ဆေးလေလွှင့်မှုလျှော့ချနိုင်ရေး စနစ်တကျဆောင်ရွက်ရန် လိုအပ်။


အိမ်တိုင်းအိမ်တိုင်းမှာ မသုံးဖြစ်တဲ့ဆေးဝါးတွေ အများကြီးရှိပါတယ်။ ချောင်းဆိုးလို့  ပိုးသတ်ဆေးတစ်ကဒ် ၀ယ်ပြီးသောက်တာ၊ တစ်ကဒ်မကုန်ခင်သက်သာသွားလို့  ကျန်နေတဲ့ဆေးတောင့်တွေ၊ အိမ်သုံးဆေးဝါး အဖြစ်ဝယ်ထားပြီး မသုံးဖြစ်လို့  သက်တမ်းကုန်ဆုံးသွားပြီး ပစ်လိုက်ရတဲ့ဆေးတွေ၊ ဒီအတိုင်း လူမသိ သူမသိ တဖြည်းဖြည်းများလာနေတဲ့ဆေးတွေဟာ အိမ်တစ်အိမ်၊ ရပ်ကွက်တစ်ရပ်ကွက်၊ မြို့ တစ်မြို့ ၊ နိုင်ငံ တစ်နိုင်ငံ ပေါင်းလိုက်ရင် တန်နဲ့ ချီနေနိုင်ပြီး တန်ဖိုးအားဖြင့်လည်း ဒေါ်လာသန်းပေါင်းများစွာ တန်ကြေး ရှိနိုင်ပါတယ်။

တစ်ချိန်ထဲမှာ လိုတဲ့ဆေးကို ၀ယ်မသောက်နိုင်လို့  ဝေဒနာပြင်းပြစွာခံစားနေရတဲ့ အခြေခံလူတန်းစား တွေ၊ လက်လုပ်လက်စားတွေ၊ အိမ်ခြေယာမဲ့သူတွေလည်း ရှိနေပြန်ပါတယ်။ တစ်ကယ်လို့ များ အိမ်တွေ မှာ ပိုလျှံနေတဲ့ဆေးဝါးတွေကို အဲဒီလိုအပ်နေတဲ့လူတွေလက်ထဲရောက်အောင်ပို့ နိုင်ရင် အသက်ပေါင်း များစွာကိုလည်း ကယ်တင်နိုင်မှာဖြစ်သလို ဆေးဝါးလေလွှင့်မှုကိုလည်း များစွာ ကာကွယ်နိုင်မှာဖြစ်လို့  လူသားမျိုးနွယ်စုတစ်ခုလုံးအတွက် အထောက်အကူပြုမယ့်အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။

ဒီလိုအကျိုးမျိုးရအောင် လုပ်ပြနိုင်တဲ့သူတစ်ယောက်ကိုတော့ တွေ့ ပါတယ်။ သူက အာဖရိကတိုက်က ဆီနီဂေါနိုင်ငံသား အိုင်တီလုပ်ငန်းရှင် Adama Kane ဖြစ်ပါတယ်။ သူနဲ့ သူ့ ဇနီးဟာ ကလေးမရခဲ့ကြပါဘူး။ အိမ်ထောင်ပြုပြီး ၆-နှစ်လုံးလုံး ကလေးရရှိဖို့  ဆေးဝါးမျိုးစုံ အသုံးပြုခဲ့ကြပါတယ်။ ၂၀၁၃ မှာတော့ သားဦး လေး Legre ကို မွေးဖွားခဲ့ပါတယ်။ အဲဒီမှာတင် လွန်ခဲ့တဲ့ခြောက်နှစ်လုံးလုံး ၀ယ်ယူပြီး မသောက်ဖြစ်ခဲ့တဲ့ ဆေးဝါးတွေ တောင်လိုပုံနေတာကို Kane က သတိထားမိသွားပါတယ်။ အဲဒီဆေးတွေကိုသာ တစ်ကယ် လိုအပ် တဲ့ လူတွေရဲ့ လက်ထဲကို အရောက်ပို့ နိုင်ရင် သိပ်ကောင်းမှာပဲလို့  Kane တွေးမိသွားပါတယ်။

ကိုယ်တိုင်က အိုင်တီလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့အတွက် Kane ဟာ သိပ်စဉ်းစားမနေတော့ပါဘူး။ Virtual Pharmacy လို့ ခေါ်တဲ့ အပလီကေးရှင်းတစ်ခု တီထွင်လိုက်ပါတယ်။ အဲဒီအပလီကေးရှင်းကိုအသုံးပြုသူ တွေက ကိုယ့်မှာပိုလျှံနေတဲ့ဆေးကို ဖော်ပြထားရပါတယ်။ ဆေးလိုအပ်သူက အပလီကေးရှင်းထဲမှာ ဆေး အမည်ရိုက်ပြီး search နှိပ်လိုက်တာနဲ့  ဆေးဘယ်လောက်ရနိုင်တယ်ဆိုတာ ပေါ်လာပါတယ်။ အဲဒီဆေး ကို Kane ဖွင့်ထားတဲ့ တရားဝင်ဆေးဆိုင်မှာ သွားယူလို့ ရပါပြီ။

အဲဒီတရားဝင်ဆေးဆိုင်က ဆေးတွေကလည်း ၀ယ်ပြီးတင်ထားတာမဟုတ်ပါဘူး။ အဲဒီလိုပဲ ဆေးပိုနေတဲ့ လူတွေက ဆိုင်ကိုလာလာပို့ တာပါ။ လာပို့ တိုင်းလည်း သူတို့ အမှတ်ရပါတယ်။ အဲဒီအမှတ်နဲ့  ခဏနေ သူတို့ လိုတဲ့ဆေးကို ယူသွားနိုင်ပါတယ်။ ဒီအပလီကေးရှင်းရဲ့ ကျေးဇူးကြောင့် ဆီနီဂေါမှာ ဆေး လေလွှင့်မှုလည်း လျော့ကျသွားသလို ဆင်းရဲလို့ ဆေးဝယ်မသောက်နိုင်တဲ့ မိသားစုတွေလည်း အဆင် ပြေသွားပြီဖြစ်ပါတယ်။

ဆင်းရဲတဲ့မိသားစုတွေဆိုတဲ့အတိုင်း သူတို့ အားလုံးက စမတ်ဖုန်းအကောင်းစားတွေ မသုံးနိုင်ကြပါဘူး။ အာဖရိက တစ်တိုက်လုံးမှာ လူ ၂၅ ရာခိုင်နှုန်းလောက်ကပဲ အင်တာနက်သုံးနိုင်ကြတာပါ။ ဒီတော့ Kane ရဲ့  Virtual Pharmacy ကို ဆက်သွယ်ဖို့  Offline စနစ်ကိုအသုံးပြုလို့ ရအောင် ဖန်တီးထားရပါတယ်။ Code တွေကို SMS နဲ့  လှမ်းတောင်းရတဲ့စနစ်ကို သုံးပါတယ်။ ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်မယ်၊ လိုချင်တဲ့ဆေးရဲ့ code နံပါတ် ကို sms နဲ့ ပို့ မယ်၊ ရတယ်လို့ အကြောင်းပြန်လာရင် သွားယူမယ်၊ လွယ်လွယ်လေးပါပဲ။

Kane ဟာ Virtual Pharmacy ကို ဖွင့်ခဲ့တဲ့ ၂နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၄၀၀၀ နဲ့ ညီမျှ တဲ့ ဆေးဝါးတွေကို မျှဝေနိုင်ခဲ့ပြီး သူ့  အပလီကေးရှင်းမှာလည်း အသင်းဝင် ၁၅၀၀ ဦးထက်မနည်း ရှိနေပြီ လို့  သိရပါတယ်။ လေလွှင့်နေတဲ့ဆေးဝါးတွေကို ကျွန်တော်တို့ လည်း တစ်နည်းနည်းနဲ့  အကျိုးရှိတဲ့စီကို ရောက်အောင်ပို့ နိုင်ရင် ကောင်းမှာပဲလို့  လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ