ဦးနှောက်အကျိတ်ကင်ဆာ


အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းကို မြန်မာပြည်မှာလူသိများသည်။ အသက် ၈၁ နှစ်အရွယ်ရှိနေပြီဖြစ်သော ဂျွန်မက်ကိန်းမှာ ဦးနှောက်ကင်ဆာဖြစ်နေကြောင်း မကြာသေးမီကသတင်းတွေထွက်လာခဲ့သည်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖူးခဲ့သူတစ်ဦးလည်းဖြစ်သည့် ဂျွန်မက်ကိန်း၏ ဦးနှောက်အကျိတ်ရောဂါနှင့်ပတ်သက်ပြီး ပညာရှင်တွေအကျေအလည်ဆွေးနွေးကြသည်။ ထင်ရှားကျော်ကြားသူ အမေရိကန်နိုင်ငံရေးသမားကြီး၏ ဦးနှောက်ကင်ဆာအတွက် အကောင်းဆုံးသော ကုသမှုသုတေသနတွေကို ပြန်လည်စစ်ကြောကြသည်။

Glioblastomaဟု အမည်ရသည့်ဦးနှောက်အကျိတ်ကို အဆင့်တွေခွဲထားသည်။ အဆင့် ၁ နှင့် အဆင့် ၂ ဆိုရင် အကျိတ်၏ ကြီးထွားမှုနှုန်းနှေးကွေးသည်။ ခေါင်းထဲကအကျိတ်ကို ခွဲထုတ်ပြီးလျှင်ပြန်ကြီးလာသည့်နှုန်းနှေးသည်။ အဆင့် ၃ နှင့် အဆင့် ၄ ဆိုလျှင်အခြေအနေမကောင်း။ တစ်နှစ်ပြည့်အောင်အသက်ရှည်ဖို့က အလွန်နည်းသွားသည်။ခေါင်းထဲကအကျိတ်ကိုရသလောက်ခွဲထုတ်၊ဓာတ်ရောင်ခြည်ပေးပြီး Temozolomide ဟုအမည်ရသည့် ကင်ဆာဆေးကိုပေးပြီးကုသကြသည်။ လက်ရှိကာလ နိုင်ငံတကာ
မှာအဆင့် ၃ နှင့် ၄ ဦးနှောက်ကင်ဆာတွေကို သည်လိုပဲလက်ခံကုသနေကြသည်။

ဦးနှောက်ကင်ဆာအကျိတ်ကုသမှုများကို ရလဒ်ပိုကောင်းသည် ထက်ကောင်းအောင်သုတေသနပြုနေကြတာလည်းရှိသည်။
ဂျွန်မက်ကိန်းတစ်ယောက် ဦးနှောက်ကင်ဆာဖြစ်တော့ သက်ဆိုင်ရာပညာရှင်တွေက ကမ္ဘာတစ်လွှားမှ ဦးနှောက်ကင်ဆာသုတေသနတွေကိုစုဆောင်းပြီး ကောင်းနိုးရာရာရှာဖွေကြသည်။ Vaccines ဟုခေါ်သည့် ကာကွယ်ထိုးဆေးများမှသည် မျိုးဗီဇကုထုံးများအလယ်ကိုယ်ခံစွမ်းအား ကုထုံးဖြစ်သည့် Monoclonal antibodies ကုထုံးများအထိ ဦးနှောက်ကင်ဆာအတွက် စမ်းသပ်ကုသသုတေသနကုထုံး ၈၇ ခု တွေ့ရှိကြသည်။ သို့ပေမယ့်ထိုကုထုံးတွေကစံပြကုသမှုအဖြစ် လက်ခံကြသေးတာတော့ မဟုတ်ပြန်ပါ။

ဦးနှောက်အကျိတ်ဆိုတာမျိုးက ပုံမှန်ဦးနှောက်သားတွေနှင့် ရောစပ်နေတတ်သည်။ထို့ကြောင့် ဦးနှောက်အကျိတ်ကိုပြောင်စင်အောင်ခွဲစိတ်ထုတ်ဖို့ကမလွယ်ကူပါ။ ကုန်စင်အောင်ထုတ်ပစ်ဖို့ ကြိုးစားပြန်လျှင်လည်းလူနာခမျာစကားမပြောနိုင်၊ ပုံမှန်တုံ့ပြန်မှုတွေမရှိတော့ပဲ ဒုက္ခိတဘ၀အဖြစ် ကျန်နေတတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာအမေရိကန် FDA က ဦးနှောက်အကျိတ်တွေကိုပန်းရောင်အဖြစ် ပြောင်းလဲလိုက်နိုင်သည့် ရောင်ခြယ်ဆေးတစ်မျိုးကိုအသုံးပြုခွင့်ပေးခဲ့သည်။ Gleolan ဟုအမည်ရသည့်ထိုရောင်ခြယ်ဆေးကို မခွဲစိတ်မီ သုံး၊ လေးနာရီအလိုမှာ သောက်ထားလိုက်ခြင်းဖြင့်ဦးနှောက်သားတွေထဲ လက်ချောင်းများသဖွယ် ထိုးယှက်ဆက်နွှယ်နေသည့် ကင်ဆာအကျိတ်သားတွေကိုအလွယ်တကူမြင်တွေ့ခွဲစိတ်နိုင်တော့မှာဖြစ်သည်။

ဦးနှောက်ကင်ဆာကို ခွဲစိတ်တော့မည်ဆိုလျှင် အကျိတ်ကိုရသလောက်ခွဲထုတ်နိုင်ဖို့ အလွန်အရေးကြီးသည်။ အကျိတ်စင်လျှင်စင်သလောက် လူနာအသက်ရှည်မည်။
၂၀၁၆ ခုနှစ်အတွင်း ဦးနှောက်ကင်ဆာလူနာ ၄၁၀၀၀ အပေါ် ပြုလုပ်ခဲ့သည့် သုတေသနမှာ ဦးနှောက်အကျိတ်တစ်ခုလုံးကို ထုတ်ပစ်လိုက်နိုင်သည့် လူနာများကတစ်နှစ်အတွင်းမှာ သေဆုံးနိုင်ခြေ ၃၈ ရာခိုင်နှုန်းပိုမိုနည်းပါးကြောင်းတွေ့ရသည်။

ဦးနှောက်အကျိတ်ကို ရသလောက်ထုတ်နိုင်လေလေ အသက်ပိုရှည်လေဆိုပေမယ့် ဦးနှောက်အကျိတ်ခွဲစိတ်မှုသည်ဦးနှောက်ကင်ဆာကို လုံးဝပျောက်ကင်းသွားစေမည့် ကုထုံးတော့မဟုတ်ပါ။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ဦးနှောက်အကျိတ်ဖြစ်သည်နှင့် ရောဂါဖြစ်သည့် ဦးနှောက်အခြမ်းတစ်ခုလုံးကိုထုတ်ပစ်လေ့ရှိသည့် ကုထုံးတွေရှိခဲ့ဖူးသည်။ ဦးနှောက်တစ်ခြမ်းကို ထုတ်ပစ်သော်လည်းလူနာတွေ အသက်ပိုရှည်မလာကြပါ။ ကျန်ခဲ့သည့် ဦးနှောက်အခြမ်းကိုကင်ဆာတွေထပ်ပွားပြီး သိမ်းပိုက်လိုက်ကြပြန်သည်။

အခြားသော ကင်ဆာတွေလို ကင်ဆာကျိတ်ကိုခွဲစိတ်ထုတ်ပြီးသည့်နောက် ကင်ဆာဆေးများဖြင့် ဦးနှောက်ကင်ဆာတွေကို ကုသခဲ့ကြသည်။ လအနည်းငယ်တော့ ထိန်းနိုင်သည်။ သို့ပေမယ့် ကင်ဆာဆဲလ်တွေကပုံပြောင်းရုပ်ဖျက်ပြီးကင်ဆာဆေးတွေ မထိန်းနိုင်သည့် လမ်းကြောင်းမှ ဆက်လက်ကြီးထွားလာကြသည်။ နောက်အရေးကြီးသည့်အချက်က ဦးနှောက်ဆိုတာမျိုးက တော်တန်ရုံဆေးတွေ ရောက်ဖို့ခက်ခဲသည်။
Blood-brain barrier ခေါ်သည့် ကြားခံနယ်ခြားဖြင့်ကာရံထားသည်။ ထိုနယ်ခြားကို ဖြတ်သန်းနိုင်သည့် ကင်ဆာဆေးများသာလျှင် ဦးနှောက်ကင်ဆာမှာအသုံးပြုလို့ရနိုင်သည်။ ပြင်းထန်မှုနှုန်းကိုခဏမေ့ထားပြီး ဦးနှောက်အကျိတ်ကင်ဆာဖြစ်ပြီဟေ့ ဆိုသည်နှင့် ထိုလူနာများ၏ ထက်ဝက်လောက်သာ နောက်ထပ်
၁၅ လအထိ အသက်ရှည်ကြသည်။

Chemotherapy ဟုခေါ်သည့် သမားရိုးကျကင်ဆာဆေးတွေက ကင်ဆာဆဲလ်များကြီးထွားမှုကိုပဲထိန်းနိုင်ကြသည်။ တကယ်တမ်းကျတော့ ကင်ဆာ၏ မူလရင်းမြစ်ကဆဲလ်ကလာပ်စည်းများအတွင်းမှ မျိုးဗီဇ(Gene)များမှ သန္ဓေတည်ကြခြင်းဖြစ်သည်။ ထိုမျိုးဗီဇများကို ထိန်းချုပ်နိုင်ဖို့မော်လီကျူးအဆင့်ထိ နားလည်ထားဖို့လိုသည်။ မျိုးဗီဇမော်လီကျူးများအထိ ပြုပြင်ကုသနိုင်သည့်ဆေးများကို Molecularly Targeted therapy ဟုခေါ်သည်။ မက်ကိန်း၏ ဦးနှောက်ကင်ဆာကို အဆင့်မြင့်မြင့်ကုသဖို့အတွက် ထိုမျိုးဗီဇစစ်ဆေးမှုများကိုအမေရိကန်ဒေါ်လာ ရှစ်ထောင်အထိ အကုန်အကျခံပြုလုပ်ဖို့ပြင်ဆင်ထားကြသည်။

အရေးကြီးသည့်အချက်က ဦးနှောက်ကင်ဆာလူနာများ၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိသာလျှင် ထိုမျိုးဗီဇတိုက်ရိုက်ကုထုံးများဖြင့် အောင်မြင်စွာကုသခံနိုင်မှာဖြစ်သည်။ကျန်သည့် ၉၇ ရာခိုင်နှုန်းသော ဦးနှောက်ကင်ဆာလူနာများကထိုအဆင့်မြင့်ဆေးများဖြင့် အကျိုးကျေးဇူးရမှာမဟုတ်ပါ။

Glioblastoma ဦးနှောက်ကင်ဆာအကျိတ်ထဲမှာကမတူညီသည့် ကင်ဆာဆဲလ်မျိုးစုံရှိနေသည်။ ထို့အတွက်ကြောင့် ကင်ဆာကုထုံးတစ်မျိုးတည်းဖြင့် ကုသလို့မအောင်မြင်နိုင်။ထို့ကြောင့် ဦးနှောက်ကင်ဆာတွေကိုမတူညီသည့် ဆေးအမည်များဖြင့် တစ်မျိုးပြီးတစ်မျိုးကုသကြမည်ဟု သုံးသပ်ကြတာလည်းရှိသည်။

ဦးနှောက်ကင်ဆာများအတွက် နောက်ထပ်ကုထုံးတစ်ခုက ကိုယ်ခံစွမ်းအားကုထုံးဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက CAR-T ဆဲလ်အမည်ရ ကိုယ်ခံစွမ်းအားကုထုံးသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ဦးနှောက်ကင်ဆာလူနာတစ်ဦးထံမှ ကိုယ်ခံစွမ်းအားဆဲလ်များကိုထုတ်ယူပြီး မျိုးဗီဇအင်ဂျင်နီယာပညာရပ်ဖြင့် ဖော်ထုတ်ထားသည့် ဆေးဖြစ်သည်။ ထိုဆေးကို အသက်၅၀ အရွယ် ဦးနှောက်ကင်ဆာလူနာတစ်ဦးမှာစမ်းသပ်ခဲ့သည်။ ထိုလူနာကဦးနှောက်ကင်ဆာကို ခွဲစိတ်ကုသ၊ ဓာတ်ရောင်ခြည်ပေးပြီးနောက် Temozolomide ဆေးဖြင့်ထပ်မံကုသခဲ့ပြီးမှ ဦးနှောက်ကင်ဆာပြန်ကြွလာခဲ့သူဖြစ်သည်။ ထိုလူနာ၏ ဦးနှောက်ထဲကို CAR-T ဆဲလ်တွေ အကြိမ်ကြိမ်ထိုးသွင်းစမ်းသပ်ခဲ့သည်။

ဦးနှောက်အကျိတ်က ကျုံ့ဝင်သွားခဲ့ပြီးရှစ်လကြာသည်အထိ ထိုလူနာအသက်ရှည်ခဲ့သည်။

ရှစ်လကြာပြီးသည့်နောက် ဦးနှောက်အတွင်း နေရာအတော်များများမှာ ကင်ဆာကျိတ်တွေ လျင်မြန်စွာပြန်ပေါ်လာခဲ့ပြီးလူနာကွယ်လွန်ခဲ့သည်။ ဦးနှောက်ကင်ဆာများ၏ နောက်ခံမျိုးဗီဇချို့ယွင်းမှု သို့မဟုတ်
ကင်ဆာဖြစ်စေရခြင်း၏ အကြောင်းရင်းများမှာ ထင်ထားသည်ထက် ပိုရှုပ်ထွေးနေသည်။တချို့သောကင်ဆာများလို ပစ်မှတ်တစ်ခုတည်းကို ချိန်ရွယ်ကုသလို့မရနိုင်။ ဦးနှောက်ကင်ဆာဆဲလ်တွေ
ထဲမှာကိုက နောက်ခံမျိုးဗီဇမတူညီသည့် ကင်ဆာဆဲလ်တွေပါဝင်ပတ်သက်နေကြောင်း ပညာရှင်တွေ ပိုမိုနားလည်လာကြပါပြီ။

အချို့ပညာရှင်များကတော့ Vaccines ထိုးဆေးများဖြင့် ဦးနှောက်ကင်ဆာကိုကုသဖို့ သုတေသနပြုကြသည်။ ဦးနှောက်ကင်ဆာဆဲလ်များပေါ်မှာတွေ့ရသည့် မော်လီကျူးများကို ထိုးဆေးအဖြစ်ပြုပြင်ဖန်တီးပြီး လူနာများကို ထိုးနှံပေးခြင်းဖြစ်သည်။
သို့သော် သဘောတရားအရဦးနှောက်ကင်ဆာလူနာတစ်ယောက်အတွက် ထိုးဆေးတစ်မျိုးစီထုတ်လုပ်ပေးရမလိုဖြစ်နေသည်။ထိုသို့ လူနာတစ်ယောက်ချင်းစီအတွက် ထိုးနှံပေးနိုင်တာတောင်မှ ဦးနှောက်ကင်ဆာကျိတ်တွေက ပြန်လည်ထကြွလာဦးမှာဖြစ်သည်။

သုတေသနအဖွဲ့အစည်းတစ်ခုကတော့မော်လီကျူးပုံစံမျိုးစုံပါသည့် ထိုးဆေးတစ်မျိုးကိုထုတ်လုပ်ဖန်တီးပြီး ဦးနှောက်ကင်ဆာလူနာ ၃၃၁ ဦးမှာ စမ်းသပ်ထိုးနှံခဲ့သည်။ DCVax-L အမည်ရ ထိုထိုးဆေးဖြင့် ကုသခြင်းခံရသူလူနာများ၏ ၄၀ ရာခိုင်နှုန်းမှာနောက်ထပ် ၃၅ လအထိ အသက်ရှင်နေကြကြောင်းတွေ့ကြရသည်။ လူနာများ၏ ၂၄ ရာခိုင်နှုန်းမှာ နောင်လေးနှစ်ကြာသည်အထိအသက်ရှည်နေကြကြောင်း တွေ့ရပြန်သည်။ ထိုဆေးကိုမထိုးနှံခဲ့သည့် လူနာများ၏ ၈ ရာခိုင်နှုန်းသာလျှင် နောင်လေးနှစ်မှာ အသက်ရှည်နေကြခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ဖို့ဖြစ်သည်။

အထက်ပါ သုတေသနကုထုံးများကမျက်မှောက်ခေတ် ဦးနှောက်ကင်ဆာကုထုံးများထဲမှ အထင်ရှားဆုံးကုထုံးများဖြစ်သည်။
အမတ်မင်းဂျွန်မက်ကိန်း၏ ဦးနှောက်ကင်ဆာရောဂါအတွက် မည်သို့မည်ပုံကုသကြမည်လဲဆိုသည်ကို ဆက်လက်စောင့်ကြည့်ကြဖို့ဖြစ်ပါကြောင်း။ ။

ဒေါက်တာလွှမ်းမိုးဟန်
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ