နုနယ်ခြင်း ဝေဒနာ


အပါတ်စဉ်ဂျာနယ်တခုမှာ ရေးတာကို ဆရာဝန်တဦးကပြန်ရေးလိုက်တာ ဖတ်ရပါတယ်။ ဆရာဝန်ဖြစ်လို့ ဆရာဝန်တွေဘက်ကလိုက်ပါမယ်။ ဘက်လိုက်မှုဆိုတာ လူ့သဘောပါ။

မြန်မာပြည်ကို ဖွင့်ပေးလိုက်တာနဲ့ နိုင်ငံတကာစံတွေ၊ ဂလိုဘယ်ကိုက်တံတွေကို သုံးလာကြတာကို သဘောမတွေ့ပါ။ လူ့အခွင့်အရေးဆိုတာကို တလွဲသုံးတာတာမျိုး မဖြစ်သင့်ပါ။ အခွင့်အရေးမှန်သမျှ အကုန်ရရမယ်ဆိုတာ ကာလံဒေသံနဲ့ မညီသေးချိန်လို့ မြင်ပါတယ်။ မီဒီယာလွတ်လပ်လာတာ ကောင်းတာမှန်ပေမဲ့ သတင်းစာထုတ်၊ ဂျာနယ်ထုတ်လာနိုင်တယ်။ ကောင်းတယ်။ ဒါပေမဲ့ အယ်ဒီတာတွေ၊ သတင်းထောက်တွေမှာ အရည်အသွေးစံချိန် မကိုက်သေးတာကို သတိပြုမိတယ်။ ကြိုးစားကြသူတွေကို ချီးမွမ်းပါတယ်။

သူများဘက်ပြောပြီး ကိုယ့်ဘက်ကိုယ် ကာကွယ်ပါရစေ။ ကျန်းမာရေးနဲ့ဆေးပညာနယ်ပယ်ကြီးကို ဖွင့်ပေးလိုက်တော့ ကျယ်လာသလား မမေးနဲ့။ အထူးကုဆေးရုံကြီးတွေ၊ အထူးအဆန်းဆေးခန်းကြီးတွေ၊ ကုသရေးမဟာစင်တာတွေဟာ မှိုလိုပေါက်လာကြပါတယ်။ အထူးစပါယ်ရှစ်လစ်တွေကို လူဘယ်လောက် လက်လှမ်းမီပါသလဲ။ ကုသိုလ်ဖြစ်ဆေးခန်း သေးသေးလေးတွေလဲ မြက်ပေါက်သလို ပေါက်လာရတာ လိုအပ်ချက်အရဖြစ်တယ်။ ရွာပေးတဲ့မိုး ကျေးဇူးတင်ပါတယ်။ မှိုလည်း စားကောင်း၊ မြက်လည်းအသုံးကျတယ် မဟုတ်ပါလား။ ပေါင်းတော့ ရှင်းရမယ်။

ကံတရားနဲ့ ဖူးစာရေစက်ဆိုတာမျိုးကို ယုံကြည်လက်ခံသူများပါတယ်။ အခုရေတွင်းတူး အခုရေကြည် မသောက်ရတဲ့ ဘဝအတွေ့အကြုံဆိုတာလဲ ပြောစရာကို မလိုတော့ပါ။ နိုင်ငံတကာစံတွေ၊ နိုင်ငံတကာနှုန်းတွေ၊ နိုင်ငံတကာ အတွေးတွေ၊ အရေးတွေကို ကော်ပီအင်ပေ့စ်မလုပ်သင့်ပါကြောင်း နိုင်ငံရေးလုပ်သူများ၊ အက်တဗစ်များ၊ မီဒီယာလုပ်သူများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနယ်ပယ်တွေက ပုဂ္ဂိုလ်အားလုံးကို အနူးအညွတ် မတ္တာရပ်ခံပါရစေ။

လူအရင်းအမြစ်နည်းသေးတော့ ဟိုကသည်က ခေါ်ရငှားရတာ ယာယီသာဖြစ်သင့်တယ်။ ကိုယ့်ဆီမှာ ဝါရင့်၊ လူလေးစား၊ တိုင်းပြည်ကအားထားရတဲ့ သတင်းစာသမားကြီးတွေလိုဘဲ ထူးချွန်တော်တတ်တဲ့ ဆေးပညာရှင်တွေလဲရှိတယ်။ အလားတူ ကပ်ပြားလည်ဆွဲမှ မီဒီယာကဆိုတာ သိရသူတွေပါရှိတယ်။ ကြိုးစားကြပါတယ်။ နားကြပ်တွဲလဲနဲ့ ဆရာဝန်လေးတွေလည်း အတူတူပါဘဲ။ ကြိုးစားရှာကြပါတယ်။

အိန္ဒိယနဲ့ ထိုင်းကနေ ပုဂ္ဂလိကဆေးရုံကြီးတွေ မြန်မာပြည်လာဖွင့်နိုင်တာကို ကျန်းမာရေးဘက်တိုးတက်လာတယ်လို့ မမြင်ပါ။ ကနေ့ မြန်မာပြည်လူတွေနဲ့ထိုက်တဲ့ မီဒီယာနဲ့ စခန်းသွားနေကြရသလို ယနေ့ မြန်မာပြည်ကလူတွေနဲ့တန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့သာ အသက်ဆက်ကြရမှာပါ။ ပိုကောင်းလာရေး အားလုံးကနေ ဝိုင်းဝန်းအားပေးကြစို့လား။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ