လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာ ၃၃၆ ဦးတွင် H1N1 ပိုးတွေ့လူနာ ၁၃၂ ဦးရှိပြီး ထပ်မံသေဆုံးမှုမရှိ


သြဂုတ် ၃ ရက် မွန်းလွဲ ၂ နာရီမှ ယနေ့မွန်းလွဲ ၂ နာရီအထိ H1N1 သံသယလူနာ၃၁ ဦးအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ H1N1 ပိုးတွေ့လူနာ ၂၂ ဦး ထပ်မံတွေ့ရှိကြောင်း၊ ဇူလိုင် ၂၁ ရက်မှ
ယနေ့မွန်းလွဲ၂ နာရီအထိ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာ ၃၃၆ ဦးရှိခဲ့ရာ ၎င်းတို့အနက် H1N1 ပိုးတွေ့လူနာ ၁၃၂ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၁၄ ဦးရှိကြောင်း၊ လတ်တလောပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် သေဆုံးမှုနှုန်းမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ယနေ့မွန်းလွဲ ၂ နာရီအထိအထူးကုဆေးရုံကြီး(ဝေဘာဂီ)၌ H1N1 ပိုးတွေ့အတွင်းလူနာ ၂၇ ဦးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ် ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့အတွင်းလူနာ ၃၅ ဦး
စုစုပေါင်း ၆၂ ဦးဆက်လက်ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယနေ့အထိ ဆေးရုံတက်ရောက်ကုသရသော H1N1 ပိုးတွေ့အတွင်းလူနာများအနက် ရောဂါပျောက်ကင်း၍ဆေးရုံဆင်းလူနာ ၄၅ ဦးရှိခဲ့ကြောင်း။

ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအင်းစိန်၊လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊
ညောင်တုန်း၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးမြို့နယ်တို့တွင် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့(Rapid Response Team) များသည် ဇူလိုင် ၂၄ ရက်မှစ၍ ပိုးတွေ့လူနာများနေထိုင်ရာရပ်ကွက်/ကျေးရွာများအတွင်းရှိ အိမ်များသို့သွားရောက်ပြီး ကျန်းမာရေးပညာပေးခြင်း၊
အတူနေထိုင်သူများ၏ ကျန်းမာရေးအခြေအနေကိုစစ်ဆေးခြင်း၊ လူနာအိမ်နှင့်အနီးပတ်ဝန်းကျင်အိမ်များတွင် ဖျားနာလူနာများရှိ၊ မရှိ စုံစမ်းထောက်လှမ်းခြင်းတို့ကိုကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း။

ရာသီတုပ်ကွေးရောဂါပိုး Seasonal Influenza A(H1N1) အား ဂျပန်နိုင်ငံရှိ National Institute of Infectious Diseaseဓာတ်ခွဲခန်းသို့ မျိုးရိုးဗီဇပြောင်းလဲမှုရှိ၊ မရှိ၊ပုံမှန်တုပ်ကွေးရောဂါပိုး ဟုတ်၊ မဟုတ်၊ ကြက်ငှက်တုပ်ကွေးရောဂါပိုးနှင့် မျိုးပေါင်းစပ်မှုရှိ၊ မရှိ ပေးပို့စစ်ဆေးခဲ့ရာ ရောဂါပိုးမှာတစ်ကမ္ဘာလုံးပုံမှန်ပျံ့နှံ့သည့် ရာသီတုပ်ကွေးရောဂါပိုးအမျိုးအစားဖြစ်ပြီး ပုံမှန်ကုသသည့်Antiviral ဆေးများအား ၉၅ ရာခိုင်နှုန်းမှ
၉၈ ရာခိုင်နှုန်းအထိ တုံ့ပြန်မှုရှိသည်ကိုတွေ့ရှိရကြောင်း။

အထူးသဖြင့် ရာသီတုပ်ကွေးရောဂါပြင်းထန်စွာခံစားရနိုင်သော အသက်အရွယ်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါရှိသူများနှင့်ကိုယ်ခံအားနည်းသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကို စနစ်တကျအထူးသတိပြုလိုက်နာကြရန်လိုအပ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ