ရာသီတုပ်ကွေး ကာကွယ်ရေး အလေးထားလိုက်နာ


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) )ဖြစ်ပွားမှုနှင့် ပတ်သက်၍ အထူးဦးစားပေးပြီး ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဖြစ်ပွားသူ အားလုံးတွင် သေဆုံးမှုနှုန်းမှာ သုည ဒသမ ဝ၂ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း ရောဂါပြင်းထန်၍ ဆေးရုံတက်ရောက် ကုသမှုခံယူသူများတွင် ၄ ဒသမ ၅၅ ရာခိုင်နှုန်းခန့် ရှိကြောင်း အမေရိကန် CDC မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရှိရသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုအပ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး၏ ပြောကြားချက်အရ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးလူဦးရေ၏ ၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ရောဂါဖြစ်ပွားသူများ၏ ၁ ရာခိုင်နှုန်းအောက်သာ သေဆုံးမှုရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံ ချင်းပြည်နယ် မတူပီမြို့ပေါ်ရပ်ကွက်၌ ၂ဝ၁၇ ခုနှစ် ဇူလိုင်လအတွင်းက ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza A(H1N1) pdm 2009)ကို ဓာတ်ခွဲ အတည်ပြုလူနာ ၁ဝ ဦးမှ သေဆုံးလူနာ တစ်ဦးရှိသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာနှစ်ဦးနှင့် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ အတွင်းလူနာ တစ်ဦးတို့သည် ရာသီတုပ်ကွေးရောဂါဖြင့် တက်ရောက်ကုသလျက် ရှိကြောင်း ဇူလိုင် ၂၄ ရက်တွင် ပြောကြားချက်အရ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်၌ တက်ရောက်ကုသမှု ခံယူနေသူ အသက် ၃၄ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် အင်းစိန်မြို့နယ်မှဖြစ်ပြီး ဇူလိုင် ၁၅ ရက်က ဆေးရုံတက်သူဖြစ်သည်။ ဇူလိုင် ၁၉ ရက်က ဆေးရုံတက်ရောက် ကုသမှုခံယူနေသော အမျိုးသမီးတစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့နယ်မှ ဖြစ်သည်။ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးသို့ တက်ရောက်ကုသမှု ခံယူနေသော အမျိုးသားတစ်ဦးသည် နေပြည်တော် ပျဉ်းမနား ရေဆင်းတိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေး တက္ကသိုလ်ကျောင်းသားဖြစ်သည်။
ဆေးရုံတက်ရောက်ကုသမှု ခံယူသူအားလုံးသည် အသက် ၂ဝ မှ ၃ဝ အတွင်းရှိသူများ ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်က ရန်ကုန်ဆေးရုံကြီး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယခုကဲ့သို့ မိုးကာလတွင် H1N1 အပါအဝင် တုပ်ကွေးရောဂါဖြစ်ပွားမှုသည် နှစ်စဉ်အဖြစ်များသော ရောဂါဖြစ်ပြီး မဖြစ်အောင် ကာကွယ်နိုင်သည့် နည်းလမ်းရှိသည်။ ရောဂါကူးစက်တတ်သည့် အခြေအနေများမှာ တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးခြင်းဖြစ်ပြီး အခြားတစ်မျိုးမှာ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးစက်ခြင်းကို ကာကွယ်ရန် တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် အများပြည်သူသုံး လှေကားလက်ရန်းများ၊ ဘတ်စ်ကားနှင့် မြို့ပတ်ရထား လက်ကိုင်တန်းများမှ တစ်ဆင့် ပိုးကူးစက်နိုင်သဖြင့် လက်သန့်ရှင်းမှုကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပြီး အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ခြင်းကို ကာကွယ်ရန် နှာချေ၊ ချောင်းဆိုးသည့်အခါ အုပ်၍နှာချေ၊ ချောင်းဆိုးရန်နှင့် မိမိ ကိုယ်တိုင် အကာအကွယ်ရှိရန် လိုအပ်သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ အကြံပြုချက်အရ ရာသီတုပ်ကွေးရောဂါသည် ခန္ဓာကိုယ်ခံနိုင်ရည်အား ကျဆင်းချိန်တွင် အဖြစ်များသဖြင့် အစားအသောက် ပုံမှန်စားခြင်းနှင့် အိပ်ရေးဝအောင် အိပ်ခြင်းတို့ လိုအပ်သည်။ ခန္ဓာကိုယ်ခံနိုင်ရည်အား ကျဆင်းနေသော သက်ကြီးရွယ်အိုများ၊ အသက်အရွယ် ငယ်လွန်းသောကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ အထူးဂရုစိုက်ကြရမည့် အပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါ ခံစားနေရသူများ အနေဖြင့်လည်း တုပ်ကွေးရောဂါ မကူးစက်စေရန် အထူးဂရုစိုက်ကြရန် လိုကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါသည် ၂ဝဝ၁ ခုနှစ်က တာချီလိတ်၌ ဖြစ်ပွားမှု များပြားခဲ့ရာ ဦးနှောက်ရောင်ရောဂါ အသွင်ဖြင့် ဖြစ်ပွားခဲ့ဖူးသည်။ ၂ဝဝ၉ ခုနှစ်တွင် ရာသီတုပ်ကွေးရောဂါကို ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကပ်ရောဂါအဖြစ် မသတ်မှတ်တော့ကြောင်းနှင့် ၂ဝဝ၉ ခုနှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရာသီတုပ်ကွေး ရောဂါပိုးနှင့် ယခု ၂ဝ၁၇ ခုနှစ်တွင်တွေ့ရသော ရာသီတုပ်ကွေး ရောဂါပိုးတူညီကြောင်း သိရသည်။ ၎င်းရောဂါပိုးသည် မြန်မာနိုင်ငံတွင် ကျန်ရှိနေခြင်းကြောင့် အချိန်တန်လျှင် ပြန်ဖြစ်တတ်ပြီး မိုးဥတုနှင့် ဆောင်းဦးပေါက်ကာလများတွင် တုပ်ကွေးရောဂါဖြစ်သဖြင့် တစ်နှစ်လျှင်နှစ်ကြိမ် ဖြစ်သည်ဟု ဆိုသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် ထိတွေ့မှုမှတစ်ဆင့် ကူးစက်ခြင်းနှင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်မှု မရှိစေရန် ဖော်ပြပါပညာရှင်များ၏ အကြံပြုချက်များအား အလေးထား လိုက်နာကြပါရန် မြဝတီက ထပ်လောင်းအသိပေး နှိုးဆော်လိုက်ရပါသည်။

အယ်ဒီတာ့အာဘော်
မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ