ရေကြီးရေလျှံ မုန်တိုင်းဒဏ်သင့်ဒေသကျန်းမာရေး


၂ဝ၁၇ ခုနှစ် မေ ၂၉၊ ၃ဝ ရက်တို့ကဆိုင်ကလုန်း ''မိုရာ'' မုန်တိုင်းအရှိန်ကြောင့်ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများ ရေကြီးခြင်း၊ မြစ်ရေလျှံခြင်း၊ သစ်ပင်များ ၊ဓာတ်တိုင်များပြိုလဲလို့ လျှပ်စစ် ဓာတ်ပြတ်တောက်ခြင်းများ၊ အိမ်များ၊ အဆောက်အအုံအမိုးများ လွင့်ထွက်ခြင်း၊ ပြိုကျခြင်းများ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊သံတွဲ၊ ဘူးသီးတောင်၊ မောင်တောနယ်မြေတွေမှာ ခံစားကြ ရပြီးယင်းမုန်တိုင်းနဲ့အတူ အနောက်တောင်မုတ်သုံလေလည်း  မြန်မာနိုင်ငံတစ်ဝန်း  ဝင်ရောက်လာ ပြီဖြစ်တယ်။

အနောက်တောင်မုတ်သုံ မိုးကောင်းခြင်း၊မိုရာမုန်တိုင်း  အဖျားခတ်ခြင်းတို့ကြောင့် မြစ်ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းများ၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်တို့နဲ့ ချောင်းမြောင်းများ ရေကြီးရေလျှံဖြစ်တယ်။ မိုးရွာသွန်းမှုများလို့ မြေပြိုခြင်း၊ လမ်း၊တံတားများ ပျက်စီးခြင်း၊ မြစ်ချောင်းရေ လျှံခြင်း၊ လှေ၊ သင်္ဘော၊ လူများ ရေစီးနဲ့မျောပါသွားခြင်းကနေ မြေပြိုလို့ ရွှေတွင်းတူးလုပ်သားသုံးဦးသေဆုံးမှုအထိ  အိုးအိမ်များ ပျက်စီးခြင်း၊ မြစ်ကမ်းပါး ပြိုခြင်း၊ ချောင်းရေ၊ မြစ်ရေတိုက်စားခြင်းတွေ တွေ့ရပါတယ်။ဝမ်းရောဂါ သောက်ရေ၊ သုံးရေ၊ မသန့်ရှင်းတဲ့ရေ၊ ယင်နားစာနဲ့ ရက်လွန်အစားအစာတွေက ဝမ်းနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်စေတယ်။ ဝမ်းရောဂါ၊ ကပ်ရောဂါအသွင်ဖြစ်နိုင်လို့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက်များ သန့်ရှင်းရေးတွေ လိုတယ်။ ရက်လွန်၊ အမှည့်လွန်၊ အနံ့ထွက်အစားအစာတွေ  မစားသင့်ပါ။  ရောဂါဖြစ်သူတွေအနေနဲ့  တိကျသေချာတဲ့ဆေးညွှန်းအတိုင်းကုသသင့်ပြီး   အိမ်သာများ ယင်လုံအိမ်သာဖြစ်ဖို့၊ အစာမစားမီ၊ အိမ်သာသုံးပြီးတိုင်း၊ ညစ်ပေတဲ့အခါတိုင်း  လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ဆေးကြောဖို့ လိုအပ်ပါတယ်။ ကာလဝမ်းရောဂါဆိုရင် ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ကြိုတင်ဆေးသောက်ခြင်းတွေ လုပ်ဆောင်သွားဖို့ လိုအပ်တယ်။ လူနာကို သီးခြားပြုစုကုသခြင်း လိုအပ်သလို အဲဒီဒေသအတွင်း လူတွေဝင်/ထွက် သွားလာမလုပ်ကြဖို့လည်း လိုပါတယ်။  ယင်းဒေသမှာ ဝမ်းရောဂါထိန်းချုပ်နိုင်ပြီဆိုမှ လူများ ပုံမှန် သွားလာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ငှက်ဖျားရောဂါငှက်ဖျား ပိုးသယ်ဆောင်တဲ့ အင်နိုဖိလစ်ခြင်ကိုက်လို့ ငှက်ဖျားရောဂါဖြစ်တယ်။ ခြင်မကိုက်အောင် ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ခြင်ဆေးရည် လိမ်းခြင်း၊ ခြင်ဆေးရည်စိမ်ခြင်ထောင်နဲ့ အိပ်ခြင်း၊  ပိုးလောက်လမ်းနှိမ်နင်းခြင်းတို့ လိုအပ်ပါတယ်။ ငှက်ဖျားဒေသကလူနာတွေ  ကယ်ဆယ်ရေး စခန်းရောက်လာတတ်လို့ ခြင်ထောင်နဲ့အိပ်စက်ကြဖို့ နှိုးဆော်ထားရမယ်။ ကိုယ်ဝန်ဆောင်မိခင် ငှက်ဖျားဖြစ်ရင် ကလေးသေဆုံးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ပေါင်မပြည့်၊ လမစေ့မွေးခြင်း၊ မိခင်သေဆုံးနိုင်ခြင်းတို့ ဖြစ်စေတယ်။ ငှက်ဖျားရဲ့လက္ခဏာတွေက ချမ်းတုန်ဖျားခြင်း၊ ချွေးများထွက်ပြီးကောင်းသွားခြင်း၊ရောဂါပြင်းထန်ပါက အကူအညီလိုခြင်း၊ လမ်းမလျှောက်နိုင်၊ ဆေးမသောက်နိုင်ဖြစ်ကာ မှိန်းနေခြင်း၊ အော့အန်ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ကာ ရူးခြင်း၊ သေဆုံးခြင်းအထိဖြစ်တတ်တယ်။ ငှက်ဖျားရောဂါသံသယရှိရင် သက်ဆိုင်ရာကျန်းမာရေးဌာန သို့မဟုတ် ဆရာဝန်နဲ့ပြသရပါမယ်။ ငှက်ဖျားဆေးကိုလည်းအနည်းဆုံး နှစ်မျိုးပေါင်းစပ်ထားတဲ့ဆေးကို တိုက်ကျွေး သင့်တယ်။ငှက်ဖျားကာကွယ်ခြင်းအပိုင်းမှာ ခြင်မကိုက်အောင်နေ ထိုင်ရမယ်။ ခြင်ဆေးရည်စိမ်ခြင်ထောင်၊  ရိုးရိုးခြင်ထောင်နဲ့အိပ်ရမယ်။ အဝတ်အစား လုံလုံခြုံခြုံဝတ်ရမယ်။ အဝတ်အစားလွတ်နေတဲ့အပိုင်းကို ခြင်မလာအောင် ဆေးလိမ်းသင့်တယ်။ ပိုးလောက်လမ်းနှိမ်နင်းရေး အတွက် ချုံနွယ်ပိတ်ပေါင်း ရှင်းလင်းထားရမယ်။

မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း၊ခြင်စားငါး(ဒေါင်းငါး)မွေးခြင်းတို့   ဆောင်ရွက်သင့်တယ်။သွေးလွန် တုပ်ကွေးရောဂါ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ပထမငါးလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၂ဝဝ ကျော်၊ သေဆုံးသူ ခုနစ်ဦးထိရှိလာရာ ယခင်နှစ်များထက် ရောဂါဖြစ်ပွားနှုန်း များစွာပိုမိုပြီး ကပ်ရောဂါ အသွင်ဖြစ်ပွားလျက်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရတယ်။ ၂ဝ၁၆ ခုနှစ်အတွင်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၁၄၉ ဦး၊ သေဆုံးသူ ၅၅ ဦးထိရှိခဲ့ပြီး နှစ်ကုန်ပိုင်းကာလတွေမှာ ရောဂါဖြစ်ပွားမှု ဆက်တိုက်မြင့်တက်ခဲ့ကြောင်းနဲ့ အဲဒီလိုမြင့်တက်ခဲ့လို့ ကပ်ရောဂါအသွင် ဖြစ်နိုင်ခြေရှိကြောင်း၊ ယင်းသို့ဖြစ်မှုမှာ နှစ်နှစ်ခြား သို့မဟုတ် သုံးနှစ်ခြားတစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံမှာ ၂ဝဝ၇၊၂ဝ၁၁၊ ၂ဝ၁၃၊ ၂ဝ၁၅ နဲ့ ၂ဝ၁၇ ခုနှစ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်း များပြားကြောင်း သိရတယ်။ရောဂါဖြစ်ပွားသူတွေအနေနဲ့ အသက် ငါးနှစ်မှ ကိုးနှစ်အတွင်း ကလေးငယ်တွေမှာ အများဆုံးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ တာမွေ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်မြို့နယ်တွေမှာ အများဆုံးဖြစ်ကြောင်း၊ အသက် ၁၅ နှစ်အောက်ကလေးငယ်များမှာ အဖြစ်များပြီး တစ်နှစ်ပတ်လုံး ရောဂါကူးစက်နိုင်ပေမယ့် ခြင်များတဲ့မိုးရာသီမှာ ကူးစက်မှုအများဆုံး လို့ဆိုပါတယ်။ရောဂါလက္ခဏာတွေက  ရုတ်တရက်ဖျားခြင်း၊  ကိုယ်လက်ကိုက်ခဲခြင်း၊  မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အနီစက်များဖြစ်ပေါ်ခြင်း၊ နှစ်ရက်မှ သုံးရက်အတွင်း အဖျားကြီးပြီး အလွန်အမင်းအန်ခြင်း၊ အန်ဖတ်များမှာအနီရင့်ရင့်၊ အညိုရောင်ရှိခြင်း၊ စိတ်ဂနာမငြိမ်ခြင်း၊ မှိန်းနေခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်း စတဲ့လက္ခဏာတွေဖြစ်ပွားပါက မိသားစုဆရာဝန် သို့မဟုတ် ဆေးရုံ၊ဆေးခန်းသွားပြဖို့လိုအပ်တယ်။ သွေးလွန်တုပ်ကွေးဟာ သွေးလွန် တုပ်ကွေး ဗိုင်းရပ် ပါတဲ့ ခြင် သို့မဟုတ် ခြင်ကျားကိုက်လို့ ကူးစက်တတ်တဲ့ ရောဂါဖြစ်တယ်။

 ခြင်ကျားဟာရေကြည်ရေသန့်မှာ ပေါက်ပွားတတ် တယ်။လိုက်နာရမယ့်အချက်တွေကတော့ ရေသိုလှောင်တဲ့ ရေကြည်၊ ရေအိုး၊ ရေလှောင်ကန်တွေသုံးပြီးရင် ပြန်ပြီးဖုံးအုပ်ရမယ်။ ဘုရားစင်၊ နတ်စင်တွေက ပန်းအိုးနဲ့ အလှပန်းအိုးများ နေ့စဉ်တိုက်ချွတ်ရေလဲပေးရမယ်။ မိုးရေဝင်နိုင်တဲ့ဘူးခွံ၊ တာယာဟောင်း၊ အိုးခြမ်းပဲ့၊ ပလတ်စတစ်အိတ်၊ အုန်းမှုတ်ခွက်တွေမီးရှို့ခြင်း၊ မြေမြှုပ်ခြင်းပြုလုပ်ကာ ရှင်းလင်းထားရမယ်။တစ်ကိုယ်ရေသန့်ရှင်းရေးအဖြစ် အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းရေးကောင်းအောင် လုပ်ထားရမယ်။ လေကောင်းလေသန့်နဲ့ အလင်းရောင်ရဖို့ ပြတင်းပေါက်အားလုံးနေ့ဘက်မှာ ဖွင့်လှစ်ထား ရမယ်။ ကလေးတွေအိပ်တဲ့အခါတိုင်း နေ့ညမရွေး ခြင်ထောင်နဲ့အိပ်သင့်တယ်။

သို့မဟုတ် ခြင်လုံဆန်ခါတပ်အခန်းမှာ အိပ်ရမယ်။ ကလေးတွေ ခြင်မကိုက်အောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ရမယ်။ ကြိုတင်ကာကွယ်ခြင်း ပိုးလောက်လမ်းနှိမ်နင်းခြင်း၊ လိုအပ်ပါက ဆေးမှုတ်ခြင်း၊မာလာသီယွန်၊ ဒီဒီတီဆေးမှုတ်ခြင်း၊ ဆေးဖျန်းခြင်း၊ ရေကိုဖုံးအုပ်ထားခြင်း၊ သွန်ပစ်ခြင်း၊လဲပေးခြင်း၊ လောက်လမ်းများ ရေစစ်နဲ့ စစ်ခြင်း၊ ခြင်စားငါး(ဒေါင်းငါး)မွေးမြူခြင်းအပြင်   ခြင်မကိုက်အောင်နေရမယ်။ ကာကွယ်တိုက်ဖျက်ရာမှာ လူထုက ပူးပေါင်းကာကွယ် ရမယ်။ သံသယဝင်ပါက  ဆေးရုံ၊ ဆေးခန်းသွားပြရမယ်။ကာကွယ်ဆေး၊ ကုသဆေး သွေးလွန်တုပ်ကွေးအတွက် ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးပါ။

ကုသခြင်း သွေးလွန်တုပ်ကွေးကုသဆေး၊ ကာကွယ်ဆေးမပေါ်သေးပေမယ့် ရောဂါ လက္ခဏာ သက်သာအောင် ကုသလို့ရပါတယ်။ ရေနဲ့ဓာတ်ဆားဆုံးရှုံးမှုများရင် ဓာတ်ဆားရည်တိုက်ခြင်း၊ ဒရစ်ချိတ်ခြင်း၊ ပလက်စမာလိုပါက သွေး သို့မဟုတ် ပလက်စမာသွင်းခြင်း၊ ပဋိဇီဝဆေးများပေးခြင်းတို့ လိုအပ်ပါတယ်။အထူးသဖြင့် ရေကြီးရေလျှံဒေသတွေမှာ ရေပြန်ကျသွားရင် ဝမ်းရောဂါ၊ ငှက်ဖျားနဲ့သွေး လွန်တုပ်ကွေးရောဂါတွေ ကူးစက်မှုရှိလာနိုင်တာကြောင့် ခြင်ကိုက်ခြင်းမှ ကင်းဝေးအောင် ယင်နားစာ၊ မသန့်တဲ့အစာ၊ မသန့်တဲ့ရေတို့မှ ကင်းဝေးအောင် ရှောင်ကြဉ်နေထိုင်ကြဖို့  အထူးလိုအပ်ပါတယ်။  ။

မြ၀တီ
https://www.facebook.com/pg/mwdmedia/photos/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ