစ်ကိုယ်တော်ရှိုးပွဲမှာ စသိကြ တာပေါ့။ ငါးနှစ်လောက်တော့ ရှိသွားပြီ။ ချစ်သူ့သက်တမ်းကတော့ တစ်နှစ်ပြည့်တာ သိပ်မကြာသေးဘူး။

Voice : မင်္ဂလာပွဲအတွက် အစီအစဉ်လေး ပြောပြပေးပါဦး။
YL : နှစ်ဖက်မိဘချင်းတွေ့ ပြီး တရားရုံး ရှေ့နေရှေ့မှာတော့ လက်မှတ်ထိုးပြီးသွားပြီ။ မင်္ဂလာပွဲကတော့ မေလ ၁၈ ရက်နေ့ မဟာစည်မှာ မင်္ဂလာဆွမ်းကျွေးလုပ်မယ်။ ဇွန်လပထမပတ်၊ ဆီဒိုးနားဟိုတယ်ရဲ့ Pool Side မှာ Dinner လုပ်မယ်။ နှစ်ပွဲလောက်တော့ ကျွန်တော်တို့ ကျင်းပဖြစ်မှာပါ။ 

Voice : ရဲလေးရဲ့ ဇနီးလောင်းက သမ္မတ ရုံးဝန်ကြီးတစ်ဦးရဲ့ သမီးလို့ သတင်းတွေ ထွက်နေတယ်။ အဲဒါဟုတ်ပါသလား။
YL : အဲဒါကတော့ သေချာပြီဆိုတဲ့ အချိန်မှာ ပရိသတ်တွေကို ကျွန်တော်ပြောပြ မှာပါ။ အားလုံး ယုံထင်ကြောင်ထင် ဖြစ်နေမှာ စိုးလို့ပါ။
Voice : ရဲလေးကို အားပေးနေတဲ့ ပရိသတ်တွေကို ဘာပြောချင်သေးလဲ။
YL : ကျွန်တော့်ကို နားလည်ပေးပါလို့ ။ ရဲလေးက ပရိသတ်အတွက် အမြဲရှိနေမယ့် အနုပညာရှင် တစ်ယောက်ပါလို့။ ဒါပေမဲ့ ကျွန်တော်လည်း ကျွန်တော့်ဘဝကို ရေရှည် ကြည့်ရမယ်။ ပရိသတ်ကြီးလည်း ကိုယ့်ဘဝကို ရေရှည်ကြည့်ပြီး ဖန်တီးကြပါ။ အကောင်း ဆုံး လုပ်ဆောင်နိုင်ကြပါစေလို့ ဆုတောင်း ပေးပါတယ်။

သန့်ဇင်ဦး
By The VOICE Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ