Stress and Infertility စိတ်ဖိအားများတာနဲ့ သားသမီးမရနိုင်တာ ဆက်စပ်မှုရှိ


သားသမီးမရသေးလို့မေးကြတာ နေ့တိုင်း တနေ့မှာ ၄-၅ ယောက်ရှိတယ်။ ချို့စာရေးတာ နားမလည်ပါ။ ကလေးယူနေတာ ဘယ်လောက်ကြာပြီတဲ့။ ယူတယ်လို့သုံးတာ အဓိပ္ပါယ်တမျိုးမကဖြစ်နိုင်လို့ အပြန်ပြန် အလှန်လှန် စဉ်းစားနေရတယ်။ ပေးတာကို ယူတယ်။ မပေးတာကိုယူရင် လုယူတယ်။ ကြိုးစားနေတယ်က မှန်တယ်။ တားဆေးမသုံးဘူး ပြောလို့ရတယ်။ ပုံမှန်အတွဲတွေမှာ အိမ်ထောင်ကျတာနဲ့ ကလေးယူဘို့ ထူးပြီးဆောင်ရွက်စရာမလိုပါ။ ကိုယ်ဝန်မရအောင်သာ တားဆေး၊ တားနည်း တခုခုသုံးရတယ်။ အချိန်တန်လို့ မရသေးရင်သာ ကြိုးစားရပါတယ်။

၂၅-၃-၂ဝ၁၄ နေ့လန်ဒန်ကလာတဲ့ ကျန်းမာရေးနဲ့ဆေးပညာသတင်းမှာပါတာပါ။ စိတ်ဖိအားများတာကို တိုင်းတာစရာကတော့ အာလ်ဖါအမိုင်းလေ့စ် ခေါ်တဲ့ အင်ဇိုင်းမ်တမျိုးဖြစ်ပါတယ်။

ကလေးမရနိုင်သေးတဲ့ အမျိုးသမီးတွေရဲ့ သွားရည်ထဲမှာအဲဒီ အင်ဇိုင်းမ် ဘယ်လောက်များသလဲကို တိုင်းတာပြီး၊ တခြားအမျိုးသမီးတွေမှာရှိတာနဲ့ နှိုင်းယှဉ်ပြီးမှ ကောက်ချက်ဆွဲလိုက်တာပါ။ စိတ်ဖိအားများနေတဲ့ တနည်းအားဖြင့် အင်ဇိုင်းမ်များနေတဲ့ အမျိုးသမီးတွေဟာ ၃ဝ% ကလေး ရနိုင်စွမ်းနည်းကြတယ်။ အင်ဖါတလတီ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ထက်ဝက်လောက်သာရှိတယ်။ အင်ဖါတလတီ ကလေးမရနိုင်ခြင်းလို့ ဆေးပညာကသတ်မှတ်ချက်ထဲအကျုံးဝင်ဘို့ဆိုတာ ၁၂ လကြာ လင်နဲ့မယား အကာအကွယ်၊ တားနည်းတစုံတရာမသုံးကြဘဲအတူနေကြပေမဲ့ ကိုယ်ဝန်မရသေးသူကိုခေါ်တာ ဖြစ်ပါတယ်။

ဒီလိုမျိုးလေ့လာမှုကိုအရင်ကလဲတခါပြုခဲ့ပါတယ်။ အခုတခါမှာတော့ ပိုပြီးခိုင်မာတဲ့ကောက်ချက်ကို ဆွဲနိုင်လာပါတယ်။ ဒေါက်တာ လင့်ခ်ျနဲ့အဖွဲ့ကနေအသက် (၁၈) နှစ်ကနေ (၄ဝ) ရှိကြပြီး၊ ကလေးရဘို့ ကြိုးစားနေကြတဲ့ အမေရိကန် အမျိုးသမီးပေါင်း (၅ဝ၁) ယောက်ကို ၁၂ လတာလေ့လာ ဆန်းစစ်မှု လုပ်ခဲ့တာဖြစ်ပါတယ် ။ သူတို့မှာကလေးမရနိုင်အောင် သိသာတဲ့ အားနည်းချက်ဆိုတာလဲ မရှိကြ သူတွေဖြစ်တယ်။ စာရင်းသွင်းတဲ့နေ့ နောက် မနက်မှာနဲ့ ရာသီပဌမနေ့ မနက်တွေမှာရယူထားတဲ့ သွားရည်ထဲက အင်ဇိုင်းမ်တွေကိုတိုင်းတာပါတယ်။ အမျိုးသမီးပေါင်း (၃၇၃) ယောက်ဆီက ရလဒ်တွေဟာ သုတေသနမှာတန်းဝင်ခဲ့ပါတယ်။

ဒီသုတေသနရဲ့ အကျိုးတရားကတော့ ကလေးမရသေးသူတွေဟာ စိတ်ဖိအားကိုလျှော့နည်းစေပြီး၊ ကလေးအမေတွေ ဖြစ်လာနိုင်စရာရှိတာပါဘဲ။ ရောဂနည်း၊ တရားထိုင်နည်း၊ စိတ်ကိုပြုပြင်နည်းတွေကို သုံးနိုင်ကြပါတယ်။ နောက်ထပ် အကြံပေးချက်တခုကတော့ သားသမီးမရသေးတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်မြင်မနေကြဘို့ပါဘဲ။

မြန်မာအိမ်ထောင်ရှင်အမျိုးသမီးတွေ စိတ်ဖိအားနည်းနိုင်ကြပါစေ။ တရားဘာဝနာပွါးပြီး၊ သားသမီး ရတနာတွေ များများ ရနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ