Internal fixation အရိုးထဲက သံချောင်း


ဆရာရှင် ကျွန်မအကိုက ၂၉ နှစ်ပါ။ ဒူးဆစ်မှာစတီးချောင်းထည့်ထားရပါတယ်ရှင်။ အရိုးဆက်မှ လမ်းလျှောက်နိုင်မယ် ပြောပါတယ်ရှင့်။ ခွဲပြီးဘယ်လောက်ကြာရင် အရိုးဆက်နိုင်လဲရှင့်။ ဖြေကြားပေးပါဆရာရှင့် စိတ်ပူလို့ပါ။

တယောက်နဲ့ တယောက် မတူကြပါ။ Fracture စာ ဘလော့မှာ ဖတ်နိုင်။

ဘလော့ရှာမတွေ့ဘူးဆရာ link လေးပေးပါဆရာ။

၁။ ဆရာရှင့် သမီးအမေက ခြေထောက်ကျိုးသွားလို့ ဒူးခေါင်းအောက်ကနေပြီးတော့ စတီးပြားထည့်ထားရပါတယ်။
အခု တစ်နှစ်နဲ့သုံးလရှိပါပြီ။ စထည့်တုန်းကတော့ ဆရာဝန်က စတီးကိုထုတ်စရာမလိုဘူးလို့ပြောပါတယ်။ အမေက အမေ့အသက်က ၇ဝ ရှိပါပြီ။ နောက်ဆုံးတစ်ကြိမ်ဆရာဝန်နဲ့ပြန်ပြတော့ စတီးကိုပြန်ထုတ်ရင်ပိုကောင်းမယ်လို့ ဆရာဝန်ကပြောပါတယ်ရှင်။ တစ်ချို့တွေက ပြောတော့ မထုတ်ရင်ပိုကောင်းမယ်၊ တစ်ချို့တွေက ပြောတော့ ထုတ်ရင်ပိုကောင်းတယ်တဲ့။ သမီးတို့လည်းဘယ်လိုလုပ်ရမှန်းမသိတော့ပါဘူး။ အမေကလည်း မထုတ်ချင်ဘူးလို့ ပြောပါတယ်။ ခွဲစိတ်ပြီးအခုအချိန်ထိတော့ အမေကကိုက်လည်းမကိုက် နာလည်းမနာ ဘူးလို့ပြောပါတယ်ရှင့်။
သမီးတို့ဘယ်လိုဆုံးဖြတ်ရမှန်းမသိလို့ ဆရာ့ဆီကအကြံဥာဏ်တောင်းခံအပ်ပါတယ်ရှင့်။ သမီးနာမည်က့။ ရှမ်းပြည်နယ့့် ကပါရှင့်။

၂။ ကျွန်တော် အလုပ်ခွင်မှာ ထိခိုက်မိလို့ ဘယ်ခြေထောက် ကျိုးပြီး၊ ညာဖက် ခြေဖမိုး လိမ်ကောက်သွားပါသည်။ ဆေးရုံမှာ ခွဲစိတ်ကုသပြီး အိမ်မှာ ၆ လ နားရပါသည်။ ပထမအကြိမ်က ဆေးရုံဆင်းလို့ အိမ်မှာနားချိန် ခြေထောက် ရောင်ရမ်းပြီး နာကျင်နေလို့ ဆရာ့ကို မေးမြန်းခဲ့ရာ ဆရာပြောသည့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ရာ သက်သာ ပျောက်ကင်းခဲ့ပါသည်။ ခုတစ်ကြိမ် ခြေထောက်ထဲတွင် ထည့်ထားသော ဆခရူချောင်းများကို ပြန်ထုတ် ရ-မရ၊ ပြန်မထုတ်ပဲ နှစ်ကြာကြာထားလျှင် မည်သို့ ဆိုးကျိုးများ၊ ကောင်းကျိးများ ရှိနိုင်သည်ကို သိချင်ပါသည်။ ယခုနှစ် ဒီဇင်ဘာတွင် မြန်မာပြည်သို့ ပြန်ပါတော့မည်။ ထည့်ထားသည်မှာ ၁ နှစ်နှင့် ၇ လလောက် ရှိနေပါပြီ။ ခုချိန်မှာ ပြန်ထုတ်လို့ ရနိုင်ပါပြီလား။ ကျွန်တော့် ဆန္ဒကတော့ မထုတ်ပဲထားလျှင် ဘာမှမဖြစ်ပါက မထုတ်ချင်ပါ။ ထုတ်မှကောင်းမည်ဆိုပါက ဒီမှာနေတုန်း ထုတ်သွားချင်ပါသည်။ မြန်မာပြည်ပြန်ရောက်လျှင် လက်ရှိကုန်ဈေးနှုန်းနဲ့ဆို ထုတ်နိုင်တော့မည် မဟုတ်ပါ။ ကျွန်တော်က (့) မှာ အလုပ်လုပ်နေသူပါ။ အသက်က ၃၉ နှစ်၊ လူပျိကြီးပါ။ ဒီမှာက ဘာသာစကားအခက်အခဲကြောင့် ဆရာဆီမှာ အကူအညီ တောင်းခံမေးမြန်းရခြင်းဖြစ်ပါသည်။ ဆေးရုံကဆင်းပြီး နောက်ဆုံးရိုက်ခဲ့သည့် ဓါတ်မှန်တွေကိုပါ ပူးတွဲ ပေးပို့လိုက်ပါသည်ခင်ဗျာ။

အဲလိုလုပ်ပေးထားတာမျိုးကို Internal fixation အတွင်းထဲမှာ အနေတော်အဆင်ပြေအောင် ပြုပြင်တပ်ဆင်ပေးနည်း ခေါ်ပါတယ်။ ဟိုအရင်က အရပ်ထဲမှာ ကြပ်စည်းတာ၊ ဆေးရုံတွေမှာ ကျောက်ပတ္တီးသာ လုပ်နိုင်ခဲ့တယ်။ ခေတ်နည်းတွေက ပိုကောင်းပါတယ်။ ဘာကောင်းသလဲ။ ဆေးရုံတက်ရက် တိုစေမယ်။ Nonunion အရိုးမဆက်ဘဲနေတာ မဖြစ်စေဘူး။ Malunion အရိုး လွဲဆက်တာ မဖြစ်စေဘူးဆိုတဲ့ အကျိုးတရားတွေ ရစေမယ်။

Implanted metal လို့ခေါ်တဲ့ အရိုးကျိုးလို့ ထည့်သုံးရတဲ့ ပစ္စည်းတွေက အကြိမ်းဖျင်း အမျိုးအစား ၅ မျိုးရှိပါတယ်။
၁။ Metal plates သတ္တုပြား၊
၂။ Pins ပင်၊
၃။ Nails or Rods သတ္တုချောင်း။
၎။ Wires ဝိုင်ယာ၊
၅။ Screws ဝက်အူ၊

အရိုးကျိုးလို့ ထည့်ထားရတဲ့ ပစ္စည်းတွေကို ဘယ်တော့ထုတ်ရမလဲ
Implanted metal လို့ခေါ်တဲ့ အရိုးကျိုးလို့ ထည့်ထားရတဲ့ သတ္တုချောင်းစတာတွေဟာ အရိုးကျိုးသွားတာကို မြန်မြန်ဆက်အောင် လုပ်ပေးတာ မဟုတ်ပါ။ အရိုးက သူ့အလိုလို ဆက်မှာကို တည့်တည့်မတ်မတ် ဆက်စေအောင် တည့်ပေး၊ ထိန်းပေးတာသာ ဖြစ်တယ်။ အရိုးဆက်သွားပြီဆိုရင် တည့်ပေး၊ ထိန်းပေးတဲ့ သူ့တာဝန် ကုန်ဆုံးတာနဲ့ ဆက်လုပ်စရာ မလိုတော့ပါ။

ဒါဖြင့် ထုတ်ရတော့မှာလား။ ထုတ်ကိုထုတ်ရမယ်ဆိုတဲ့ ဥပဒေသမရှိပါ။ အရိုးအထူးကုဆရာဝန်ကနေ ထုတ်ရမယ်လို့ ညွှန်ကြားချက်ရှိရင် ထုတ်ပါ။ ဥပမာ High ankle sprains ခြေပွတ်တိုင်လည်လို့ ထည့်ပေးထားတဲ့ Syndesmotic screws ဝက်အူတွေကို ကိုယ်အလေးချိန် ပြန်ဖိတာကို ခံဘို့ အချိန်ကျပြီဆိုရင် ထုတ်ပြစ်ရလိမ့်မယ်။

ဘာလို့ ထုတ်ဘို့လိုသလဲ
တချို့လူတွေမှာ Metal implants တွေကနေ ဘေးမှာရှိတဲ့ တစ်ရှူးတွေကို Irritation ကလိနေစေမယ်။ Bursitis အဆစ်ဖုံးရောင်တာ၊ Tendonitis အရွတ်ချောင်းရောင်တာ၊ Irritation အနေရခက်တာတွေ ဖြစ်စေနိုင်တယ်။ သူတို့အတွက် ထုတ်လိုက်မှ ဖြစ်နေတာတွေ သက်သာလိမ့်မယ်။ ခေတ်သုံးပစ္စည်းတွေကနေ အလာဂျီမရစေတတ်ပါ။

ထုတ်လိုက်ရင် အားလုံးပျောက်မှာလား
ပြောခဲ့တဲ့ ခံစားနေရတာတွေ ရှိနေသူအတွက် ထုတ်လိုက်ရင် လုံးဝဥသုံ ပျောက်မယ်လို့တော့ အာမခံချက် မပေးချင်ပါ။ မှန်းဆဘို့ ခက်တတ်တယ်။ သက်သာမှာတော့ အမှန်ပါ။ ထုတ်မယ်ဆိုရင်လဲ သိပ်နောက်မကျချိန်မှာ ထုတ်တာ ပိုကောင်းတယ်။ ဘယ်တော့ဆိုတာ အတိအကျ ပြောဘို့ ခက်တယ်။ အရိုးမှန်သမျှ ၂ လထက် နောက်မကျဘဲ ဆက်တယ်။ ၆ လနေထုတ်နိုင်တယ်ပြောတာလဲ မှန်တယ်။ အေးအေးဆေးဆေး ၁ နှစ်၊ ၂ နှစ်လဲ ဖြစ်တယ်။ ကြာနေတာ ထုတ်ရင် ခက်နိုင်တယ်လို့ဆိုပေမဲ့ တချို့မှာခက်၊ တချို့ကြ မခက်ပြန်ဘူး။

ထုတ်လိုက်ရင် ဘာပြဿနာရှိလဲ
ပြဿနာမရှိဘူးတော့ မဟုတ်ပါ။ ထည့်တုံးကလိုဘဲ ခွဲစိတ်ပြီးမှ ပြန်ထုတ်ရမှာမို့ ခွဲစိတ်တာမှန်သမျှကနေ ဖြစ်နိုင်တာတွေ နဲ့ မေ့ဆေး၊ ခါးထုံဆေးတွေကနေ ဖြစ်နိုင်တဲ့ Potential complications ဖြစ်နိုင်လောက်တဲ့ မကောင်း-ကျိုးဆက်တွေကို ထည့်တွက်ရမယ်။ အတွင်း နက်နက်မှာ ထည့်ထားတာမျိုး၊ နောက်ပြီး အကြာကြီး ထည့်ထာတာမျိုးတွေက ပိုပြီး သတိထားရတယ်။ ထည့်ပေးထာတဲ့ အရာနဲ့ အံကျပန်ကျ ဖြစ်နေတာကို ထုတ်လိုက်တော့ အားနည်းသွားစေနိုင်တာလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ဥပမာ အပေါက်လိုကျိုးတဲ့အထဲ Screws ဆခရူ ခေါ် ဝက်အူထည့်ပေးထားတာမျိုး ထုတ်လိုက်တော့ အားနည်းသလို ဖြစ်နိုင်တယ်။

ဒါဖြင့်ရင် အခြေခံသဘောကို ဘယ်လို နားလည်ရမလဲ
ထည့်ထားသူမှာ Symptoms တခုခု ခံစားနေရရင်၊ အရိုးအထူးကု ဆရာဝန်က ထုတ်ပါ ပြောရင် ထုတ်ပါ။ ကျန်းမာရေးနဲ့ ပတ်သက်တာ ဖြစ်ပေမဲ့ ဆရာဝန်ကချည်း ဆုံးဖြတ်တာမျိုး မဖြစ်သင့်ပါ။ ဖြစ်စေချင်လဲ မဖြစ်တတ်ပါ။ ဆရာဝန့် စကား နားမထောင်တာမျိုး ရှိတတ်သလို၊ ချင့်ချိန်စရာတွေလဲ ထည့်စဉ်းစားကြရလို့ ပြောတာပါ။ အခုမေးသူ ရေးတာဟာ ဆေးပညာစာပါ အတိုင်း အမှန်ပါဘဲ။ ငွေ နဲ့ အချိန် ချင့်ချိန်ဘို့ လိုတယ်။ အခုလို အရိုးကျိုးလို့ ထည့်ထားရတဲ့ အရာကို ပြန်ထုတ်ဘို့ ဆုံးဖြတ်တဲ့အခါ၊ ဆရာဝန်က ထုတ်ကို ထုတ်ရမယ်လို့ ကံသေကံမ မပြောရင်၊ Economic implications စီးပွါးရေးတွက် တွက်ရလိမ့်မယ်။ ဆေးရုံတက်ရမဲ့ ကုန်ကျစရိတ်၊ အလုပ်ပျက်ရမဲ့ကာလ စတာတွေ။

အရိုးကျိုးဗဟုသုတမျှပြီး နိဂုံးချုပ်ပါရစေ။ ခေတ်နည်းတွေမှာ သုံးတာတွေက Metal alloys သတ္တုရော၊ High-grade plastics ပလပ်စတစ် အကောင်းစား၊ Polymeric materials ပေါ်လီမက်ထရစ်၊ Stainless steel သံမဏိတွေ ဖြစ်တယ်။ Metallic alloys သတ္တုရောတွေမှာ Iron သံ၊ Cobalt ကိုဘော့လ်၊ Chromium ခရိုမီယမ်၊ Titanium တိုင်တေနီယမ်၊ Tantalum တင်န်တလမ်တွေကို သုံးတယ်။

Prosthetic implants အစားထိုးပစ္စည်းတွေလဲ သုံးရတဲ့ပစ္စည်းတွေ အမျိုးမျိုးရှိတယ်။ Ivory ဆင်စွယ်၊ Wood သစ်သား၊ Rubber ရာဘာ၊ Acrylic အခရဲလစ်နဲ့ Bakelite ဘကီလိုက်တွေပါတယ်။ ပေါင်ရင်းကျိုးတာကို ဆင်စွယ်သုံးပြီး အစားထိုးနည်းကို မြန်မာဆရာဝန်ကြီး တီထွင်တယ်။ ပေါင်ရင်းရိုး လည်ပင်းကျိုးတာမှာ အစားထိုးဘို့ရာ သစ်မာသုံးတာကိုလဲ မြန်မာဆရာဝန်တဦးကဘဲ တီထွင်တယ်။

၁၉၆ဝ မှာ ဒေါက်တာဦးစံဘော် (၂၉-၆-၁၉၂၂ - ၇-၁၂-၁၉၈၄) ဟာ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ သီလရှင်ဆရာကြီး ဒေါ်ပုညရဲ့ Ununited fractures of the neck of femur ပေါင်ရင်းရိုးကျိုးပြီး ပြန်မဆက်ဖြစ်နေတော့တာကို Ivory prosthesis ဆင်စွယ်အရိုးတုသုံးပြီး အောင်အောင်မြင်မြင် ခွဲစိတ်ကုသပေးနိုင်ခဲ့လို့ ဆေးပညာသမိုင်းတွင်ခဲ့တယ်။ ဆရာကြီးရဲ့ဇနီးဟာ ပါမောက္ခဒေါ်မြင်မြင့်ခင်ဖြစ်ပါတယ်။ ကနေ့ မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ လူထုအကျိုးပြုစာတွေကို သတ္တိရှိရှိရေးနေတဲ့ ကျွန်တော်တို့ရဲ့ ချစ်ကြောက်ရိုသေ၊ အားကျအားရတဲ့ သမားတော်ကြီးဖြစ်ပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ