Moles မှဲ့


ကျွန်မက (့) ပါ။ (့) မှာနေပါတယ်။ ဆရာရေးတဲ့ Melanoma မှဲ့ကင်ဆာ အကြောင်း ဖတ်ပြီးပါပြီ။ အဲဒီမှာ Elevated above the skin surface အရေပြားမျက်နှာပြင်အထက် ကြွတက်နေရင်၊ Firm to the touch ထိကြည့်ရင် တင်းနေရင် လို့ ပါတယ်။ ကျွန်မ ခန္ဒာကိုယ်မှာ မှဲ့နည်းနည်းများတယ်။ တချို့မှဲ့တွေက မွေးကတည်းက မျက်စိမှိတ်ပြီး ထိကြည့် ခံစားကြည့်လို့ ရတယ်။ တချို့ကတော့ မျက်စိနဲ့ကြည့်မှ မြင်ရတယ်။ တချို့က အသစ်ထွက်လာတယ်။ တချို့ကျတော့ မှဲ့ဖြစ်သွားတာပါ။ အားလုံးတော့ မဟုတ်ပါဘူး။ တချို့ပေါ့နော်။ အခုနောက်ပိုင်း အရင်အပ်ဖျားထောက်လောက် မှဲ့လေးက အခုနည်းနည်းလေးကြီးလာပြီး မျက်စိမှိတ် ကိုင်ကြည့်လို့ ရလာတယ်။ နောက်မှဲ့တလုံးက ညာဘက်ပေါင်လယ်မှာပေါ့။ မှဲ့ ၃ လုံးက ညာပေါင်ပတ်လည် ၄ လက်မလောက်စီကွာပြီး ရှိနေတယ်။ မွေးကတည်းက မှဲ့ပေါ့။ အခုထူးခြားလာတာက အလယ်ကမှဲ့ပါ။ အရင် အရွယ်အစား အတိုင်းကိုပဲ နည်းနည်း ကြွတက်လာတာပါ။ အရမ်းပွတ်ကြည့်ရင်တော့ နည်းနည်းယားသလိုပဲ။ သိပ်တော့မသေချာပါဘူး။ ဒီအတိုင်းနေရင် ဘယ်လိုမှတော့ မခံစားရပါဘူး။ ဓါတ်ပုံ ၃ ပုံရိုက်ပြီး ပို့လိုက်ပါတယ်။ မှဲ့တွေဘာလို့ အသစ်ထွက်လာကြတာလဲဆရာ။ ပြီးတော့ တိုက်ဆိုင်သလားတော့ မသိဘူး။ မှဲ့ ၂ လုံး အမြဲမနီးမဝေးမှာ ရှိနေတတ်တယ်။ ဥပမာ ဘယ်နားရွက်အောက်နားမှာ မှဲ့အသစ်၂ လုံး ထွက်လာတယ်။ တချို့နေရာတွေမှာ မှဲ့ ၂ လုံးစီ ရှိရှိနေတတ်တယ်။ ခြေဖနောင့် တခုမှာ တလက်မလောက်ကွာတဲ့ တူညီတဲ့ မွေးရာပါမှဲ့တစုံ၊ ကျောဘက်မှာ တလက်မခွဲလောက်ကွာတဲ့ မွေးရာပါ မှဲ့တစုံ၊ ဘယ်ဘက်ချက်နားမှာ တလက်မလောက်ကွာတဲ့ မွေးရာပါ မှဲ့တစုံ၊ ပြီးတော့ ဂုတ်တည့်တည့်မှာ ကိုင်ကြည့်လို့ရတဲ့ ခပ်ကြီးကြီးမှဲ့ကြီးနဲ့ လည်ပင်းတလျှောက် ပတ်ဆင်းလာတဲ့ ကြီး၊ လတ်၊ သေး မှဲ့ ၃ လုံးတန်းတစုံ၊ ညာပေါင်မှာ ရွယ်တူမှဲ့ ၃ သုံးတန်း ပတ်နေတဲ့ မွေးရာပါမှဲ့တတန်း၊ အဲလိုမှ တန်းမနေဘူး ဆိုရင်လည်း ဘယ်လက်မှာ မှဲ့အသစ်တလုံး ပေါက်လာရင် ညာဘက်မှာလည်း ပေါက်လာတယ်။ ဘယ်နဲ့ညာက နေရာကွက်တိ မဟုတ်ပေမယ့် အနီးတဝှိုက်တူတယ်။ မွေးရာပါ လက်ခုံမှာ အမှတ်တခု ပါရင် ညာလက်ခုံမှာလည်း တူတူပဲ။ ဘက်လက် အောက်မှာ မှဲ့တလုံးဆိုရင် ညာလက်အောက်မှာလည်းရှိတယ်။ လက်သီးဆုပ်အောက်ဘက်မှာ တလုံးစီ၊ လက်အလယ်အောက်မှာ ဘယ်ညာတလုံးစီ၊ လက်အလယ်အပေါ်မှာ ဘယ်ညာတလုံးစီ၊ တတောင်မှာ ဘယ်ညာ တလုံးစီ အဲလို ရှိနေတာ။ အဲဒါ တိုက်ဆိုင်တာလား တခုခုလားဆရာ။

Moles မှဲ့ ဆိုတာ မွေးရာပါ အမှတ်အသား Congenital mole အမျိုးအစားထဲမှာ ထည့်ရင်လဲရတယ်၊ Acquired mole မွေးပြီးမှ ဖြစ်တာတွေလဲ များလို့ မွေးရာပါစာရင်းထဲ မတည့်ကြတာ များတယ်။ အရေပြားမှာ အရောင်ဖြစ်စေတဲ့ Pigmented cells (ဆဲလ်) ဆိုတာရှိတယ်။ ဒါတွေက တခြားနေရာထက် ပိုပြီး အများကြီး စုဝေနေတာမို့ မှဲ့ ဖြစ်ရတယ်။ ဆေးစာမှာ Nevi လို့ခေါ်တယ်။ သေးသေးကနေ ကြီးကြီးဖြစ်မယ်။ တကိုယ်လုံး ဘယ်နေရာမဆို ဖြစ်နိုင်တယ်။

မှဲ့ရှိလို့ ထူးခြားတယ်၊ Beauty mark ဆွဲဆောင်မှုရှိတယ်၊ Unattractive အကြည့်ရဆိုးတယ်၊ ဘယ်လိုထင်ထင် မှဲ့ဟာ အန္တရာယ် မပေးပါ။ မဲနက်နေမှ မှဲ့လို့မခေါ်ပါ၊ ခပ်ညိုညို၊ ခပ်မွဲမွဲ၊ မဲနက်နက်၊ ခပ်ပြာပြာ၊ ပန်းရောင်၊ အနီရောင်တွေကလဲ မှဲ့ပါဘဲ။ ပုံပန်းကလဲ အမျိုးမျိုးရှိနိုင်တယ်။ အရွယ်အစားလဲ မထူးဘူး။ အပ်ထောက်လောက်ကနေ အင်္ဂါအစိတ်အပိုင်း တခုလုံး ဖုံးနေတဲ့အထိ ကြီးနိုင်တယ်။ ခန့်မှန်းခြေ လူတယောက်မှာ မှဲ့အရေအတွက် ၁ဝ ခုကနေ ၄ဝ အထိရှိတယ်။ ဒါပေမဲ့ အသစ်ဖြစ်လာတာ ရှိသလို ပျောက်သွားတာတွေလဲရှိလို့ အရေအတွက်က ဘဝတသက်တာမှာ ပြောင်းနေပါတယ်။

မှဲ့မျက်နှာပြင်ကလဲ အမျိုးမျိုးဖြစ်နေနိုင်တယ်။ ချောမွေ့၊ ပြားချပ်၊ ဖေါင်းကြွ။ ဖြစ်စမှာ ပြားပြီးညိုနေပေမဲ့ တချိန်မှာ ဖေါင်းပြီး အရောင်ရင့်လာ၊ နုလာတာမျိုးလဲ ဖြစ်နိုင်တယ်။ ငယ်တုံးမှာ နည်းနည်းရှိရာကနေ ဟော်မုန်း အပြောင်းအလဲတွေ ရှိလာတဲ့ နောက် ပိုများလာတတ်တယ်။ ဥပမာ လူပျိုပေါက်၊ အပျိုဖြစ်၊ ကိုယ်ဝန်ဆောင်၊ သွေးဆုံး။ အသက်ကြီးလာချိန် ဆိုပါစို့ ၃ဝ ကျော်မှာ မှဲ့အသစ်ဖြစ်လာရင်တော့ သတိထားပေးပါ။

ရှားရှားပါးပါး ကင်ဆာ ဖြစ်မလား စိုးရိမ်ရတာတော့ ရှိပါမယ်။ ဒါကြောင့် ကိုယ့်မှဲ့ကို အခုမေးတဲ့သူလို အရိပ်တကြည့်ကြည့် နေသင့်ကြတယ်။

• Painful နာမယ်၊
• Itching or burning ယားမယ်၊ ပူလောင်မယ်၊
• Oozing or bleeding သွေးထွက်၊ သွေးယို၊
• Asymmetry, when one half of the mole looks different မှဲ့ရဲ့ တဖက်ခြမ်းနဲ့ နောက်တခြမ်း မတူတာ ဖြစ်လာရင်၊
• Suddenly different in size, shape, color or elevation, especially if part or all of the mole turns black ရုတ်တရက် အရွယ်အစား၊ ပုံပန်း၊ အရောင်၊ ဖေါင်းကြွမှု၊ အထူးသဖြင့် မဲနက်လာတာ ဖြစ်လာရင် ဆရာဝန် ပြပါ။
• Irregular shapes ပုံပန်း မညီမညာဖြစ်လာရင်၊
• Irregular border အနားသတ်မညီမညာဖြစ်လာရင်၊

နေရောင်နဲ့ထိတာ တတ်နိုင်သမျှရှောင်ပါ။ Sunscreen သုံးပါ။ သူများ မမြင်စေချင်ရင် မိတ်ကပ်၊ သနပ်ခါးစတာတွေနဲ့ ဖုံးကွယ်ထားပါ။ မှဲ့ပေါ်ကပေါက်နေတဲ့ အမွှေးကို မရိတ်ပါနဲ့။

အရေပြားမှာရှိတဲ့ Melanocyte cells (မယ်လင်နိုဆိုက်-ဆဲလ်) တွေကနေ Melanin (မယ်လင်နင်) ရောင်ခြယ်တွေ အများကြီး စုဝေးတဲ့နေရာမှာ ထုတ်ပေးလို့ဖြစ်ရတယ်။ Atypical moles (dysplastic nevi) ဆိုတာက ခဲဖျက် အရွယ်ထက် ကြီးပြီး အလည်မှာ အရောင်ရင့်နေမယ်၊ အနားသတ် မညီတာမျိုး။ ကြည့်လိုက်ရင် ကြက်ဥကြော်ထားသလိုနေမယ်။ ကင်ဆာ မဟုတ်သေးပါ။ ဒါပေမဲ့ ဆေးစစ်ရလိမ့်မယ်။ Numerous moles မှဲ့တွေ သိပ်များနေသလား ၂ဝ ကျော် ရှိနေသလား။ ကင်ဆာမ မဟုတ်သေးပါ။ ဒါပေမဲ့ ဆေးစစ်ရလိမ့်မယ်။ မှဲ့ ၅ဝ မကရှိနေရင် ဆေးစစ်ပါ။

မှဲ့ကနေ ကင်ဆာ ဖြစ်ရင် Melanoma (မယ်လင်နိုးမား) ခေါ်တယ်။ အရေပြားအပေါ်ယံမှာဖြစ်တာမို့ စောစောသိစေလို့ ကံကောင်းတယ်။ Skin examination အရေပြားစစ်ဆေးတာလုပ်မယ်။ Biopsy အသားစဖြတ်ယူစစ်ဆေးတာ လုပ်မယ်။

ကင်ဆာလို့သိတာနဲ့ ခွဲစိတ်ထုတ်ရမယ်။ မှဲ့ကိုရော ဘေးနာက အရေပြားအကောင်းနေရာတချို့ပါ ခွဲစိတ်ထုတ်မယ်။ ခွဲစိတ်မှုက ခဏနဲ့ပြီးစီးတယ်။ Surgical excision ခေါ်တယ်။ ပြန်ချုပ်ပေးမယ်။ Surgical shave ဆိုတာက သေးသေးလေးတွေကိုလုပ်တယ်။ ချုပ်ရိုးမလိုဘူး။ ခွဲစိတ်ပြီးနောက်မှာ ပြန်ပေါ်ရင် ချက်ချင်း ဆရာဝန်ပြပါ။

Congenital mole မွေးရာပါမှဲ့ လူ ၁ဝဝ မှာ တယောက် မွေးရာပါမှဲ့နဲ့ မွေးလာတယ်။ မွေးကတည်းက မှဲ့ အကြီးကြီးဆိုရင် စောင့်ကြည့်နေပါ၊ အပြောင်းအလဲတွေ့ရင် ဆေးစစ်ပါ။

Atypical mole (dysplastic) ဆိုတာက (မယ်လင်နိုးမား) ကင်ဆာနဲ့ ဆင်တယ်။ အခွဲရခက်တယ်။ ကင်ဆာ မဟုတ်ပေမဲ့ ဖြစ်လာနိုင်တယ်။ အဲလို မညီမညာမှဲ့ ၄ ခုမကဖြစ်နေရင်၊ အရင်က မှဲ့ကင်ဆာဖြစ်ဘူးထားရင်၊ အမျိုးအရင်း ထဲမှာ မှဲ့ကင်ဆာလူနာရှိသူဆိုရင်၊ Atypical moles ထူးခြားတဲ့မှဲ့ကနေ ကင်ဆာဖြစ်လာတာရှိတယ်။

Spitz nevus အမျိုးအစားကလဲ ကင်ဆာနဲ့ ဆင်တယ်။ ပန်းရောင်၊ အထက်မြင့်တက်နေမယ်၊ ခုံးမောက်နေမယ်။ ဒါပေမဲ့ တခြားအရောင်အသွေးလဲဖြစ်နိုင်တယ်။ သွေးထွက်နိုင်တယ်။ ငယ်တုံးဖြစ်တာများတယ်။

Melanoma (မယ်လင်နိုးမား) မှဲ့ ကင်ဆာ
• Asymmetry မှဲ့ရဲ့ တဖက်ခြမ်းနဲ့ နောက်တဖက်ခြမ်း မတူညီမညာဖြစ်လာရင်
• Border အနားသတ်က မညီမညာဖြစ်လာရင်၊ မှုံဝါးဝါးဖြစ်လာရင်၊
• Color အရောင်တွေ ဖြူ၊ နီ၊ ပြာ၊ ညို၊ မဲ၊ အမျိုးမျိုးဖြစ်နေကြရင်၊
• Diameter ကင်တာဖြစ်လာတဲ့ မှဲ့အများစုက ခဲဖျက်ထိပ်ဝိုင်းလောက်ရှိတယ်။ သေးသေးနဲ့ဖြစ်တာလဲ ရှိပါမယ်။
• Evolving အရောင်၊ အရွယ်အစား၊ ပုံပန်း၊ ပြား-ကြွ ပြောင်းလဲလာနေရင်၊

Dr. တင်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ