Hot Places ပူတဲ့တိုင်းပြည်တွေမှာ အလုပ်လုပ်ရတာ


ကျွန်တော့် နာမည်က (့) ပါ။ ကျွန်တော် အခု (့) မှာ အလုပ်လုပ်နေပါတယ်။ နေက အရမ်းပူတယ်။ အသားက ရောင်လာတယ်။ တကိုယ်လုံးတော့ မဟုတ်ဘူး။ မျက်နှာ၊ လက်နှစ်ဖက်ရယ် ရောင်လာတယ်။ အေးသွားရင် ပုံမှန် ပြန်ဖြစ်သွားတယ်။ အဒီရောဂါမျိုးက စိုးရိမ်ရလား။ နောက်ပြီးတော့ ဘယ်လိုဆေးဝါးနဲ့ဆို ပျောက်နိုင်ပါသလဲ။

မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း ပူပါတယ်။ ပူတဲ့နေရာကနေ ဒိထက်ပူတဲ့ဆီသွား အလုပ်လုပ်ရသူတွေ ကျန်းမာရေး ထိခိုက်နိုင်တာတွေ ကြုံနေကြရတယ်။ အခုလို ပူတဲ့ရာသီမှာ သတိထားရာတွေ ပိုရှိလာပါတယ်။

ရာသီဥတု ပူးပြင်တဲ့နေရာမှာ နေသူတွေမှာ
1. ရေဓါတ်-ဆားဓါတ်နည်းစေတယ်။
2. အရေပြား အပူလောင်မယ်။
3. Heat stroke အပူလှိုင်းရိုက်ခံရမယ်။

• 20° C (68F) သက်တောင့်သက်သာရှိမယ်။ နှလုံးခုန် မှန်မယ်။
• 25° C (77F) ချွေးပိုထွက်လာမယ်။
• 30° C (86F) အနေရခက်လာမယ်။ ချွေးထွက်များလာမယ်။
• 38-41° C (104F) ချွေးထွက် တအားများမယ်။
• 45° C (113F) ချွေးမထွက်တော့ဘူး။

ကိုယ်ခန္ဓာကနေ ရေနည်းတိုင်း (ပိုတင်စီယမ်) နဲ့ (ဆိုဒီယမ်) ဓါတ်တွေပါ လိုက်နည်းတယ်။ စိတ်မကြည်လင်တာ၊ မလှုတ်ချင်-မကိုင်ချင်ဖြစ်မယ်၊ အသက်ရှူရခက်မယ်၊ နှလုံးခုန်မမှန်ဖြစ်မယ်။ ချွေးနဲ့ ဆီးနည်းလာမယ်။ ချွေးထွက်ရင် ကိုယ်အပူချိန် မျှတအေးမြနေစေတယ်။ သိပ်ပူနေချိန်မှာ ဒီစနစ်က မလုပ်နိုင်တော့ဘူး။ ကိုယ်ပူချိန် တက်လာစေမယ်။ Heat stroke ဒါမှမဟုတ် Exhaustion ခေါ်တယ်။

အသက်ကြီးလာရင် ချွေးနဲ့ ကိုယ်ပူချိန်ထိန်းတာ အားနည်းလာကြတယ်။ ပူရင် နှလုံးခုန်တာမြန်လာရတယ်။ လူကြီးတွေမှာ အဲလို သိပ်မဖြစ်နိုင်တော့ဘူး။ မြန်ပြီးသားလဲ ပြန်ကျတာနှေးတယ်။ အရေပြားကလဲ အရင်လို အကာအကွယ် ကောင်းကောင်း မပေးနိုင် ဖြစ်လာတယ်။ သိပ်ဝသူတွေ၊ သိပ်ပိန်သူတွေမှာ ပိုသိသာမယ်။ အစာလမ်း၊ ဆီးလမ်း၊ မျိုးပွါးလမ်းတွေမှာ နာတာအတွက်ပေးတဲ့ဆေး စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ (အင်ဖက်တမင်း) ဆေး ဥပမာ ရာဘ၊ ဆီးသွားစေတဲ့ဆေး၊ သွေးတိုးကျဆေး၊ (အလာဂျီ) အတွက်ဆေး၊ စိတ်မကျဆေးတွေကြောင့် ပိုဆိုးစေနိုင်တယ်။

- Heat stress = ခေါင်းကိုက်၊ ပျို့၊ အားယုတ်။
- Heat fatigue = အရေပြားစိုထိုင်း-အေးစက်နေ၊ လက်ကောက်ဝတ်သွေးခုန်တာ အစမ်းရခက်။
- Heat syncope = ရုတ်တရက် ခေါင်းမူးဝေ၊ ဖြူဖတ်ဖြူလျှော်ဖြစ်၊ ချွေးပြန်၊ လက်ကောက်ဝတ် သွေးခုန်တာ အစမ်းရခက်။ နှလုံးခုန်မြန်။ ကိုယ်အပူချိန် 98.6 ပုံမှန်သာဖြစ်နေ။
- Heat cramps = လှုတ်ရှားပြီးရင် ဗိုက်-ခြေ-လက် ကြွက်သားတွေနာ။ ဆားဓါတ်နည်းလို့ ဖြစ်နိုင်ပေမဲ့ ဆရာဝန်မလာခင် Salt tablet မပေးသေးပါနဲ့။
- Heat exhaustion = ကိုယ်ပူလာတာဟာ အခြေအနေ ဆိုးလာတာ ဖြစ်တယ်။ ရေငတ်မယ်။ ခေါင်းမူးမယ်။ အားနည်းနေမယ်။ ပျို့မယ်။ အန်မယ်။ ချွေးတအားထွက်မယ်။ ထိန်းလုပ်ရတာမျိုး အားနည်းလာမယ်။ ကိုယ်က အေးစက် စိုထိုင်းနေမယ်။ ကိုယ်အပူချိန်၊ နှလုံးခုန်နှုန်းတွေ ပုံမှန်သာရှိမယ်။ သူငယ်အိမ်ကျယ်နေမယ်။ ဆီးသွားနည်းမယ်။

Heat stroke = အသက်အန္တရာယ် ရန်ရှာနေပြီ။ ချက်ချင်းဆေးကုရမယ်။ ကိုယ်ပူချိန် 100 F မက တက်လာရင် သေနိုင်တယ်။ လူနာ စိတ်ရှုတ်ထွေးနေမယ်။ နှလုံးခုန်မြန်မယ်။ သူငယ်အိမ်ကျယ်နေမယ်။ အသက်ရှူနှေး-လေးနေမယ်။ တက်မယ်။ သတိမကောင်းရာကနေ သတိလစ်မယ်။

ဘယ်လိုကာကွယ် ကုသမလဲ
ရေ နဲ့ အရည်တွေ များများသောက်ပေးပါ။ ကိုယ်အလေးချိန် 58kg (128lb) ရှိသူလူတယောက်ဟာ တနေ့မှာ ရေဖတ်ခွက် ၈ ခွက်သောက်သင့်တယ်။ ကိုယ်အလေးချိန် ၂ ပေါင်များသူတိုင်း ရေ တအောင်စ (28.4ml) ပိုလိုမယ်။ ရေဟာ လိုတာထက် သိပ်များရင်လဲ မကောင်းဘူး။ ဘီယာအေးအေး သောက်တာ မဆိုးပါ။ ဒါပေမဲ့ အရက်ကြောင့် ရေဓါတ်နည်းစေတယ်။ Carbonated soft drinks တွေ မသင့်ပါ။ သစ်သီးရည်က ကောင်းတယ်။

အစားအသောက်ပုံစံပြုပြင်ပါ။ အစာကို တဝကြီးမစားပါနဲ့။ အပူအစပ် လျှော့စားပါ။ ရေဓါတ်များ အသီးအရွက်၊ အသီးအနှံတွေ ပိုစားပါ။ ချွေးထွက်များလို့ ဆားနည်းတာကို Salt pills ဆေးပြားသုံးနိုင်တယ်။ ဒါပေမဲ့ အစားအစာထဲမှာလဲ ဆားပါနေလို့ ဆားဆေးပြားကို မလိုတာ များတယ်။ ကိုယ်ရောင်တာ ဖြစ်သူတိုင်း ဘာကြောင့်ဖြစ်ဖြစ် ဆားနဲ့မတည့်ပါ။ ငန်တာမှန်သမျှ ရှောင်ပါ။ ဆား၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ဟင်းချိုမှုံ့ မသင့်ပါ။ မုံ့ဖုတ်ဆော်ဒါနဲ့ လုပ်တာတွေ မသင့်ပါ။

နေရောင်ထဲမှာ မနေပါနဲ့။ အရိပ်ရှာပါ။ ထွက်စရာရှိရင် နေပူမပြင်းချိန်သာ ထွက်ပါ။ ကိုယ်လက်လှုတ်ရှားမှု ဂရုပြုပါ။ ပြင်းပြင်းထံထံ မလုပ်ပါနဲ့။ သိပ်ပူနေချိန်မှာ မလုပ်ပါနဲ့။ အလုပ်လုပ်တာကအစ တဖြေးဖြေးချင်းသာ တိုးတက်လုပ်ပါ။ အသက်ရှူရ ခက်လာရင်၊ ခေါင်းမူးလာရင်၊ လုံးဝနားလိုက်ပါ။ လေဝင်-လေထွက်ရတဲ့အိမ်မှာနေပါ။ ပြူတင်းပေါက်တွေ ဖွင့်လို့သင့်ချိန်မှာ ဖွင့်ထားပါ။ လေပန်ကာ၊ ရေပန်ကာ၊ လေအေးစက်သုံးပါ။ မလိုတဲ့မီးတွေ ပိတ်ထားပါ။ ပြူတင်းပေါက်တွေ နေ့ခင်းမှာ ဖွင့်ထားပါ။ လိုက်ကာ ချထားပါ။

ခရီးသွားတာ အရိပ်ထဲကနေသာ လမ်းသွားပါ။ လေအေးစက်ပါ ယာဉ်စီးပါ။ ကားထဲမှာ ပြွတ်သိပ်မနေပါစေနဲ့။ ခရီးဝေး သွားရရင် နားလို့ရချိန်မှာ အပြင်လေရအောင် နားပါ။ အေးရာရှာပါ။ အသက်ငယ်လွန်း၊ ကြီးလွန်းသူတွေ။ နေမကောင်းဖြစ်နေသူတွေ အတူးဂရုစိုက်ပါလေ။ အဝတ်အစား ရွေးဝတ်ပါ။ ချည်ထည်၊ ချောင်တာဝတ်ပါ၊ အရောင်ရင့်တာ ရှောင်ပါ။ အပြင် ထွက်ရရင် လက်ရှည်၊ ခြေရှည်သာဝတ်ပါ။ ဦးထုပ်ဆောင်းပါ။ ထီးဆောင်းပါ။ နေကာမျက်မှန်သုံးပါ။

နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာကို ရှောင်ရှားပါ။ ရေအေးနဲ့ ရေတကြိမ်မက ချိုးပါ။ ပခုံး၊ နောက်ကျောမှာ ရေစိုဝတ်တင်ထားပါ။ သတိတရား အမြဲထားပါ။ စိတ်လဲ အေးအေးသာထားပါ။ ကိုယ်တယောက်တည်းဆိုရင် အသိပေးစရာ ရှာထားပါ။ အရေးပေါ်ဖြစ်လာရင် အကူအညီတောင်းလိုက်ပါ။ အကူမလာခင်မှာ အေးတဲ့နေရာမှာ လဲလျှောင်းနေစေပါ။

ခြေရင်းမြှင့်ပေးထားပါ။ အေးတဲ့ အဝတ်၊ ရေ၊ ရေခဲ ကပ်ပေးပါ။ ပန်ကာ၊ လေအေးစက်ဖွင့်ထားပါ။ အရက်ပြန်နဲ့ မပွတ်ပါနဲ့။ ပါးစပ်ထဲ ရေစက်ချပေးပါ။ နုပ်ခမ်းကိုရေ ဆွတ်ပေးပါ။ (ဆားရည် မလိုသေးပါ)

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ