နဂါးမောက်သီးနှင့် ကျန်းမာရေး


ယနေ့ခေတ်တွင် လူအများ စားသုံးနေကြပြီး ဈေးကွက်အတွင်း အတော်အသင့် နေရာရပြီဖြစ်သော နဂါးမောက်သီးနှင့် ကျန်းမာရေး အကြောင်းကို မြဝတီ စာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင်(Fame)နှင့် မြဝတီအဖွဲ့ တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြ လိုက်ပါသည်-

မေး ။ ။ ပထမဆုံး သိချင်တာက နဂါးမောက်သီးရဲ့မူရင်း ဇာတိဒေသက ဘယ်ကလဲ ဆိုတာရယ် မြန်မာပြည်ကို ဘယ်လို ရောက်လာသလဲ ဆိုတာ ပြောပြပေးပါ ဆရာ။

ဖြေ ။ ။ မှန်ပါတယ်။ နဂါးမောက်သီးဟာ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုရင် တစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ သစ်သီးတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့မူရင်း ဇာတိကတော့ အမေရိကတိုက်မှာ ရှိတဲ့ မက္ကဆီကိုနိုင်ငံ ဖြစ်ပါတယ်။ အဲဒီကနေ တစ်ဆင့် အမေရိကတိုက် အလယ်ပိုင်းဒေသ နိုင်ငံတွေကို ပျံ့နှံ့ ရောက်ရှိ ပါတယ်။ ပြီးတော့မှ တရုတ်ပြည်ကနေ တစ်ဆင့် မူဆယ်ဘက်ကနေ စတင် ဝင်ရောက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စတင် စိုက်ပျိုးခဲ့တာ အနှစ် ၂ဝ ကျော်လောက် ရှိပါပြီ။

မေး ။ ။ နဂါးမောက်သီး အမျိုးအစား ဘယ်နှစ်မျိုး ရှိပါသလဲဆရာ။

ဖြေ ။ ။ နဂါးမောက်သီးကို ရုက္ခဗေဒ အမည်က Hylocereus spp လို့ ခေါ်ပြီး သူ့မှာ အဓိက မျိုးစိတ် Species အနေနဲ့ သုံးမျိုး ရှိပါတယ်။

(၁) Hylocereus Undatus (အနီရောင်အခွံနဲ့ အဖြူရောင် အသား)

(၂) Hylocereus Costaricensis (အနီရောင်အခွံနဲ့ အနီရောင်အသား) (or) Hylocereus Polyrhizus လို့လည်း ခေါ်ပါတယ်။

(၃) Hylocereus Megalanthus (အဝါရောင်အခွံနဲ့ အဖြူရောင်အသား) ဆိုပြီး ဖြစ်ပါတယ်။

Common English Name အနေနဲ့တော့ Dragon Fruit လို့ လူသိ များပါတယ်။ မြန်မာလို နဂါးမောက်သီး ဆိုတဲ့ အမည်ကတော့ အဲဒီ စာလုံးကို တိုက်ရိုက် ဘာသာပြန်ထားတာ ဖြစ်ပြီး အမည်နဲ့ လိုက်ဖက်အောင် နဂါးအမောက်တွေနဲ့ တူတဲ့ အသီး ဖြစ်ပါတယ်။ အနောက် နိုင်ငံတွေမှာတော့ Pitaya (or) Pitahaya လို့ လည်းလူသိ များပါတယ်။

မေး ။ ။ နဂါးမောက်သီးမှာ ဘယ်လိုမျိုး အာဟာရ ဓာတ်တွေ ပါဝင်ပါသလဲ ဆရာ။

ဖြေ ။ ။ နဂါးမောက်သီးဟာ အာဟာရဓာတ် ကြွယ်ဝတဲ့ သဘာဝ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ပါဝင်တဲ့ အာဟာရဓာတ်တွေ ကြည့်ရင်-

(၁) ရေဓာတ်- အရည်ရွှမ်းတဲ့ သစ်သီးတစ်မျိုး ဖြစ်လို့ ရေငတ်တုန်း စားရင် ရေငတ် ပြေပါတယ်။

(၂) ကာဗွန်ဟိုက်ဒရိတ် အဓိက အများဆုံး ပါဝင်ပြီး စုစုပေါင်း အလေးချိန်ရဲ့ ၁၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။ မောပန်းမှုကို ပြေပျောက်စေခြင်း၊ စွမ်းအင်တွေ ရစေခြင်းနဲ့ အမောခံနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိ စေပါတယ်။

(၃) ပရိုတင်းဓာတ် ပါဝင်မှုကတော့ နည်းပါတယ်။ အဓိက အစေ့မှာသာ ပါဝင်ပြီး ၁ ဒသမ ၁ ရာခိုင်နှုန်း လောက်သာ ပါရှိပါတယ်။

(၄) အဆီဓာတ်လို့ ခေါ်တဲ့ အသားထဲမှာတော့ အဆီလုံးဝ မပါပါ။ အသားထဲမှာ မြုပ်နေတဲ့ အစေ့တွေ ထဲမှာတော့ အဆီဓာတ်တွေ ကြွယ်ဝစွာ ပါရှိပါတယ်။ အဲဒီ အဆီအားလုံးဟာလည်း လူတွေရဲ့ ကျန်းမာ ရေးကို အထောက်အကူပြုတဲ့ မရှိမဖြစ် လိုအပ်တဲ့ မပြည့်ဝ အဆီတွေ ဖြစ်ပါတယ်။

ဥပမာ- Linoleic Acid တို့၊ Palmitic Acid တို့ ဖြစ်ပါတယ်။

(၅) အမျှင်ဓာတ် - အမျှင်ဓာတ် အလွန်ကြွယ်ဝတဲ့ သစ်သီးလို့ ပြောနိုင်ပါတယ်။ သုံးရာခိုင်နှုန်း လောက် ပါဝင်ပါတယ်။ ဒါကြောင့် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာ ဖြစ်ခြင်းကနေ ကာကွယ် ပေးပါတယ်။

(၆) ဗီတာမင်ဓာတ်များ အနေနဲ့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး ၁ဝဝ ဂရမ်ရှိတဲ့ အသီးတစ်လုံးမှာ ၂ဝ မီလီ ဂရမ် ပါဝင်ပါတယ်။ ကျန် ဗီတာမင်တွေ အနေနဲ့ ဗီတာမင်ဘီ အုပ်စုဝင်တွေလည်း အနည်းငယ်စီ ပါဝင် ပါတယ်။

(၇) သတ္တုဓာတ် အနေနဲ့ ကယ်လ်စီယမ်ဓာတ်၊ သံဓာတ်၊ မီးစုန်းဓာတ်တို့ ပါဝင်ပါတယ်။

ဒါတွေအပြင် Phytochemicals လို့ခေါ်တဲ့ ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင် ပါတယ်။ အထူးသဖြင့် Glycoside နဲ့ Phenolic Compounds တွေ ပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီ ပစ္စည်းတွေကြောင့် နဂါးမောက်သီးဟာ ဆေးဖက်ဝင်နေရခြင်း ဖြစ်ပါတယ်။

မေး ။ ။ အဲဒီ ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေ အကြောင်းလည်း အသေးစိတ် သိချင်ပါတယ် ဆရာ။

ဖြေ ။ ။ အဓိက ပါဝင်နေတာ ကတော့ ဘီတာလိမ်းစ်လို့ ခေါ်တဲ့ ဂလိုက်ကိုဆိုက်တွေ ဖြစ်ပါတယ်။ ဘီတာလိမ်းစ်ဟာ ဂလိုက်ကိုဆိုက် ဖြစ်တဲ့အတွက် Sugar Portion နဲ့ Colored Portion ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ အရောင် အနေနဲ့ အဝါရောင်၊ အနီရောင် မော်လီကျူးတွေ ဖြစ်ပါတယ်။ Colored Portion ကို Amino Acid တစ်မျိုးဖြစ်တဲ့ Tyrosine ကနေ နေရောင်ခြည် အကူအညီနဲ့ အရောင်ဖြစ်အောင် တည်ဆောက် ရပါတယ်။ နေရောင်ခြည် ရရှိမှု များလေလေ ဘီတာလိမ်းစ် ပမာဏ များလေလေ ဖြစ်ပါတယ်။ ဒါကြောင့် နဂါးမောက်သီး စိုက်ပျိုးတဲ့အခါ နေရောင်ခြည်ကောင်းစွာ ရရှိဖို့ လိုအပ်ပါတယ်။ ဘီတာလိမ်းစ်တွေကို အုပ်စု နှစ်စု ခွဲထားပါတယ်။

(၁) ပထမတစ်ခုက Betacyanins လို့ ခေါ်ပြီး အနီရောင်နဲ့ ခရမ်းရောင်ကို ပေးပါတယ်။ နဂါးမောက်သီး အနီမျိုးမှာ ပါဝင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။

(၂) ဒုတိယ အမျိုးအစား ကတော့ Betax-anthins တွေ ဖြစ်ပြီး အဝါရောင်နဲ့ လိမ္မော်ရောင်ကို ပေးပါတယ်။ နဂါးမောက်သီး အဝါရောင်မှာ ပါဝင်ပါတယ်။ နှစ်မျိုးစလုံး ကတော့ ဆေးဖက်ဝင်တာ ချည်းပါပဲ။

မေး ။ ။ အဲဒီ ဘီတာလိမ်းစ်တွေဟာ ဘယ်လိုမျိုး ဆေးဖက်ဝင်တယ် ဆိုတာလဲ သိပါရစေ။

ဖြေ ။ ။ နှစ်မျိုးစလုံးဟာ ဆေးဖက်ဝင်တယ် ဆိုပေမယ့် အနီရောင်မျိုး ဖြစ်တဲ့ Betacyanins တွေဟာ အဝါရောင်မျိုး ဖြစ်တဲ့ Betaxanthins တွေထက် ပိုပြီး အာနိသင် ထက်မြက်ပါတယ်။ အဓိက ကျန်းမာရေး အကျိုးကျေးဇူး အနေနဲ့

(၁) ဓာတ်တိုး ဆန့်ကျင်မှု အာနိသင်

(၂) အရောင်ကျစေတဲ့ အာနိသင်

(၃) သွေးထဲမှာ မကောင်းတဲ့ အဆီတွေ ပိတ်ဆို့မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အာနိသင် စတဲ့ အာနိသင် တွေကို ပေးပါတယ်။

မေး ။ ။ နဂါးမောက်သီး စားရင် ဝမ်းမှန်တယ်ဆိုတာရော ဟုတ်ပါသလား ဆရာ။

ဖြေ ။ ။ ဟုတ်ပါတယ်။ နဂါးမောက်သီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သုံးရာခိုင်နှုန်း ဆိုတော့ အတော် များပါတယ်။ အမျှင်ဓာတ်တွေဟာ ဝမ်းမှန်စေပါတယ်။ ဒါတင် မကပါဘူး။ ရေဓာတ်တွေ ပါဝင်နေတဲ့အတွက် အူနံရံကို ရေဓာတ်တွေ မခန်းခြောက်အောင် ထိန်းသိမ်းရာမှာ အထောက် အကူပြုပါတယ်။ အစေ့တွေမှာ ပါဝင်တဲ့ မပြည့်ဝ အဆီတွေ ဟာလည်း ဝမ်းကို ရှောရှောရှူရှူ သွားစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါကြောင့် ဝမ်းချုပ်တဲ့ သူတွေအတွက် နဂါးမောက်သီးဟာ ဝမ်းမှန်စေလို့ အထူး သင့်တော်ပါတယ်။

မေး ။ ။ နဂါးမောက်သီးကို ကိုယ်ဝန်ဆောင် မိခင်တွေရော စားလို့ ရပါသလား ဆရာ။

ဖြေ ။ ။ ကိုယ်ဝန်ဆောင် မိခင်တိုင်းဟာ သဘာဝ သစ်သီးတွေ နေ့စဉ်စားဖို့ လိုအပ်ပါတယ်။ အဲဒီ အထဲမှာ နဂါးမောက်သီးဟာလည်း စားသင့်တဲ့ သစ်သီးတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ နဂါးမောက်သီး စားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ကတော့-

(၁) မိခင်ရော ဗိုက်ထဲက ကလေးအတွက်ပါ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်း ပေးပါတယ်။ အထူးသဖြင့် ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင်စီ၊ ဖောလိတ် စသည်တို့ ဖြစ်ပါတယ်။

(၂) အမျှင်ဓာတ်တွေ ကြွယ်ဝတဲ့ အတွက် ကိုယ်ဝန်ဆောင်မှာ ဖြစ်လေ့ရှိတဲ့ ဝမ်းချုပ်ခြင်းကို ကာကွယ် ပေးပြီး ဝမ်းမှန် စေပါတယ်။

(၃) ပါဝင်တဲ့ ကာဗွန်ဟိုက်ဒရိတ် တွေဟာ စွမ်းအင်ကို ပေးတဲ့အတွက် ကိုယ်ဝန်ဆောင်ခါစ အစားအသောက် ပျက်တဲ့ အချိန်မှာ စားရင် ချက်ချင်း အလျင်အမြန် စွမ်းအင်တွေ ရရှိဖို့ အထောက်အကူ ပြုပါတယ်။

(၄) ပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် ကိုယ်ဝန်ဆောင် မိခင်အတွက် ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေ အလွယ်တကူ မဝင်ရောက်စေဖို့ ကာကွယ် ပေးပါတယ်။

(၅) ပါဝင်တဲ့ Phytochemicals တွေကြောင့် Antioxidant action ကို ရစေပြီး မိခင်ရော ကလေးပါ ကျန်းမာ စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တိုင်း နဂါးမောက်သီးကို မကြာခဏ စားသုံးပေးသင့် ပါတယ်။

မေး ။ ။ နဂါးမောက်သီး စားရင် ဘယ်လိုမျိုး စားတာဟာ ကျန်းမာရေး အတွက် အကောင်းဆုံး ဖြစ်ပါသလဲ ဆရာ။ အထဲက အစေ့တွေ ကရော အန္တရာယ် ရှိ၊ မရှိ၊ စားလို့ ရ၊ မရ သိချင်ပါတယ်။

ဖြေ ။ ။ အကောင်းဆုံး ကတော့ အသီးကို ဓားနဲ့ခွဲပြီး အထဲက အသားကို ဇွန်းနဲ့ပဲ တိုက်ရိုက် ကော်စားစား၊ အတုံးလေးတွေ တုံးပြီး ခက်ရင်းနဲ့ပဲ စားစား ကောင်းပါတယ်။ အဲဒီလို စားတဲ့အခါမှာ စားခါနီးမှ လတ်လတ်ဆတ်ဆတ် ခွဲစား ရပါမယ်။ ခွဲပြီး အချိန်ကြာမှ စားရင် ပါဝင်တဲ့ ဗီတာမင်စီက အစ Antioxidant တွေဟာ လေနဲ့ ထိတွေ့ပြီး ပျက်စီးဆုံးရှုံးမှု ရှိလို့ ဖြစ်ပါတယ်။ စားတဲ့အခါ အထဲမှာ မြုပ်နေတဲ့ အစေ့တွေကို ဖယ်စားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက် အစေ့တွေကိုပါ စားရပါမယ်။ အဲဒီ အစေ့တွေဟာလည်း နှမ်းစေ့ကို စားသလိုမျိုး ဆေးဖက်ဝင်တဲ့ မပြည့်ဝအဆီ မိုနိုဆီတွေ ဖြစ်ပါတယ်။ ဒါကြောင့် အစေ့တွေ စားခြင်းဟာ အန္တရာယ် မပေးတဲ့အပြင် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုပါတယ်။ အသီးကို ဖျော်ရည်လုပ် သောက်ရင်လည်း ကောင်းပါတယ်။

မေး ။ ။ တချို့က ပြောကြပါတယ်။ နဂါးမောက်သီး အနီကို စားပြီးရင် ဆီးသွားရင် အနီတွေ ဖြစ်လို့ ဆက် မစားရဲတော့ဘူးတဲ့။ အဖြူမျိုးကျတော့ အဲဒီလို မဖြစ်တော့ အဖြူမျိုးကိုပဲ စားရဲတော့တယ်လို့ ပြောပါတယ် ဆရာ။ အဲဒါ ဆရာ့ရဲ့အမြင်လေး သိပါရစေ။

ဖြေ ။ ။ နဂါးမောက်သီး အနီမျိုးမှာ အနီရောင်တွေဟာ Glycoside တွေ ဖြစ်ပြီး ရေမှာ ပျော်ဝင်တဲ့ ရောင်ချယ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် စားလိုက်ပြီး သွေးထဲရောက် ဆေးဖက်ဝင် အာနိသင်တွေ ပြုလုပ်ပြီးရင် ဆီးကနေ တစ်ဆင့် စွန့်ထုတ် ပါတယ်။ ဒါကြောင့် အနီရောင်တွေဟာ ဆီးထဲမှာ ပါလာခြင်း ဖြစ်ပါတယ်။ အမှတ်တမဲ့ ကြည့်ရင် ဆီးထဲမှာ သွေးတွေ ပါလာသလိုမျိုး ဖြစ်ပေမယ့် သွေးတွေ မဟုတ်တဲ့ အတွက် Pseudo-hematuria လို့ ခေါ်ပါတယ်။ အန္တရာယ် မရှိတဲ့ အတွက် ဆက်စားလို့ ရပါတယ်။ အဲဒီ အနီရောင်တွေကမှ ဆေးဖက်ဝင် အာနိသင် များများ ရနိုင်တာ ဖြစ်ပါတယ်။

မေး ။ ။ နဂါးမောက်သီး အနီမှာပါတဲ့ အနီရောင်တွေကို သဘာဝဆိုးဆေး အနေနဲ့ အသုံးပြုနိုင် တယ်လို့ သတင်းမှာ ဖတ်ရပါတယ် ဆရာ။ အဲဒါ ဘယ်လိုနေရာတွေမှာ သုံးတယ် ဆိုတာလဲ ဗဟုသုတ အဖြစ် သိပါရစေ။

ဖြေ ။ ။ ဒီနေ့အခါမှာ အစားအစာတွေကို လှပဖို့၊ ဆွဲဆောင်မှု ရှိဖို့ ဆိုးဆေးတွေ သုံးတဲ့ အခါမှာ ဓာတုဆိုးဆေးတွေ နေရာမှာ သဘာဝ ဆိုးဆေးတွေနဲ့ ပြောင်းလဲ အသုံးပြုမှု တစ်နေ့တခြား ပိုမိုတွင်ကျယ် လာနေပြီ ဖြစ်ပါတယ်။ သဘာဝ အပင်တွေက ရတဲ့ ဆိုးဆေးတွေ အထူးသဖြင့် လူတွေ စားသုံးလို့ရတဲ့ သစ်သီး သစ်ဖုတွေကနေ ရတဲ့ သဘာဝ ဆိုးဆေးတွေသာ ရေရှည်အတွက် အသုံးပြုဖို့ စိတ်ချရပါတယ်။ အဲဒီအထဲမှာ နဂါးမောက်သီးရဲ့ အနီရောင် ရောင်ချယ်တွေကို သိပ္ပံနည်းကျ ထုတ်ယူပြီး သဘာဝဆိုးဆေး အဖြစ် နိုင်ငံတကာမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ဥရောပ ကော်မရှင်က E162 ဆိုပြီး Code No. ပေးထားပြီး Approved လုပ်ပြီး ဖြစ်ပါတယ်။ အဓိက အသုံးပြုတဲ့ အစားအစာတွေ ကတော့ ရေခဲမုန့်၊ ဒိန်ချဉ်၊ အချိုရည်၊ သကြားလုံး၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် စတဲ့ အစားအစာတွေမှာ အနီရောင်ရရှိပြီး ဆွဲဆောင်နိုင်ဖို့ အသုံးပြုလျက် ရှိပါတယ်။

မေး ။ ။ အခုဆိုရင် နဂါးမောက်သီးနဲ့ ပတ်သက်လို့ အတော်လေး ပြည့်ပြည့်စုံစုံ သိရပါပြီ ဆရာ။ ဆရာ့ အနေနဲ့ မြဝတီ စာဖတ်ပရိသတ်ကြီးကို ဘာများ ပြောချင်ပါသေးလဲ ဆရာ။

ဖြေ ။ ။ နဂါးမောက်သီး ဆိုတာ အင်မတန်မှ အာဟာရဓာတ် ကြွယ်ဝပြီး ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုတဲ့ သဘာဝ သစ်သီးတစ်ခု ဖြစ်တာမို့ ကလေး သူငယ်က အစ အမျိုးသား၊ အမျိုးသမီး အသက်အရွယ်မရွေး စားသုံး သင့်တယ်လို့ တိုက်တွန်း ချင်ပါတယ်။ စားသုံးမှု များလာတာနဲ့ အမျှ နဂါးမောက်သီး စိုက်ပျိုးထုတ်လုပ်တဲ့ သူတွေ အနေနဲ့လည်း အကျိုးရှိတဲ့ စိုက်ပျိုးသီးနှံ တစ်ခုဖြစ်တော့ အခုထက် ပိုပြီး စိုက်ပျိုးထုတ်လုပ်ပြီး ကြီးပွား တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။ ။

မြဝတီ
https://www.facebook.com/pg/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ