အော်တစ်ဇင်ဆိုသည်မှာ


အော်တစ်ဇင်ဆိုတာဘယ်လိုမျိုးလည်းဆိုတာကို ရှင်းပြပေးပါဦးဆရာ။
အော်တစ်ဇင်ဆိုတာ ဖွံ့ဖြိုးမှုပုံမှန်မဟုတ်တာ၊ အာရုံကြောဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ခြင်းကြောင့် စွမ်းဆောင် ရည်အချို့အားနည်းပြီး ဘ၀တလျှောက်လုံး အသက်ရှင်နေထိုင်နေရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အထူး သဖြင့် ဒီကလေးတွေမှာ နယ်ပယ်သုံးခုလို့ခေါ်တဲ့ စွမ်းရည်သုံးခုမှာ အားနည်းပါတယ်။ နံပါတ်တစ်ကတော့ လူမှု ဆက်ဆံရေး၊ ပြောဆိုဆက်သွယ်ရေးနဲ့ တတိယကတော့ အမူအကျင့်တွေပါ။ ထပ်ခါတလဲလဲတူညီတဲ့ အမူ အကျင့်တွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

#အော်တစ်ဇင်ဖြစ်ရတဲ့ အကြောင်းအရင်းမှာ တခြားအကြောင်းတွေနဲ့ ဆက်စပ်နေတာမျိုးကောရှိပါလားဆရာ။

အော်ဒီဇင်ဖြစ်ရတဲ့အကြောင်းကို အခုချိန်ထိ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိကျခိုင်လုံအောင်ပြော ပြနိုင်တဲ့သက်သေ မရှိသေးပါဘူး။ အော်တစ်ဇင်ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရာတွေပဲရှိပါတယ်။ အဲဒီထဲမှာမှ မိဘမျိုးရိုးနဲ့လည်းဆိုင်တယ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့လည်းဆိုင်တယ်။ အဲဒီနှစ်ချက်ကတော့ အဓိကဖြစ်နေ တာတွေ့ရတယ်။ အဲဒါလည်း ၁၀၀ ရာခိုင်နှုန်း ပြောလို့မရသေးပါဘူး။

#အော်ဒီဇင်ကလေးတွေဟာ ၀က်သက်ကာကွယ်ဆေးနဲ့ ပတ်သကနေတယ်ဆိုတာဟုတ်ပါသလားဆရာ။

အဲဒါတော့မဟုတ်ပါဘူး။ မဟုတ်ဘူးဆိုတာက ဟိုးအရင် ၁၉၉၈ လောက်က ဆရာဝန်တစ်ယောက်က နေပြီး ကလေး ၁၂ယောက်မှာ စာတမ်းလေးတစ်ခုလုပ်လိုက်တယ်။ ဒီစာတမ်းကလည်း တကယ့် တကယ်တော့ သုတေသနလုပ်ရမယ့်နည်းစနစ်တွေနဲ့ မကိုက်ညီတဲ့စစ်တမ်းဖြစ်နေတယ်။ အဲဒီစာတမ်းမှာ သူက ကောက်ချက် ကလေးတစ်ခုထုတ်လိုက်တယ်။ ၀က်သက်ကာကွယ်ဆေးထိုးခြင်းဖြင့် အော်တစ်ဇင်ဖြစ်တယ်လို့။ အဲဒါကို Lancet ဂျာနယ်ထဲကို ထည့်လိုက်တယ်။ သူလုပ်တဲ့သုတေသနသေးပေမယ့်လည်း ခေတ်စကားနဲ့ပြောရရင် ပေါက်သွားတာပေါ့။ တစ်ကမ္ဘာလုံးကနေ အဲဒါကိုစိတ်ဝင်စားပြီး အုတ်အော်သောင်းနင်းဖြစ်တာပေါ့။ အဲဒီ ခေတ်တုန်းက သုတေသနပေါင်းများစွာလုပ်ပါတယ်။ ထပ်လုပ် ထပ်လုပ်တော့နောက်ပိုင်း သုတေသန အကြီးကြီးတွေလုပ်တဲ့အချိန်မှာ အော်တစ်ဇင်ဖြစ်တာနဲ့ ကာကွယ်ဆေးနဲ့ ဘာမှပတ်သက်မှု မရှိဘူးဆိုတာကို ကြေငြာနိုင်တယ်။ ကြေငြာတဲ့အပြင် ဒီဆောင်းပါးထည့်ခဲ့တဲ့ဂျာနယ်ကိုယ်တိုင်ကလည်း သူတို့ထည့်ခဲ့တာမှားပါ တယ်ဆိုပြီးတော့ ပြန်ရုတ်သိမ်းသွားပါတယ်။ အဲဒါကို ၂၀၁၅ ခုနှစ်မှာ အမေရိကန်လွှတ်တော်မှာ နောက် တစ်ယောက်ကနေထပြီး ဆွေးနွေးသေးတယ်။ အမတ်တစ်ယောက်ကပဲဆွေးနွေးပြီး ကျန်တဲ့လူတွေက အဲဒီ အယူအဆကို လက်မခံနိုင်တဲ့အတွက် ဆက်လက်မဆွေးနွေးပါဘူး။ အဲဒါကြောင့်မို့ ဒီအော်တစ်ဇင် ဖြစ်တာနဲ့ ကာကွယ်ဆေးနဲ့က ဘာမှသက်ဆိုင်မှုမရှိပါဘူး။

#ကိုယ့်ကလေးက အော်ဒီဇင်ဖြစ်မဖြစ်ဘယ်လိုသိနိုင်မလဲ။

အော်ဒီဇင်ဖြစ်မဖြစ်ကို သွေးစစ်တာတို့၊ ဓါတ်မှန်ရိုက်တာတို့၊ ဆီး၊ ဓာတ်မှန် MRI တို့ ဒီလိုနဲ့မသိနိုင် ပါဘူး။ အော်တစ်ဇင်ဖြစ်တာတော့ သူ့အတွက် ဆန်းစစ်တဲ့မေးခွန်းလေးတွေရှိပါတယ်။ အဲဒါကို Team Approach system နဲ့သွားရပါတယ်။ အဖွဲ့နဲ့စစ်ရပါတယ်။ အဲဒီအဖွဲ့ထဲမှာတော့ ကလေးကျန်းမာရေးအဖွဲ့ ကလေး ဦးနှောက်အာရုံကြောဆိုင်ရာ ပညာရှင်ပါတယ်။ အလုပ်ပေးကုထုံးပညာရှင်တွေပါတယ်၊ speech therapish ပါရတယ်၊ ENT Surgeon တွေပါရတယ်၊ Psychologist တွေပါရတယ်ပေါ့ အများကြီးပါပဲ။ သူက ချက်ချင်းလည်း ဆုံးဖြတ်လို့မရဘူး။ ဒီကလေးကို အချိန်တော်တော်ကြာ လနဲ့ချီပြီးစောင့်ကြည့်ပြီးမှပဲ ဒီကလေး က အော်တစ်ဇင်ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို အော်တစ်ဇင်ရောဂါစုထဲမှာ ဖြစ်နိုင်တယ်ဆိုပြီး ကောက် ချက်ချရပါတယ်။

#မိမိတို့ကလေးဟာ အော်တစ်ဇင်ဖြစ်ပြီဆိုရင် ဘယ်လိုအဖွဲ့အစည်းနဲ့ဆက်သွယ်ပြီး ဘယ်လိုများဆောင်ရွက်ရပါ မလဲဆရာ။

အော်တစ်ဇင်ဖြစ်မှန်းသိပြီဆိုရင် ဆရာတို့မြန်မာနိုင်ငံမှာတော့ မြန်မာအော်တစ်ဇင်အသင်းကို ဆက် သွယ်လို့ရပါတယ်။ ၀က်ဘ်ဆိုက်လည်းတင်ထားတယ်။ Facebook လည်းဆက်သွယ်လို့ရပါတယ်။ တခြားအနေ နဲ့ ကလေးအထူးကုဆရာဝန်နဲ့ ဆက်သွယ်လို့ရပါတယ်။ နောက်ပြီး New Life Foundation ရှိတယ်။ ပုဂ္ဂလိက အထူးစောင့်ရှောက်မှု လိုအပ်တဲ့ကလေးတွေအတွက် ဖွင့်ထားတဲ့ ကျောင်းတွေရှိပါတယ်။ နောက်လူမှုဝန်ထမ်း ဦးစီးဌာနတို့၊ မသန်စွမ်းသက်ငယ်ကျောင်းတို့ အဲဒီတို့ကို ဆက်သွယ်လို့ရပါတယ်။

#အော်တစ်ဇင်ကလေးတွေရဲ့ မိဘတွေနဲ့ပတ်သက်ပြီး အသိပေးချင်တာများ ရှိရင်လည်းပြောပြပေးပါဦး။

အခုနောက်ပိုင်းမှာ အော်တစ်ဇင်ကလေးတွေ ဖြစ်ပွားနှုန်းကများလာတယ်။ များလာတာက တကယ် များလာတာလဲဖြစ်နိုင်သလို မိဘတွေကော ဆရာဝန်ဆရာမတွေကော ပြည်သူလူထုတွေကော ဒါနဲ့ပတ်သက်ပြီး အသိဉာဏ်ပိုရှိလာတာလည်း များလာတာပါပါတယ်။ နောက်ပြီး ဆန်းစစ်ပုံ ဆန်းစစ်နည်းတွေလည်း ပိုပြီးတော့ ကောင်းမွန်လာတဲ့အတွက် အသုံးများလာတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အော်တစ်ဇင်ဖြစ်လာ ပြီဆိုရင် ရှက်စရာ ကြောက်စရာမလိုဘူး။ အားငယ်စရာလည်းမလိုဘူး။ စောစောသိပြီး မှန်ကန်တဲ့လေ့ကျင့် ကုသမှုရဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့်မို့ မိဘတွေအနေနဲ့ကတော့ ကိုယ့်ကလေး အော်တစ်ဇင် ဖြစ်ရင် စိတ်ပျက်အားငယ်တာတော့ ဖြစ်တာပေါ့နော်။ အဲဒီစိတ်ပျက် အားငယ်တာနဲ့ ရပ်မသွားဘဲနဲ့ ဒီကလေးကို ဆက် လက်ပျိုးထောင်ဖို့နဲ့ စိတ်ဓာတ်ခွန်အားတွေထားကြပါ။ လိုအပ်တဲ့အကူအညီရှိရင်လည်း ကျွန်တော်တို့မြန်မာ အော်တစ်ဇင်အသင်းကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်လို့ ပြောကြားလိုပါတယ်။

Health Guide
ဒေါက်တာမြင့်လွင်
Dicetor of Autism Association
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ