လေနာရောဂါ သတိပြုစရာ


လေထိုးလေအောင့် လေနာရောဂါသည် အလွန်ကြောက်စရာကောင်းသည်။ စာရေး သူငယ်စဉ်က အိမ်နီးချင်းဖြစ်သည့် ဦးလေးအရွယ် အသက် ၅ဝ ခန့်လူကြီး တစ်ဦး လေထိုးလေအောင့်ဖြစ်သည်။ ညအချိန်မတော်ဖြစ်သဖြင့် ရပ်ကွက်အတွင်းရှိ ဆေးခန်းနှစ်ခန်းမှာ ပိတ်သွားပြီဖြစ်သည်။ အချို့ဆေးခန်းတွင် ဆရာဝန်က အချိန် ပိုင်းနှင့်လာထိုင်ပြီး ညအချိန်တွင် ပိတ်သွားခြင်းဖြစ်သည်။
ထိုလေနာသူကို ဆေးရုံသို့ပို့သည်။ ဆေးရုံတွင်လည်း ဆရာဝန်ကြီးများမရှိပေ။ လက်ထောက်ဆရာဝန်နှင့် သူနာပြုများက လူနာအခြေအနေကို စောင့်ကြည့်ရမည် ဟုဆိုကာ စင်္ကြံလမ်းပေါ်ရှိ တန်းလျားတစ်ခုပေါ်တွင် ခေတ္တလှဲခိုင်းထားသည်။ လူနာ သည် ချွေးစေးများပြန်လာပြီး နောက်တစ်နာရီခန့်အကြာတွင် အနာသက်သာ သွားသည်။ ဘာဆေးမျှမသောက်ရဘဲ ဆေးရုံမှပြန်လာခဲ့ရသည်။

လေနာရောဂါအချို့သည် ဤသို့ပင် အလူးအလဲခံရအောင်ဖြစ်ပြီး ထူးဆန်းစွာ သက်သာ ပျောက်ကင်းသွားတတ်သည်။ ဆရာများကလည်း လေနာရောဂါနှင့် အူ အတက်ပေါက်ရောဂါ မမှားယွင်းရအောင် သတိပြုကြရသည်။ အူအတက်ရောင်လျှင် ဝမ်းဗိုက်တစ်ပြင်လုံးမနာဘဲ ညာဘက်ခြမ်းပေါင်ထိပ်နှင့် ချက်တိုင်အနီးတွင် အထိ မခံအောင် နာကျင်လေ့ရှိသည်။
လေနာရောဂါဖြစ်သူ၏ဝမ်းဗိုက်ကို နားမလည်ဘဲ အရမ်းမဲ့မနှိပ်သင့်ပေ။ လေနာ ဟုဆိုကာ မှောက်ပြီးတက်နင်းသဖြင့် အူပေါက်ပြီးအသက်ဆုံးရှုံးရသည့် တောရွာမှ လူနာတစ်ဦးကို တွေ့ဖူးသည်။ ကျန်းမာရေးဗဟုသုတနည်းသည့် ကျေးလက်တောရွာ များတွင် ဤသို့ အဖြစ်ဆိုးများစွာရှိသည်။
လေနာ၏မူလအကြောင်းအရင်းခံမှာ အစားအသောက်မဆင်ခြင်ခြင်း၊ အလွန် အကျွံစားခြင်းကြောင့် အစာမကြေဖြစ်ကြရာမှ ဖြစ်သည်ကများသည်။ လေချုပ်စာ အစားများခြင်း၊ အစာစားပြီးနောက် လှုပ်ရှားမှုမရှိဘဲ ဝမ်းဗိုက်ကို ခေါက်ထိုင်ခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။


လေနာလေအောင့်ဖြစ်စေနိုင်သော အခြားအကြောင်းတစ်ခုမှာ ဝမ်းချုပ်ပြီး စမြင်းခံခြင်းဖြစ်သည်။ အချို့က စမြင်းထိုးသည်ဟု ခေါ်သည်။ လေနာရောဂါနှင့် ပတ်သက်၍ ရှေးကမြန်မာဆေးဆရာကြီးများ မည်ကဲ့သို့ ကုသခဲ့ကြသည်ကို စာရေး သူ လေ့လာကြည့်သောအခါ စစ်ပြီးခေတ်က ထုတ်ဝေခဲ့သော မြန်မာဆေးဆရာကြီး ဦးဘသင်၏ 'ရှုတော်မူ ဆေး အဘိဓာန်ကျမ်း' တွင် တွေ့ရသည်မှာ-
လူတို့စားသောက်သော အာဟာရတို့သည် ကျင်ကြီးဖြစ်ပြီး အချိန်မှန်မစွန့်ရလျှင် အူအတွင်း၌ ရက်ကြာ ကိန်းအောင်းနေရသောအခါ တေဇောဓာတ်အခိုးအရှိန် ကြောင့် ထိုကျင်ကြီးသည် မီးဖြင့်ကင်သောအသားတစ်ကဲ့သို့ အရည်ပျစ်ပြီး တဖြည်း ဖြည်းတင်းမာ၍ စမြင်းဖြစ်၏။ ထိုစမြင်းသည် အူအတွင်းဒွါရပေါက်၌ ဆို့ပိတ်နေ သောအခါ အူအတွင်း၌ သွားလာစုန်ဆန်နေသော (အန္တာနုသယ)ခေါ်သော လေ လည်း သွားလာနှင်ထုတ်ခြင်းမပြုရဘဲ အူအတွင်း၌သာ တောငှက်တိရိစ္ဆာန်များကို ဖမ်းဆီး၍ လှောင်အိမ်အတွင်း၌လှောင်ထားသောအခါ ထွက်ပေါက်ရှာသော အားဖြင့် တိုးဝှေ့သကဲ့သို့ ထိုအချုပ်အနှောင်ခံရသောလေသည်လည်း ထွက်ပေါက်မရသဖြင့် တိုးဝှေ့သောအခါ နာခြင်း၊ အောင့်ခြင်းဖြစ်ရသည်။ ထိုသို့နာသည်ကို လေနာ၊ အောင့်နာဟုဆိုသည်။ ရင်ဘတ်ဆီသို့ တိုးဝှေ့သောအခါ ရင်ဘတ်နာဟုဆို၏။ ဘေးသို့တိုးဝင်သောအခါ အဆုတ်သည် ဖောင်းပွလာသဖြင့် အသက်ရှူကျပ်၏။ ထိုသို့ဖြစ်သောရောဂါကို 'ဘေးထိုးရင်ကျပ်'ဟု ဆိုသည်။
လေနာ၊ အောင့်နာ၊ ရင်ဘတ်နာ၊ ဘေးထိုးရင်ကျပ်ဟူသော ရောဂါမျိုးတို့သည် လေ၏အစွမ်းချည်းဖြစ်သည်။ ထိုလေချုပ်သောသူတို့၌ များသောအားဖြင့် ဝမ်း ကြောတင်းခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်တတ်၏။

လေဆေးတစ်နည်း-
၁။ ကျောက်ချဉ် - ၁ ကျပ်သား
၂။ ဆားခါး - ၂ ကျပ်သား
၃။ ဇဝက်သာ - ၂ ကျပ်သား
ဤသုံးပါးကို အမှုန့်ပြု၍ ရှောက်ရည် ၂ ကျပ်သားနှင့်ရော၊ ဆေးငါးခွက်စာဖြစ်၏။ (လေနာဖြစ်ပုံအကြောင်းနှင့် ကုထုံးကိုပြခြင်းမှ)
လေနာရောဂါဖြစ်သူတို့သည် အစားမှား၍ဖြစ်သည်ဟု အစဉ်အမြဲမှတ်ယူ၍ မရပေ။ အစားအသောက်မမှားဘဲ ရုတ်တရက်ထဖြစ်သောလေနာ ရှိသည်။ ကံ ကြောင့်ဖြစ်သောလေနာဟု ခေါ်ဆိုနိုင်သည်။ အစာအိမ်လေနာဖြစ်သူ အတော်များ များသည် စိတ်ပူပန်သောကများသူများဖြစ်သည်ကို တွေ့ရသည်။ စိတ်တိုင်းမကျ စိတ်မောရသောသူများတွင် ဖြစ်သည့်လေနာရောဂါသည် စိတ်ကြောင့်ဖြစ်သည်။
ဥတုကြောင့်ဖြစ်သောလေနာရောဂါမှာ မိုးတွင်းအခါ ရေစိုတစ်ပိုင်းဖြင့်သွား လာရင်း ခြေအေးဝမ်းရောင်ဖြစ်ရာမှ စသည်။ ခြေထောက်ရေစိုခြင်းကြောင့် လေနာ ရောဂါ ရုတ်တရက်ဖြစ်နိုင်သည်။ ခြေထောက်ရေစိုနှင့် အပြင်မှပြန်လာလျှင် ဒူး အထက်မှအောက်သို့ ရေလောင်း၍ ခြေဆေး၊ အပူများ အောက်သို့ဆင်းသွားအောင် ပြုလုပ်ပြီးမှ အဝတ်ခြောက်ဖြင့် သုတ်ရမည်။ နွေးထွေးအောင်ပြုလုပ်ရမည်ဟု ရှေး လူကြီးများ ပြောကြသည်။
ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါးတွင် နောက်ဆုံးဖြစ်သည့် 'အာဟာရ'ကြောင့် ဖြစ်သော လေနာမှာ မသင့်သောအစာကိုစားခြင်း၊ ပူလွန်းစပ်လွန်းသောအစာကိုစားခြင်း၊ အေးစက်သောအစာကို စားခြင်း၊ မာကြောသောအစာကိုစားခြင်းတို့ ကြောင့် ဖြစ်သည်။
ကောက်ညှင်းပေါင်းစားပြီး လေနာသူတစ်ဦးကို တွေ့ဖူးသည်။ ထိုသူကို မြန်မာ ဆေးဆရာကြီးတစ်ဦးက နှမ်းဆီကိုမီးဖြင့်နွှေးပြီး ဝမ်းဗိုက်တွင်လိမ်းသည်။ ထို နှမ်းဆီ ကိုပင် ဟင်းစားဇွန်းဖြင့်သုံးဇွန်း သောက်ခိုင်းသည်။ ခဏကြာသောအခါ လေနာ ဝေဒနာသက်သာသွားသည်ကို တွေ့ရဖူးသည်။ ကောက်ညှင်းပေါင်းစားလျှင် အေး စက်နေပါက မစားရ။ ပူပူနွေးနွေးကိုဆီဆမ်းပြီးစားလျှင် လေနာခြင်းဘေးမှ ကင်း ဝေးနိုင်သည်။ ဓာတ်စာအဖြစ် လေကိုအောက်သို့သက်အောင်စားလိုလျှင် ကောက် ညှင်းဆန်အနက် (ငချိပ်)ပေါင်းကို နှမ်းဆီဆမ်း၊ နှမ်းထောင်းဖြူးစားလျှင် လူကြီး များ လေချုပ်အညောင်းများခြင်းကို သက်သာစေနိုင်သည်။ အစာဟောင်းအိမ်မှလေ ကိုလည်း အောက်သို့သက်စေနိုင်သည်ဟု ဆိုသည်။ ဤသည်မှာ ရှေးလူကြီးများ၏ ဘေးမဖြစ်အောင် ကောက်ညှင်းပေါင်းစားနည်းဖြစ်သည်။ ကောက်ညှင်းစားပြီး အစာမကြေမဖြစ်စေသောနည်း ဖြစ်သည်။
ဝမ်းနုတ်ဆေးကို စွဲစားလေ့ရှိသူများတွင် လေနာဖြစ်လေ့ရှိသည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အူအတွင်းရှိ အချွဲအမြှေးများ ပါးသွားခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် ပွေးကိုင်းပါသော ဝမ်းမှန်ဆေးများကို စွဲစားသူများ၏အူအတွင်း သက် စောင့်အချွဲအမြှေးများ တဖြည်းဖြည်းပါးသွားပြီး အူမကြီးအတွင်းတွင် လေပွကာ လေနာရောဂါဖြစ်နိုင်သည်။

နေ့စဉ်ဆေးသောက်မှ ဝမ်းသွားရခြင်းသည် နည်းမှန်လမ်းမှန်ဝမ်းသွားရခြင်း မျိုး မဟုတ်ပေ။ ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး ရသာခြောက်ပါးကို မျှတစွာစားသုံးသူသည် ဝမ်းမှန်သည်။ လေသည် အောက်သို့သက်သည်။ ယနေ့ခေတ် လူအတော်များများ သည် ချို၊ ဖန် အရသာနှစ်မျိုးကို ပို၍စားသုံးနေကြသည်။ တစ်နေ့လျှင် နှစ်ကြိမ်၊ သုံး ကြိမ်၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ရေနွေးကြမ်း၊ အဖန်ရည်အသောက်များသူများ ဝမ်းချုပ်ကြသည်။ ဝမ်းချုပ်၍ ဝမ်းနုတ်ဆေးစားသည်။ ရောင်းတမ်းဝမ်းနုတ်ဆေး များတွင် ပွေးကိုင်းနှင့် ကနခိုများပါဝင်သဖြင့် ကြာသောအခါ အစာအိမ်နှင့် အူလမ်း ကြောင်း အားနည်းမှု၊ ချို့ယွင်းမှုများ ဖြစ်လာရသည်။ အနောက်တိုင်းဝမ်းနုတ်ဆေးများ လည်း ရှိသည်။ ဓာတုပစ္စည်းများပါဝင်သဖြင့် ရေရှည်စွဲသောက်လျှင် အသည်းကိုထိခိုက်ပျက်စီးစေနိုင်သည်ဟု ဆိုသည်။
သတိပြုရန်မှာ-
၁။ လေဆေး၊ အစာကြေဆေးများသည် အမြဲစွဲသောက်ရန် မသင့်ပါ။ လိုအပ် သောအခါမှသာ သောက်ရပါမည်။
၂။ ဝမ်းနုတ်ဆေးကို နေ့စဉ်စွဲသောက်ခြင်းသည် မသင့်ပါ။ အစာအိမ်နှင့်အူလမ်း ကြောင်းကို ကြီးစွာ ဒုက္ခပေးနိုင်ပါသည်။
၃။ လက်ဖက်ရည်အချို၊ အဖန်ရည် အသောက်များခြင်းကြောင့် ဝမ်းချုပ်ပြီး လေနာရောဂါ ဖြစ်စေနိုင်ပါသည်။
၎။ အေးစက်မာကြောသောအစာ၊ အချိန်အခါမဟုတ်စားသောအစာကြောင့် လေနာရောဂါ ဖြစ်စေနိုင်ပါသည်။ ။

ကြည်လွင်မြင့်(မုဒြာ)
Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ