Abdominal Pain နာတယ်ဆိုတာ မကောင်းပါ


၁။ ဆရာရှင့် ကျွန်မအသက်က ၂၅ နှစ်ရှိပြီ။ အိမ်ထောင်ရှိ အမျိုးသမီးတယောက် ဖြစ်ပါတယ်ရှင့်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်မှစ၍ ညာဘက်ဝမ်းဗိုက် နာတဲ့ဝေဒနာ ခံစားရပါသည်။ ဆေးရုံဆေးခန်းသွားပြသော်လည်း အဘယ့်ကြောင့် နာကျင်ရသည်ကို အဖြေရှာမပေးနိုင်ပါ။ သို့သော် ဆရာဝန်မှ အူအတက်ရောင်ခြင်းဖြစ်သည်ဟုပြောပြီး အူအတက်ကို ဖြတ်ထုတ်ခိုင်းသဖြင့် ဖြတ်ထုတ်လိုက်ပါသည်။ သို့သော် ဗိုက်နာခြင်းမှာသက်သာသွားခြင်းမရှိပါ။ ထို ဗိုက်နာခြင်းအပြင် ညာဘက်တင်ပါးတဝိုက် ကိုက်ခဲခြင်းနှင့် ခြေထောက်များ ညောင်းညာခြင်းကိုလည်း ခံစားရပါသည်။ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးထားပါသည်။ ကျွန်မခံစားနေရသောလက္ခဏာမှာ မည်သည့်ရောဂါဖြစ်သည်ကို ကျေးဇူးပြုပြီး ဆရာဖြေကြားပေးပါဦးရှင့်။

၂။ ကျွန်မဗိုက်ညာဖက်၊ ချက်ဘေး၊ အောက်ဖက်က အောင့်ပါတယ်။ လမ်းလျောက်ရင် အောင့်ပါတယ်။ ထိုင်နေအိပ်နေ မအောင့်ပါဘူးရှင်။ လေဆေးသောက်ပါတယ်။ လေလည်းလည်ပါတယ်။ သုံးရက်ရှိပါပြီ။ ပိုလည်းမအောင့်ပါ။ အဲနာ ဖြစ်တာလည်း သိချင်လို့ပါရှင့်။

၃။ ဆရာရှင့် သမီး ဗိုက်တအားအောင့်အောင့်နေပါသဖြင့် ဆရာနှင့် တိုင်ပင်ချင်ပါသည်။ ကန်တော့ပါဆရာရှင့်၊ ဘယ်ဘက် ဆီးစပ်အပေါ်နားမှ စတင်ပြီး၊ ဝမ်းဗိုက်တပြင်းလုံးပူ၍ စူးလာကာ ရင်ညွန့်ထိ တက်အောင့်ပါသည်။ ဆေးရုံသွား၍ ပြသသောအခါ X-Ray/CT Scan ဖြင့် စစ်ဆေးသော်လည်း၊ normal result သာပြ၍ Abdominal Pain ဟူ၍သာ မှတ်ချက်ချ၍ ဆေးများပေးလိုက်ပါသည်ရှင်။ ဆေးများကို သောက်သော်လည်း သိသိသာသာ သက်သာလာခြင်း မရှိသေးပါဆရာရှင့်။ အစာစားပြီးနောက် ပိုနာသဖြင့် အရည်သာသောက် နေရပါသည်ရှင့်။ ဆီးသွား မှန်သော်လည်း၊ ဝမ်းမသွားသည်မှာ ၄၊ ၅ ရက် ရှိနေပါပြီရှင့်။ ဗိုက်အောင့်သဖြင့် မအိပ်ရသော ညပေါင်းလည်းများ နေပါပြီးရှင့်။ ကျေးဇူးပြုပြီး အကြံဥာဏ်များပေးပါရှင့်။

လေနာမဟုတ်ဘဲ ဗိုက်နာတာတွေ အများကြီးရှိတယ်။ အနာမဲ့သူ ရှင်ပါကူကလွဲရင် လူတိုင်းလိုလို ဗိုက်နာတာက ခဏခဏဖြစ်ကြရတယ်။ တချို့ ခွဲစိတ်ခံကြရတယ်။ ဗိုက်ဆိုတာ လူ့ကိုယ်မှာ နေရာအများဆုံး ယူထားတယ်။ အထဲမှာ အင်္ဂါတွေကလည်း စုံလှတယ်။ နှလုံးနဲ့ အဆုပ်သာရှိတဲ့ ရင်ခေါင်း Chest (Thorax) အောက်က Abdomen ဗိုက်ဖြစ်တယ်။ ရင်ခေါင်းနဲ့ ဗိုက်ကို Diaphragm ကြွက်သား ခုံးခုံးကြီး တခုနဲ့ နယ်နိမိတ် ခြားထားတယ်။ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသဲ၊ ဘေလုံး၊ သည်းခြေအိပ်၊ ကျောက်ကပ်၊ ဆီးပြွန်ဆိုတဲ့ အင်္ဂါတွေရယ် သူတို့နဲ့ တွဲနေတဲ့ သွေးကြောတွေ၊ လင့်ဖ်ကြောတွေ၊ အာရုံကြောတွေ၊ အမြှေးတွေ ရှိကြတယ်။ ဗိုက်နဲ့တဆက်တည်း အောက်မှာရှိတာက Pelvis တင်ပါးဆုံပိုင်း။ သူအထဲမှာ Bladder ဆီးအိမ်၊ Uterus သားအိမ် (အမျိုးသမီး)၊ Prostate ဆီးအကျိတ် (အမျိုးသား) နဲ့ Rectum အစာဟောင်းအိမ်တွေ ရှိကြတယ်။

၁။ Acute pain in abdomen ချက်ချင်းဖြစ်-အတင်းနာတာတွေကို ခေါ်တယ်။ ရမ်းကုဆရာတွေက နာတဲ့နေရာမှာ ဆေးထိုးတယ်။ မှားတယ်။ နာတာကိုသိတဲ့ အာရုံကြောက အမျိုးမျိုးရှိနေလို့ ဗိုက်နာတာကို ရိုးရိုးစဉ်းစားလို့ မရဘူး။ အဲလိုဖြစ်နေတာတွေထဲမှာ အများကြီးရှိတယ်။ ခွဲစိတ်ပညာမှာ အရေးပေါ်ဖြစ်တယ်။

၂။ Visceral pain မျိုးက အထဲအင်္ဂါတွေမှာ တခုခုဖြစ်လို့ ဟိုနားကလို၊ ဒီနားကလို အောင့်တာမျိုး။ Vague, Dull, Nauseating အန်ချင်သလိုလဲ နေတတ်တယ်။ ဗိုက်အပေါ်ပိုင်းမှာ ရှိကြတဲ့ အစာအိမ်၊ အူသိမ်အစပိုင်း၊ အသဲ၊ သရက်ရွက်တွေမှာ ဖြစ်ရင် ဗိုက်အပေါ်ပိုင်းမှာ နာတယ်။ အူသိမ်၊ အူအတက်နဲ့ အူမကြီးအစပိုင်းက ဖြစ်ရင် ချက်တဝှိုက်မှာ နာတယ်။ အူမကြီးနဲ့ ဆီးလမ်းကဖြစ်ရင် ဗိုက်အောက်ပိုင်းမှာ နာတယ်။ Autonomic nerve ဆိုတဲ့ အာရုံကြောတွေ ကြောင့်ဘဲ။

Somatic pain ဆိုတာက Parietal peritoneum ဗိုက်အတွင်းအဖုံး အပြင်လွှာမှာ Infection ပိုးဝင်ရင် နာတာမျိုးက စူးစူးရှရှ၊ နေရာအတိအကျ နာတယ်။ Somatic nerves ဆိုတဲ့ ဆိုမက်တစ်အာရုံကြောကြောင့်ဘဲ။

Radiating pain ဆိုတာ တနေရာမှာ ရောဂါဖြစ်နေပြီး ဘာမှမဆိုင်တဲ့နေရာမှာ သွားပြီးနာတာကို ခေါ်တယ်။ အသဲရောဂါ၊ သည်းခြေအိတ်ရောဂါ၊ နှလုံးရောဂါတွေကနေ ပခုံးထိပ်မှာ လာနာတတ်တယ်။ အာရုံကြောတွေက ခါးရိုးမကြီးထဲက Spinal cord မှာ လာဆုံနေကြလို့ဘဲ။ ညာပခုံးမှာလာနာရင် Gall bladder stone သည်းခြေကျောက်၊ ဘယ်ပခုံးလာနာရင် Ruptured spleen ဘေလုံးကွဲတာ၊ ဒါမှမဟုတ် Pancreatitis သရက်ရွက်ရောင်တာ ဖြစ်တတ်တယ်။ Urinary stone ဆီးလမ်းကျောက်တည်တာကနေ Pubis ဆီးစပ်၊ Testis ကျားအစေ့၊ Vagina မွေးလမ်းကြောင်းအထိ နာလာတတ်တယ်။

Peritonitis ဆိုတဲ့ ဗိုက်ဖုံးလွှာရောင်တာဟာ ခွဲစိတ်ပညာ အရေးပေါ်အခြေအနေတခု ဖြစ်တယ်။ Gastric perforation အစာအိမ်ပေါက်ခြင်း၊ Appendicitis အူအတက်ရောင်ခြင်း၊ diverticulitis အူမကြီးရောင်ခြင်း၊ intestinal obstruction အူပိတ်ခြင်း၊ Pancreatitis သရက်ရွက်ရောင်ခြင်း၊ Pelvic inflammatory disease တင်ပါးဆုံတွင်းရောင်ခြင်း၊ သားအိမ် ပြင်ပသန္ဓေတည်ခြင်း၊ စတာတွေကြောင့် ဖြစ်စေတယ်။

ကလေးငယ်တွေမှာ ဖြစ်တာက လူကြီးတွေနဲ့ မတူပြန်ဘူး။ ကလေးငယ်ငယ် တအားငိုတယ်ဆိုရင် ဗိုက်နာတာကို အရင် စဉ်းစား။ လေ မဟုတ်ရင် သံကောင် အဖြစ်များတယ်။ ဒိထက် ဆိုးဝါးတာတွေထဲမှာ imperforate anus မွေးကတည်းက စအိုပေါက် မပါတာ။ Intussusception အူကနေအူထဲ တိုးဝင်သွားတာတွေ ပါတယ်။

ရောဂါရာဇဝင် ကောင်းကောင်းပြောတတ်ရင် ဆရာဝန်ကို ကူညီရာကျတယ်။ ကိုယ်ဖြစ်တာကိုယ် မပြောတတ်သူတွေ ရှိတယ်။ စကားပြောကောင်းသူတွေက ဟန်မကျဘူး။ ပိုပြောတတ်တယ်။ မေးသူတွေထဲက စာရေးကောင်းသူတွေက လူနာကောင်းတွေ ဖြစ်နိုင်တယ်။

• စူးစူးရှရှနဲ့ တချက်တချက် အသက်ရှူတန့်သွားအောင် နာလိုက်ရပ်လိုက်ဖြစ်တာဟာ သည်းခြေလမ်းပြဿနာ။
• အောင့်နာပြီး၊ အန်လာတာမျိုးက အူပိတ်နေတာ။
• ရစ်ရစ်နာပြီး၊ မှန်မှန် ဖြစ်လာတာမျိုးဆိုရင် Appendicitis အူအတက်၊ Intestinal obstruction အူသိမ်ပိတ်ခါစ၊ Mesenteric ischemia အူမြှေးသွေးကြောပိတ်တာ။
• စူးရှပြီး၊ တောက်လျှောက်နာတာဟာ လှုပ်ရှားလေ ဆိုးလေဖြစ်ရင် Peritonitis ဝမ်းတွင်းခေါင်းမြှေးရောင်တာ။
• မီခလုတ်ဖွင့်လိုက်တော့ မီးလင်းသလို ဗြုန်းစားကြီး နာလာတာမျိုးက Gastric perforation အစာအိမ်ပေါက်တာ။ Renal stone ကျောက်ကပ်ကျောက်တည်တာ၊ Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ပြီးပေါက်တာ။
• ဆုတ်ဖြဲခံရသလို နာတာမျိုးက Dissecting Aneurysm သွေးလွှတ်ကြော ဖေါင်းကွဲတဲ့ ရောဂါ။
• အရင်ကလည်း နာဘူးသူဆိုရင် Peptic ulcer လေနာ၊ Gallstone colic သည်းခြေကျောက်၊ Diverticulitis အူမကြီးထဲက ရောင်တာ တခုခုဖြစ်နိုင်တယ်။
• စမ်းကြည့်ရတာနဲ့ နာတာ မမျှအောင် နာတာမျိုးဆိုရင် Mesenteric ischemia အူအမြှေး သွေးမလျှောက်တာ။
• ဗိုက်နာတာက ဘယ်လိုနေရင် သက်သာသလဲ။ အစာအိမ်လေနာက Antacids သောက်လို့ သက်သာတယ်။ Peritonitis ဝမ်းဗိုက်အတွင်းမှာ အရာရာကိုဖုံးပေးးထားတဲ့ အလွှာလေးရောင်တာဆိုရင် အသာလေးလှဲနေလို့ သက်သာတယ်။
• ဗိုက်လဲနာတယ် အန်မယ်၊ ဝမ်းလဲလျှောတာမျိုးက Gastroenteritis အစာလမ်းရောင်တာ။ ဗိုက်နာတာ ကြာပြီးမှ အန်လာမယ်၊ အူတွေလှုတ်ရှားသံ မကြားရသူဟာ Acute intestinal obstruction ရုတ်တရက်အူလမ်းပိတ်တာ။

ဗိုက်နဲ့မဆိုင်ဘဲ ဗိုက်နာတာမျိုးတွေလဲ ရှိသေးတယ်။ Rectus muscle hematoma (ဗယ်လီ) ကြွက်သားမှာ သွေးခဲ နေတာ၊ Testicular torsion ကျားအစေ့လိမ်နေတာ၊ Herpes zoster ရေယုံ၊ Alcoholic ketoacidosis အရက်နာ၊ Diabetic ketoacidosis ဆီးချို၊ Myocardial infarction နှလုံးသွေးကြောကျဉ်း၊ Pneumonia နူမိုးနီးယား၊ Pulmonary embolism အဆုပ်သွေးခဲပိတ်၊ Heavy metal, Methanol poisoning အဆိပ်သင့်တာတွေ၊ Scorpion sting ပင့်ကူကိုက်တာ၊ Opioid withdrawal ဘိန်းဖြတ်တာတွေဖြစ်တယ်။

ရောဂါတွေ တန်းစီရေးပြရတာကို ဖတ်ပြီး၊ သိပ်မကြောက်စေချင်ပါ။ စုံအောင် မရေးရင် ထိန်ချန်မှု ရောက်မှာ စိုးလို့ပါ။ ဗိုက်နာရင် ဆရာဝန်ပြပါ။ မနေနိုင်မထိုင်နိုင် မနာသူများ၊ ဆရာဝန်မပြခင် လှမ်းမေးချင် မေးနိုင်ပါတယ်။ ကုတဲ့နည်းတွေ မရေးသေးပါ။ မေးတဲ့သူကိုတော့ တိုက်ရိုက်ဖြေလိုက်ပါတယ်။

လူဆိုတာ နာတာမခံချင်ကြဘူး။ ဒီလိုဖြစ်သူတွေက ပုံမှန်ဖြစ်တယ်။ နာတာကို သာယာသူတွေ ရှိတယ်။ အနာခံမှ အသာစံရမယ်ဆိုတာကို သိလို့တော့ မဟုတ်ဘူး။ Sadism (Sadomasochism) ခေါ်တဲ့ စိတ်ခြေအနေတမျိုး ရှိသူတွေကတော့ အနာခံချင်ကြသတဲ့။ အမှန်ကဗိုက်ထဲနာနာ၊ ဘယ်ကနာနာ၊ နာတာ မကောင်းပါ။


Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ