မိခင်များအတွက် အာဟာရ


မိခင်များလို့ဆိုရရင် ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်မည့် အမျိုးသမီးများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ နို့တိုက်မိခင်များနဲ့ ကျန်မိခင်များအားလုံးပါဝင်ပါတယ်။ ကျန်းမာသန်စွမ်းသော သားကောင်းရတနာများကို မွေးဖွားပေးနိုင်ဖို့အတွက် အာဟာရပြည့်ဝသော မိခင်များဖြစ်ဖို့ လိုအပ် ပါတယ်။ ကိုယ်ဝန်မဆောင်ခင်အချိန်မှစပြီး အရေးကြီးတဲ့အတွက် သားသမီးယူလိုသူ အမျိုးသမီး များ ဂရုပြုသင့်ပါတယ်။ ကျန်းမာသောမိခင်မှ ကျန်းမာသောသားသမီးကို မွေးဖွားနိုင်ပါမယ်။ အာဟာရချို့တဲ့သောမိခင်မှ မွေးလာမည့်ကလေးကလည်း အာဟာရချို့တဲ့နေမှာ မလွဲပါပဲ။ ဒါကြောင့် မိခင်များအတွက် အာဟာရဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အနည်းငယ်ဝေမျှချင်ပါတယ်။


အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်ယူဖို့စဉ်းစားပြီဆိုတာနဲ့ မိမိရဲ့စိတ်နဲ့ကိုယ်ခန္ဓာကို အကောင်းဆုံးအနေအထားမှာ ရောက်အောင်ပြင်ဆင်ရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ ကလေးနို့တိုက်ချိန်၊ ကလေးကြီးလာချိန်စတဲ့ ပင်ပန်းတဲ့အနေအထားတွေကို ဖြတ်ကျော်ရမှာ ဖြစ်တဲ့အတွက် ခံနိုင်ရည်ရှိအောင် မိမိကိုယ်ကို အရင်တည်ဆောက်ရပါမယ်။ စိတ်ဓာတ်ရော၊ ကိုယ် ခန္ဓာပါကြံ့ခိုင်ဖို့လို ပါတယ်။ ပထမဆုံးကိုယ်ဝန်ဆောင်ဖို့ သင့်တော်တဲ့အသက်အရွယ်ကတော့ ၂၀ ကျော်နဲ့ ၃၅ နှစ်အောက် ဖြစ်ပါတယ်။ ဒီအသက်အရွယ်ထဲရောက်နေရင်တော့ သိပ်မစိုးရိမ်ပါနဲ့။ အသက်ငယ်လွန်းသူတွေ ၃၅ နှစ်အထက်တွေမှာတော့ ကိုယ်ဝန်ရဲ့ဆိုကျိုး၊ ဆီးချိုတက်တာ၊ ကိုယ်ဝန်ဆိပ်တက်တာတွေ ဖြစ်နိုင်ချေပိုများလို့ပါ။

 နောက်တစ်ခုကတော့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းပါ။ ကိုယ်အလေးချိန်၊ အညွှန်းကိန်း = Body Mass Index (ခေါ်) BMI 18.5 မှ 23.5 အတွင်းဆိုရင် အလွန်ကောင်းပါတယ်။ BMI နည်းလွန်းတာ၊ များလွန်းတာ ကလေးအတွက် ရော၊ မိခင်အတွက်ပါ မကောင်းပါဘူး။ BMI တွက်နည်းကတော့ BMI = body weight (kg) Height in meter2 ဖြစ်ပါတယ်။
Ideal BMI ကတော့ 22 ပါ။ ဒီ BMI နဲ့ချိန်ပြီး ကိုယ်အလေးချိန်နည်းလွန်းသူတွေက ၀ိတ် တက်အောင်လုပ်ရပါမယ်။ များနေသူတွေကတော့ လျှော့ရပါမယ်။ ကိုယ်ဝန်မဆောင်ခင် ကြိုတင် ပြင်ဆင်သင့်တဲ့အချက်များဖြစ်ပါတယ်။ လေ့ကျင့်ခန်းနဲ့ အစားအသောက်တွဲ ပြောင်းလဲပြီး၊ ကိုယ် အလေးချိန်အတိုးအလျော့လုပ်ပေးပါ။ ပိန်ဆေးများ အားမကိုးပါနဲ့။ တကယ်ဖြစ်ချင်ရင် အဟုတ် ကျမှာပါ။ ဇွဲရှိဖို့လိုတာပါ။

နောက်ထပ်အရေးကြီးတာကတော့ ပင်ကိုယ်သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ သိုင်းဂွိုက် အကျိတ် ရောဂါနဲ့ တခြားရောဂါအခံရှိပါက ထိုရောဂါများ စိတ်ချရသည့် အခြေအနေရောက်မှ ကိုယ်ဝန်ယူပါ။ ဆရာဝန်နဲ့ သေချာတိုင်ပင်ရပါမယ်။ ထိုသူများအတွက်တော့ ကျန်းမာသော အာဟာရအပြင် ရောဂါကိုထိန်းချုပ်ပေးမည့် ဆေးဝါးများရဲ့ အကူအညီလည်း လိုအပ်ပါသေးတယ်။ ဥပမာ - ဆီးချိုရောဂါကို မထိန်းနိုင်ဘဲ ကိုယ်ဝန်ယူမိပါက အမေရော၊ ကလေးပါ ဒုက္ခရောက်နိုင်ပါ တယ်။ ပျက်ကျခြင်း၊ အသေမွေးခြင်း၊ ရေမွှာစောပေါက်ခြင်း၊ ဆီးချို မတရားတက်၍ မိခင်သတိလစ် ခြင်း စတဲ့ဆိုးကျိုးများဖြစ်နိုင်ပါတယ်။ အစားအသောက်နဲ့ ထိန်းတာအပြင် ပြနေကျ ဆရာဝန်ကြီး များနှင့် သေချာပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ။
ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ကိုယ်ဝန်မဆောင်ခင်မှာ မျှတသောအာဟာရကို ရွေးချယ် စားသုံးရပါမယ်။ အသား/ငါး/အသီး/အရွက်/ပဲအမျိုးမျိုး/နို့/ဆီ/ဆန်/ဂျုံ/ပြောင်း စတဲ့အစာအုပ်စု အားလုံးပါဝင်အောင် စားရပါမယ်။ နို့ကိုတော့ မဖြစ်မနေသောက်ရပါမယ်။ နို့ရဲ့အကျိုးရှိပုံကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ ကယ်လဆီယမ်၊ ဗီတာမင် D ကြွယ်ဝပြီး၊ ခန္ဓာကိုယ်ကို ကျန်းမာစေမယ့် အခြားဓာတ်တွေလည်း ပါဝင်ပါတယ်။ တနေ့ နို့ ၂ ခွက်သောက်ဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မယ့် မိခင်လောင်းများအနေနဲ့ သံဓာတ်ပြည့်ဝဖို့လိုပါတယ်။ မြန်မာအမျိုးသမီး အများစုဟာ သံဓာတ်ချို့တဲ့နေတာ တွေ့ရပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အသား၊ ပဲ၊ အရွက်စိမ်း များစားသုံးပေးရပါမယ်။ ဖောလစ်အက်ဆစ် (Folic acid) ဟာလည်း အလွန်အရေးကြီးတဲ့ ဓာတ် တစ်မျိုးဖြစ်ပါတယ်။

Folic acid ဟာ ရင်သွေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမှာ အရေးကြီးကဏ္ဍကပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များ Folic acid ချို့တဲ့ရင် ကလေးမှာ Neural tube defect လို့ခေါ်တဲ့ ကိုယ်အင်္ဂါချို့တဲ့မှုဖြစ်တတ်ပါတယ်။ Folic acid ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အစိမ်းရင့်ရောင် အရွက်များ (ဥပမာ - ဟင်းနုနယ်၊ မုန်ညင်း)၊ ကညွတ် (အနောက်တိုင်းမှာတော့ တော်တော်စား ကြပါတယ်)၊ ပန်းပွင့်စိမ်း၊ သံပုရာသီးမျိုးစိတ်ဝင် (သံပုရာသီး၊ သံပုယိုသီး၊ လိမ္မော်သီး)၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ ဘယ်ရီသီးများ၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ အစေ့အဆန်များ၊ ပန်းဂေါ်ဖီ၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ မုန်လာဥ စသဖြင့် မျိုးစုံရှိပါတယ်။ သဘာဝအတိုင်းရတဲ့ ဓာတ်ကို Folate လို့ခေါ်ပြီး၊ Folic acid ကတော့ တဆင့်ပြောင်းလဲထားတဲ့ ဒြပ်ပုံစံပါ။ ခန္ဓာကိုယ်က Folate ကို ပိုမိုစုပ်ယူအသုံးပြုနိုင်ပါတယ်။ ပိုနေတဲ့ Folate များကို ဆီးမှတဆင့် စွန့်ထုတ်ပစ်ပါတယ်။ ဆရာဝန်က ညွန်ကြားရင်တော့ Folic acid အားဆေးကို ဖြည့်စွက်သောက်သုံးလို့ရပါတယ်။

ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် နောက်ထပ်အရေးကြီးတာက တော့ Iodine (အိုင်အိုဒင်း)ပါ။ အိုင်အိုဒင်းဆားကို ပုံမှန်အသုံးပြုပေးပါ။ လူတစ်ယောက်ရဲ့ တနေ့ တာ ဆားလိုအပ်ချက်ကတော့ 2000-2300 mg ၊ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြစ်ပါတယ်။ သွေးတိုး ရှိသူများ လျှော့စားရပါမယ်။ Zinc ဟာလည်း ကိုယ်ဝန်ဆောင်နိုင်ဖို့ အားပေးပါတယ်။ Zinc ကြွယ်ဝတဲ့ အစားအစာတွေကတော့ ချိစ်၊ ကြက်သား၊ နို့၊ ဗံဒံစေ့၊ အနီရောင်အသားများ၊ ဒိန်ချဉ်၊ ဆော်လမွန်ငါး၊ ဖရုံစေ့၊ ကွာစေ့၊ သီဟိုစေ့ စတာတွေဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း သင့်တင့်မျှတသော အစားအသောက်ကို ဆက်လက် စားသုံးပေးရပါမယ်။ တစ်ပတ်ကို အနည်းဆု့း ငါး ၂ ကြိမ်၊ အစေ့အဆန် ၃-၄ ကြိမ်၊ တနေ့ နို့ ၂ ခွက် စတဲ့အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းရပါမယ်။ အသားလုံးဝမစားတာမျိုး၊ အသီးအရွက် ရှောင်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ကျန်းမာရေး ကောင်းတယ်ဆိုတိုင်း အစား အသောက်တစ်မျိုးကို အလွန်အကျွံ စားသုံးတာမျိုးလည်း မသင့်တော်ပါဘူး။ တန်ဆေးလွန်ဘေး ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ မိမိစားသမျှ အာဟာရဟာ ကလေးငယ်ဆီကိုရောက်တဲ့အတွက် အစားအသောက်ရွေးချယ်ရာမှာ တော်တော်ဂရုစိုက်ရပါမယ်။ မသန့်ရှင်းတဲ့ အစားအစာတွေစား မိလို့ အမေက ၀မ်းလျှောဝမ်းပျက်ဖြစ်ရင် ကလေးပါဒုက္ခရောက်နိုင်ပါတယ်။ အဓိကလိုအပ်တဲ့ အာဟာရတွေကတော့ အခြေခံဖြစ်တဲ့ ကစီဓာတ် (carbohydrate)၊ အသားဓာတ် (Protein)၊ အဆီ (Fat)၊ Folate ၊ Iron သံဓာတ်၊ Iodine (အိုင်အိုဒင်း) ၊ Calcium (ကယ်လဆီယမ်)၊ ဗီတာမင်များ၊ သတ္တုဓာတ်များပဲဖြစ်ပါတယ်။ ဆီကိုရွေးချယ်ရင်တော့ မပြည့်ဝဆီ (Unsaturaded Fat) ကို ရွေးချယ်ပါ။

မိခင်များရှောင်ကျဉ်ရမှာတွေကတော့ ၀ိုင်၊ ဘီယာ၊ အရက်၊ ဆေးလိပ်ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့သူနားမှာတောင် မနေပါနဲ့။ ကိုယ်တိုင်ရော၊ ကလေးပါ ထိခိုက်နိုင်ပါတယ်။ ကော်ဖီကြိုက်တတ်သူတွေကတော့ တစ်နေ့ကို ၂ ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ပင်လယ်စာ များစားလျှင် သတိထားပါ။ ရေနက်ပိုင်းမှ ငါးများတွင် မာကျူရီဓာတ်ပါဝင်မှု မြင့်သောကြောင့် ဖြစ်ပါ တယ်။ ဆီကြော်များ၊ အချိုများ လွန်ကဲစွာမစားပါနဲ့။ တစ်ခါတရံ စားသုံးတာက အပြစ်မဟုတ် ပါဘူး။ ဟင်းသီးဟင်းရွက်များကို စင်ကြယ်အောင်ဆေးပါ။ ပိုးသတ်ဆေးများကပ်ပါနေသောကြောင့် ဖြစ်ပါတယ်။ အော်ဂဲနစ်ဟင်းသီးဟင်းရွက်များကိုလည်း ဆေးရပါမယ်။ သဘာဝမြေသြဇာများမှာ ပိုးမွှားများပါလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာ အလွန်ထိခိုက်လွယ်တဲ့အတွက် သေချာ ဂရုစိုက်ရပါတယ်။ နည်းနည်းလေးမှ အမှားမခံပါဘူး။ မိခင်ရဲ့ အသက်၊ ကလေးရဲ့အသက် နှစ်ယောက်လုံး အရေးကြီးပါတယ်။
မွေးဖွားချိန်မှာလည်း ရိုးရိုးမွေးတာဖြစ်ဖြစ်၊ ခွဲမွေးတာဖြစ်ဖြစ် မိခင်အားရှိဖို့လိုပါတယ်။ အာဟာရချို့တဲ့တဲ့ မိခင်များမှာ မွေးပြီး အနာချုပ်ရိုးမကျက်တာ၊ နာလန်မြန်မြန်မထူတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသားဓာတ်နည်းတဲ့သူတွေမှာ အနာကျက်နှေးပါတယ်။ မွေးပြီးချိန်မှာလည်း အစားရှောင်စရာမလိုပါဘူး။ ရှေးခေတ်ကလို ငါးခြောက်ဖုတ်နဲ့ ဟင်းခါးပဲစားတာဟာ ကိုယ်တိုင် အတွက်ရော၊ မိမိကလေးကိုပါ ဒုက္ခပေးရာရောက်ပါတယ်။ အသား၊ ငါး၊ အသီး၊ အရွက်၊ ကြက်ဥ၊ ဘဲဥ၊ ပဲ အကုန်စားလို့ရပါတယ်။ အရွက်စားရင် ကလေးလေထတယ်လို့၊ ဘဲဥစားရင် ၀မ်းပုတ် တယ်လို့ စတာတွေဟာ ဟိုဘက်ခေတ်မှာကျန်ခဲ့ပါပြီ။ ခေတ်မမှီတော့တဲ့ အယူအဆများ၊ လွဲမှား နေတဲ့အယူများကို မကျင့်သုံးသင့်တော့ပါဘူး။ အာဟာရချို့တဲ့တဲ့ မိခင်ရဲ့ကလေးဟာ အာဟာရ ချို့တဲ့မှာပါပဲ။ ဗီတာမင် B1 ချို့တဲ့တဲ့ရောဂါ Bery Bery ဟာ ကလေးကို အသက်ဆုံးရှုံးစေတဲ့အထိ ဒုက္ခပေးပါတယ်။ အမေများ အစားရှောင်ခြင်းကြောင့်ဖြစ်ရတာပါ။

မိခင်နို့တိုက်စဉ်တစ်လျှောက်လုံးမှာ အမေဟာ အာဟာရပြည့်ဝဖို့လိုပါတယ်။ ကိုယ့်ကလေးကို အာဟာရပေးရတဲ့အပြင် ကိုယ်တိုင်လည်း ကိုယ်ဝန်ကြောင့် ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရပါသေးတယ်။ ဒါကြောင့် ဒီအချိန်မှာ မိခင်အာဟာရချို့တဲ့ရင် အမေရော၊ ကလေးပါ မကျန်းမမာဖြစ်နေနိုင်ပါတယ်။ ဒီအခြေအနေကို ဖြတ်ကျော်နိုင်ဖို့ သင့်တင့် မျှတသော အာဟာရစားသောက်မှုပုံစံကသာ ကူညီပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် စားနေကြ အတိုင်း ရွေးချယ်စားသောက်ပေးပါ။ မိခင်စားနိုင်မှ ကလေးကျန်းမာမှာဖြစ်ပါတယ်။ ကြိုးစားပြီး စားကြပါ။ မိသားစုဝင်များရဲ့ အထောက်အပံ့ကလည်း အရေးကြီးပါတယ်။ လူကြီးသူမများက ဟိုဟာရှောင်ခိုင်း၊ ဒီဟာရှောင်ခိုင်းဆိုရင် နို့တိုက်မိခင်ခမျာ တော်တော်လေး ဗျာများရပါတယ်။

မိခင်နဲ့ကလေး ကျန်းမာရေးအတွက် တစ်အိမ်သားလုံးမှာ တာဝန်ရှိပါတယ်။ ၀ိုင်းဝန်းကူညီကြပါ လို့ တိုက်တွန်းလိုပါတယ်။
မိခင်နို့အပြည့်အ၀တိုက်ကျွေးရတဲ့ မွေးစမှ ၆ လအထိတော့ ကလေးငယ်ဟာ အမေရဲ့ အာဟာရပေါ်မှာပဲ မူတည်ပါတယ်။ အကြောင်းကြောင်းကြောင့် နို့မှုန့်တိုက်ရသူများကတော့ ချွင်းချက်ပါ။ ဖြည့်စွက်စာ စကျွေးတဲ့ ၆ လ နောက်ပိုင်းမှာတော့ အမေနည်းနည်း ပင်ပန်းတာ သက်သာမှာပါ။ ကလေးရဲ့ အာဟာရက အမေနို့နဲ့ ဖြည့်စွက်စာပေါ်မှာ မူတည်သွားပါပြီ။ တချို့ အ၀လွန်တဲ့ မိခင်တွေ ဒီအချိန်မှာ ၀ိတ်နည်းနည်း စလျှော့လို့ရပါပြီ။ အဆီများတဲ့ အစားအစာ၊ အချိုတွေ၊ အချိုရည်တွေကိုတော့ တတ်နိုင်သမျှလျှော့ပါ။ ဘယ်အချိန်မှာဖြစ်ဖြစ် သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံကတော့ အကောင်းဆုံးပါပဲ။ တိရစ္ဆာန်အဆီတွေကို လျှော့မယ်။ (ဥပမာ - ၀က်ဆီ၊ အမဲဆီ၊ ၀က်ခေါက်၊ ကြက်အရေခွံ)။ မပြည့်ဝဆီကိုသုံးမယ် (Unsaturated Fat) ဥပမာ - သံလွင် ဆီ၊ နှမ်းဆီ၊ ပဲဆီစစ်စစ်)၊ မိခင်များအနေနဲ့လည်း အင်အားမျှတဖို့ လိုတဲ့အတွက် မှန်ကန် သော စားသောက်မှုပုံစံကို ကျင့်သုံးရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့ချိုတိုက်ကျွေးချိန်မှာ ယိုယွင်းသွား တဲ့ မိမိရဲ့ခန္ဓာကိုယ်ကို အချိုးအစားကျအောင် ပြန်လည်ပျိုးထောင်ဖို့ဟာ အစားအသောက်သာမက ကိုယ်လက်လေ့ကျင့်ခန်းလည်း လိုအပ်ပါတယ်။

ကလေးအသက်တစ်နှစ်ပြည့်ချိန်မှာတော့ လူကြီးတွေစားသလို စားနိုင်ပြီဖြစ်တဲ့အတွက် မိခင်တွေအနေနဲ့ နည်းနည်းစိတ်အေးနိုင်ပါပြီ။ ကလေးရော၊ မိခင်ပါ ကျန်းမာတဲ့စားသောက်မှုပုံစံ ကို လိုက်နာကျင့်သုံးမှ ကျန်းမာတဲ့မိသားစုဘ၀ကို အတူလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ မိသားစု တစ်စုရဲ့ ကျန်းမာရေး၊ ပညာရေးဟာ မိခင်ရဲ့ ဥာဏ်ပညာ၊ အရည်အသွေးပေါ်မူတည်တဲ့အတွက် မိခင်များ စာများများဖတ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့မိခင်မှသာ ကျန်းမာတဲ့မိသားစု၊ ကျန်းမာတဲ့ ပြည်သူတွေကို ပြုစုပျိုးထောင်နိုင်မှာဖြစ်တဲ့အတွက် မိခင်များဗဟုသုတရစေရန် ဝေမျှလိုက်ရပါ တယ်။
ကျန်းမာပျော်ရွှင်သောဘ၀များ ပိုင်ဆိုင်ကြပါစေ။

Dr. Jasmine
Health Guide
https://www.facebook.com/pg/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ