Head injury ခေါင်းကိုထိခိုက်မိရင် မပေါ့ရပါ


နာယကကြီး ဦးတင်ဦးသတင်းဖတ်ရလို့ စာပြန်တင်ပါတယ်။ ရောဂါစစ်ဆေးချက်တော့ မသိသေးပါ။ ဦးခေါင်းအတွင်း မတော်တဆဖြစ်လို့ မူးလဲတာလား၊ မူးလဲလို့ ဦးခေါင်းထိခိုက်သလား မသိသေးပါ။

ခေါင်းကိုထိခိုက်မိရင် ဖြစ်စ ၂၄ နာရီမှာ သတိထားရတယ်။ အန်သလား၊ မူးသလား၊ တက်သလား၊ သတိချို့ယွင်းသလား၊ နှာခေါင်းထဲ နားထဲကနေ သွေးထွက်သလား။ ခေါင်းရင်းမြှင့်ထား၊ ခေါင်းအုံးမြင်မြင့်နဲ့သိပ်။ နည်းနည်းပါးပါးရောင်တာကို သက်သာအောင်ပေါ့၊ ဆေးရုံရောက်ရင် အရောင်ကျအောင် ဆားခါးထိုးဆေး ထိုးပေးလိမ့်မယ်။ အိပ်ဆေး၊ အရက် မပေးပါနဲ့။ သူ့ကြောင့်မူးလား၊ ဒဏ်ရာကြောင့်မူးလား မသိမှာစိုးလို့။ အိပ်မပျော်အောင်တောင်မှ နိုးနေဘို့လိုပါတယ်။ အလုပ်သင်မီဒီယာသမားများလို မေးခွန်းတွေ တောင်စဉ်ရေမရမေးနေပါ။ ဆီလျော်တာ မလျော်တာမလိုပါ။

ခေါင်းခွံကအမာကြီး။ အထဲက ဦးနှောက်ဆိုတာက ပျော့စိစိ။ ခေါင်းခွံအထက် ဦးရေခွံကထူတယ်။ လူ့အရေပြားဆိုတာ လက်ဖမိုး၊ ခြေဖမိုးရှိတာက အရေပါး။ လက်ဖပါးခြေဖဝါးမှာရှိတာက အရေထူ။ ဦးခေါင်းဖုံးထားတာက အထူဆုံး။ မှန်ဘီလူးနဲ့ကြည့်ရင် ငါးထပ်တောင်ရှိတာ။ SCALP စာလုံးငါးလုံး မဟုတ်လား။ ဦးရေခွံ ကွဲနိုင်-ပြဲနိုင်တယ်။ ဒါက ချုပ်လိုက်ရင် ပြီးရော။

အမှန်က မပြီးသေးပါ။ ခေါင်းထိရင် အနည်းဆုံး ၂၄ နာရီ စောင့်ကြည့်ရတယ်။ ကြားထဲမှာ မူးသလား၊ အန်သလား၊ သတိ ကောင်းရဲ့လားစတာတွေ ကြည့်ရမယ်။ ပျော့စိစိကို သွားထိသလား ဆိုတာပေါ့။ ဦးနှောက်ဟာ ခေါင်းခွံ အမာကြီးထဲမှာ နေရတာ မလွတ်လပ်ပါ။ မလွတ်လပ်ဘူးဆိုတာက ဒီလို့ ဘောင်းဘီက ခပ်ကြပ်ကြပ်၊ ခါးပတ်လည်း ပတ်ထားပြီး၊ ထမင်း အဝအပြဲစားလိုက်ရင် ဘာဖြစ်မလဲ။ အဲလိုဘဲဖြစ်မယ်။

လူ့ကိုယ်မှာ တခုခုနဲ့ခိုက်မိရင် ထိတဲ့နေရာမှန်သမျှ ရောင်လာတယ်။ တိတိကျကျပြောရင် ရောင်တယ်၊ နီတယ်၊ နာတယ်၊ ပူလဲ ပူလာမယ်၊ နောက် သူ့တာဝန်သူ မလုပ်နိုင်တော့ဘူးဆိုပြီး၊ ငါးမည်ရ ရောင်ခြင်း ဖြစ်ပါတယ်။ (အင်ဖလမေးရှင်း) လို့ ခေါ်ကြတာပေါ့။

လျော့စားမယ်ဗျာပြောပြီး၊ ပုဆိုးလျော့ဝတ်သလို ပျော့စိစိ ဦးနှောက်ခမြာ လုပ်မရပါ။ ဒီတော့ ခေါင်းခွံအမာကြီးထဲ ရောင်ချင်တိုင်း ရောင်မရ၊ ဒုက္ခမလှမပ တွေ့ရတော့တယ်။ မူးတာ-အန်တာ စတာတွေ ဖြစ်လာမယ်။ စောင့်ကြည့်ပါဆိုတာ အဲတာပါ။

ဒီထက်တောင်ဆိုးတာ ရှိနိုင်တယ်။ ခေါင်းကို တဖက်ကနေ ရိုက်မိတယ်-ထိုးမိမယ်ဆိုပါတော့၊ ထားပါ ဘယ်ဘက်ကနေ လက်သီးနဲ့ ထိုးမယ်။ အမာစား အခွံထဲက အပျော့စား ဦးနှောက်ဟာ ဘယ်ဘက်မှာ တချက်နာ၊ နောက် ညာဘက်ဆီ ရွေ့သွားရတယ်။ ခက်တာက ညာဘက်မှာလဲ ခေါင်းခွံအမာကြီးက ခံထား။ ဒီတော့ ညာဖက်က အမာစားနဲ့ တခါထပ်ညားလို့ မပြော့စိ နှစ်ခါနာဖြစ်ရရှာရော။

ပျော့စိစိမှာရှိတဲ့ သွေးကြောဆိုတာကလဲ နုနုလွလွလေးတွေ။ ပေါက်ပြီဆိုရင် သွေးထွက်စရာ ဘယ်မှာလဲ။ အထဲထဲမှာ တဝဲလည်လည်ပေါ့။ ရှိတော့ရှိတယ် ထွက်ပေါက်နှစ်ခု။ နားနဲ့ နှာခေါင်း။ နှာခေါင်းထဲယိုရင် ပါးစပ်ထဲကလည်း သွေးထွက်မယ်။ ခေါက်ခိုက်မိလို့ နှာခေါင်းသွေးယိုတာနဲ့ နားထဲကနေ သွေးယိုရင် ဆိုးပြီသာမှတ်ပေတော့။ သွေးမဟုတ်ဘဲ ခပ်ကြည်ကြည် အရည်ယိုရင်လဲ ဆိုးတာဘဲ။ တက်နိုင်တယ်၊ မျက်စိသူငယ်အိမ် အလုပ်ကောင်းကောင်း မလုပ်နိုင်တာလဲ ဖြစ်နိုင်တယ်။ ခေါင်းခွံ အောက်ခြေ ကွဲနိုင်တယ်။ အသက် မသေရင်တောင် ပြန်မရတော့မဲ့ ဒုက္ခိတလက္ခဏာတွေ ကျန်နေ နိုင်ပါသေးတယ်။ သွေးယိုတဲ့နေရာတို့၊ အရိုးကွဲတဲ့နေရာတို့က လူ့ရဲ့အဓိကအလုပ်တွေကို ထိန်းချုပ်တဲ့အပိုင်းတွေကို ဖြစ်ရင်တော့ ချက်ချင်းဆိုသလို ဆုံးပါးသွားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ