Osteoporosis အရိုးပွရောဂါ


၁။ ဆရာကျွန်မကအသက် ၆၂ နှစ်ပါ။ အရိုးပါးနေတယ်လို့ဆရာဝန်ကပြောပါတယ်။ လက်ကောက်ဝတ်လည်း ကျိုးထားပြီးပါပြီ။ ကျေးဇူးပြု၍ဘာဆေးတွေ အမြဲသောက်ရမလဲသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။

၂။ ကျမ၏အမေပါ။ အသက်ကတော့ ၅၈ နစ်ပါ။ အသွားအလာမရှိပါ။ အထိုင်များပါသည်။ သွေးဆုံးပြီး ကတည်းက ဒူးခေါင်းအကွေးအဆန့် ခက်ခဲလာပါ တယ်ရှင့်။ အိမ်သာအတက်အဆင်းလည်း အဆင်မပြေပါ။ ဓါတ်မှန် ရိုက်သော်လည်း ဘာရောဂါမှမရှိပါ။ ဒူးခေါင်းပြန်ကောင်းလာအောင် ဘယ်လိုပြုမူနေထိုင်ရမည်ကို ညွှန်ကြားစေလိုပါတယ်။

၃။ ဆရာရှင့် မေးစရာရှိလို့မေးခွင့်ပြုပါ အမေအသက်က ၆၅ နှစ် ရှိပါပြီ။ အခုမိုးတွင်းမှာ ချော်လဲသွားလို့ လက်ကောက်ဝတ်နှင့် တင်ပဆုံရိုးအက်သွားပါတယ်။ အရိုးသိပ်သည်းဆတိုင်းတော့ အရိုးပွနေတယ်ပြောပါတယ်။ ဆေးထိုးလို့ရတယ်ပြောပါတယ်။ တစ်နှစ်ခံသောဆေးကို တစ်ခါထိုးတာနှင့် နေ့တိုင်း တစ်နေ့တစ်လုံးနှုံးနှင့် တစ်နှစ်ထိုးတာ ဘယ်နည်းမှာ အကျိုးအာနိသင် ကွာခြားမှုနှင့် ဆိုးကျိုးရှိမရှိသိချင်ပါတယ်။

၎။ ကျွန်တော့်အမေက ရန်ကုန်မှာနေပါတယ်။ အသက်က ၅၈ နှစ်ရှိပါပြီ။ ရောဂါဖြစ်တာက အောက်ပိုင်း ပူတဲ့ရောဂါ ဖြစ်ပါတယ်။ ခြေထောက်တွေပူတယ်။ ဆေးထိုးဆေးသောက် လုပ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပါတတ်ခန့်က အရိုးကိုစစ်တဲ့ စက်ဆိုလား အခမဲ့စစ်ပေးတယ်ဆိုလို့ စစ်ကြည့်တာ အရိုးပါးတာ အဆင့် ၃ ကိုရောက်နေပြီပြောပါတယ်။ အဲတာနဲ့ ဆေပေးလိုက်ပါတယ်တဲ့။ တစ်ပါတ်ကို တစ်လုံးသောက်ရတဲ့ဆေး။ အရိုးပါးရောဂါဖြစ်တဲ့သူ ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိချင်ပါတယ်ဆရာ။ ကျွန်တော်က နိုင်ငံခြားမှာဆိုတော့ အဝေးကပဲဂရုစိုက် နိုင်ပါတယ်။

၅။ ဆရာခင်ဗျာ။ osteoporosis နဲ့ osteomalacia မှာ ဘယ်ဒင်းက အရိုးပွပြီး ဘယ်ဟာက အရိုးပါးတာပါလဲခင်ဗျာ။ Porosis ကို ပွတယ်လို့ မှတ်သားထားနေမိလို့ပါ။

၆။ အမေ လွန်ခဲ့တဲ့ ၃ လခန့်က ချော်လဲတော့ အရိုးအထူးဆရာက မြီးညောင့်ရိုးကျိုး သွားပါတယ်။ ဓါတ်မှန်အရ ကျောရိုးမကြီးကလဲ စိုးရိမ်လောက်အောင် ပါးနေပါတယ်လို့ဆိုပါတယ်။ ဒီအတွက် Bifosa 70 ကို တပတ်တလုံး သောက်ခဲ့တာ အခုဆို ၃ လ နီးပါးဖြစ်လာပြီ။ တိုက်ဆိုင်မှုတခုက အသက် ၇၁ နှစ်အထိ သွားမနာဘူးတဲ့ အမေက အခုအခါ ဟိုသွားကနာ ဒီသွားကနာ ခဏခဏဖြစ်လာပါတယ်။ အဲဒါ bifosa 70 ကြောင့်လား။ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေက ဘာတွေလဲ။ ရေရှည်စွဲသောက်လို့ရပါသလား။ တခြားပတ်သက်ရာ သိသင့်သည်များကိုလဲ ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျား။ ကြာရှည်သောက်ရင် မေးရိုးဆွေးတတ်တယ်ဆိုတာကြားဘူးပါတယ်။ မှန်ပါသလားခင်ဗျား။

Osteomalacia ဟာ အရိုးတွေပျော့တာလို့ဆိုပါတယ်။ အရိုးတည်ဆောက်ဘို့ လိုအပ်တဲ့ ဖေါ့စ်ဖါးရပ်စ်နဲ့ ကယ်လ်စီယမ် တွေနည်းလို့ဖြစ်တယ်။ ဒါမှမဟုတ် ကယ်လ်စီယမ်တွေကို ပြန်လည်စုပ်ယူတာက လိုတာထက်များလို့ဖြစ်တယ်။ ဒုတိယနည်းကို ပါရာသိုင်းရွိုက် အလုပ်ပိုလုပ်တာကနေ ဆက်ဖြစ်တယ်။ ကလေးတွေမှာ Osteomalacia ဖြစ်တာကို Rickets လို့ခေါ်တယ်။ အရိုးပျော့ရောဂါလို့ အစဉ်အလာဘာသာပြန်တယ်။ Osteoporosis ဆိုတာက အရိုးထုထည်နဲ့ သိပ်သည်းဆနည်းလာတာဖြစ်တယ်။ ကျိုးလွယ်စေတယ်။ Bone mineral density (BMD) တိုင်းရင် နည်းနေမယ်။
Osteoporosis (အော်စတီယို ပိုရိုးဆစ်) ကို အရိုးအားနည်းရောဂါ၊ ဒါမှမဟုတ် အရိုးပွရောဂါလို့ ဘာသာပြန်တာ သင့်မယ် ထင်ပါတယ်။ အမျိုးသမီး၊ အသက်ကြီးသူတွေမှာ အဲလိုဖြစ်တာကို Osteoporosis (အော်စတီယို ပိုရိုးဆစ်) လို့ခေါ်တယ်။ အရိုးအားနည်းတာပြောလဲ မှန်တယ်။ အားနည်းတော့ ကျိုးလွယ်မယ်။ အရိုးရောဂါထဲမှာ အများဆုံးဖြစ်တာလို့ ပြောနိုင်တယ်။

ကယ်လ်စီယမ်နဲ့ တခြားဓါတ်တွေကို စစ်ဆေးရင် နည်းနေတာတွေ့ရမယ်။ လူကြီးပုံမှန် 9.0 to 10.5 mg/dL နဲ့ ဒါမှမဟုတ် 2.25 to 2.75 mmol/L လို့ အဖြေထွက်မယ်။ ကလေးဆိုရင် 7.6 and 10.8 mg/dL ဒါမှမဟုတ် 1.9 to 2.7 mmol/L လို့ အဖြေထွက်မယ်။ အမျိုးသမီးတွေ အသက် ၅ဝ ကျော်လာရင် တဝက်လောက်မှာဖြစ်တယ်။ အရိုးတခုခုကျိုးပြီး ဆေးရုံရောက်လာကြတယ်။ အရိုးဆိုတာ အသက်ရှိနေသ၍ အသစ်ဖြစ်လိုက်၊ အိုဟောင်းလိုက်၊ သေသွားလို့ အစားထိုးလိုက်နဲ့ သံသရာလည်နေတယ်။ အသစ်အစားမထိုးနိုင်လာရင် ဒီရောဂါဖြစ်လာမယ်။

Calcium (ကယ်လ်စီယမ်) နဲ့အတူ Vitamin D ဗီတာမင် (ဒီ) လဲ အတူတူလိုတယ်။ တချို့လူမျိုးတွေ၊ တချို့မိသားစုတွေမှာ ပိုဖြစ်ကြတယ်။ အမျိုးသမီးတွေမှာ Estrogen ဟော်မုန်း၊ အမျိုးသားတွေမှာ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်း နည်းလာချိန်ဖြစ်တဲ့ တချို့ရောဂါတွေအတွက်ပေးနေရတဲ့ ဆေးတွေကြောင့်လဲ ဖြစ်တယ်။ အိပ်ယာထဲ အကြာကြီး လဲနေရသူတွေ၊ အရက်သောက်များသူတွေ၊ ပိန်သူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ပိုတွေ့ရတယ်။ ရောဂါရှိနေပေမဲ့ ဘာမှ မခံစားရတာကများတယ်။ အရိုးကျိုးမှ စစ်တော့သိလာရတတ်တယ်။ ခါးရိုးထဲက နာတာကြာသူတွေ စစ်သင့်တယ်။ ရောဂါဖြစ်လို့ကြာရင် တချို့က အရပ်ပုသွားကြတယ်။ Bone mineral density စစ်ဆေးနည်း လုပ်ရတယ်။ DEXA scan နည်းလုပ်တာများတယ်။ အရိုးတွေကို ဓါတ်မှန်လဲရိုက်တယ်။ မကျိုးဘဲရိုက်ကြည်တာနဲ့တော့ မသိနိုင်ပါ။

လူနေမှုပုံစံပြောင်းရတော့မယ်။ အစားအသောက်ပြင်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ ကယ်လ်စီယမ် နဲ့ ဗီတာမင် (ဒီ) သောက်ပါ။ Bisphosphonates (Bifosa 70 mg) ဆေးကို အများဆုံးပေးတယ်။ ဘေးထွက်ဆိုးကျိုး မရှိသလောက်ပါ။ Hypercalcemia သွေးထဲမှာ (ကယ်လ်စီယမ်) များနေခြင်းဆိုတာ ဆေးသောက်လို့ ရောဂါရတဲ့အထိမဖြစ်ကြပါ။ ကျောက်ကပ်မှာရောဂါရှိမှသာ များနေမယ်။

အမျိုးသမီးတွေ ၄၅-၅ဝ နှစ်ဝန်းကျင် သွေးဆုံးချိန်မှာ ဒီရောဂါဖြစ်လာတယ်။ အသက် အသက် ၅ဝ ကျော်အမျိုးသမီးများ 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။ အသက် ၅၁ ကနေ ၇ဝ ဆိုရင် 1,200 mg of calcium နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ်လိုတယ်။ ယောက်ျား အသက် ၅၁ ကနေ ၇ဝ အတွက် ကယ်လ်စီယမ် 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။ အသက် ၇ဝ ကျော်သူတိုင်း ကယ်လ်စီယမ် 1,200 mg နဲ့ ဗီတာမင် (ဒီ) 800 IU နေ့စဉ်လိုတယ်။

Estrogens, Teriparatide, Raloxifene, and Calcitonin တွေလဲ ပေးနိုင်တယ်။ ဆေးလိပ်၊ အရက် လျှော့ပါ-ဖြတ်ပါ။ ချော်လဲမှာမှန်သမျှ သိထားပါ။ ပင်လယ်ငါးများ၊ အရိုးပါစားလို့ရတဲ့ငါးတွေ၊ နွားနို့၊ ဒိန်ခဲ၊ တို့ဖူး၊ ဘရူကိုလီ ခေါ်တဲ့မုံလာပွင့် အစိမ်းရောင်တွေမှာ ကယ်လ်စီယမ် ပါတယ်။ ခွဲစိတ်ကုသဘို့လိုသူတွေကို Kyphoplasty နည်းနဲ့ Spinal fusion နည်းလုပ်ရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ