Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလဲ


ဆရာရှင့် ကျွန်မအသက် ၃၅ ပြည့်ပြီး ဒုတိယကိုယ်ဝန် ၄ လကျော်ပါပြီရှင့်။ သမီးဦးလေးက ၂ နှစ် ၄ လပါ။ နို့မပြတ်သေးပါဘူး။ အိုဂျီကိုမေးတော့ မိခင်အာဟရပြည့်အောင်စားရင် နို့ဆက်တိုက်လို့ရတယ်ပြောလို့တိုက်ပါတယ်။ သူများတွေက နို့ဖြန်တော့လေ နို့ချဉ်နေပြီ ကလေးအကြီး ဝမ်းသွားမယ် ဖွံ့ဖြိုးမှုနှေးမယ် ဗိုက်ထဲက ကလေးအတွက်လဲ မကောင်းဘူးလို့ ပြောပါတယ်ရှင့်။ အဲဒါနဲ့စိတ်ထဲမှာမကျေနပ်လို့ google ကြည့်ပါတယ်။ အဲဒီမှာတော့ ရတယ်လို့ ဖတ်ရပါတယ်ရှင့်။ ကိုယ့်အင်္ဂလိပ်စာကပဲ ညံ့လို့အဖတ်မှားသလား တကယ်ပဲတိုက်လို့ရသလား သိချင်ပါတယ်ရှင့်။ အာဟရပြည့်အောင်ကြိုးစားပြီးစားပါတယ်ရှင့်။ သမီးလေးကိုလဲတိခနဲမဟုတ်ဘဲ ဖြည်းဖြည်းချင်းဖြတ်မယ်လို့ ဆုံးဖြတ်ထားပါတယ်ရှင့်။ ကျေးဇူးပြုပီးဖြေကြားပေးပါရှင့်။ လေးစားစွာဖြင့် မိခင်တဦး

ပီး (၃) လုံးနဲ့ ပီ (၂) လုံးကို သတ်ပုံပြင်ပါရစေ။ ဆောရီး။ အခုပဲ ဘိုလိုလုပ်ရမလဲဆရာရှင့်ကို တင်လိုက်သေးတယ်။

ကျွန်တော် နယူးဒေလီမှာနေတုံးက ယမုန်နာဆေးခန်းလေးဖွင့်ပြီး မြန်မာနိုင်ငံကနေလာကြတဲ့ ဒုက္ခသည်တွေကို အခမဲ့ ၁၂ နှစ်တိတိ ဆေးကုပေးခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ဆေးခန်းကို အမေရိကန်ဆေးကျောင်းသားနဲ့ သူနာပြုတွေလာပြီး လေ့လာ သင်ယူ ကူညီခဲ့ကြတယ်။ သူတို့ထဲက သူနာပြုသင်တန်းသူတွေလည်းပါတယ်။ တယောက်က ကလေးအမေ။ နို့စို့အရွယ် သူ့သားလေးကိုပါ ခေါ်လာတယ်။ သူကနေ ဆေးခန်းဆရာမတွေကို ကလေးနို့တိုက်တဲ့သင်ခန်းစာ သင်ပေးသွားတယ်။

နို့ဘယ်တော့ဖြတ်မလဲကို တကြောင်းတည်းပြောရရင် သဘောပါပဲ။ ၆ လထိတော့အနည်းဆုံးနို့တိုက်ပါလို့ ထပ်ဖြည့်ပါရစေ။ နို့ဖြတ်ရတာ အချိန်ကြာလည်း သည်းခံလိုက်ပါ။ ၂ နှစ်အထိကြာသွားလည်း ကျန်းမာရေးအရတော့ စိုးရိမ်စရာမရှိပါ။ အများစု လိုက်နာနေကြတာကတော့ ၆ လမှာနို့ဖြတ်ဖို့စလုပ်တယ်။ ဖြည့်စွက်စာကြွေးတယ်။ တနှစ်ဆို နို့ဖြတ်ပြီးသား ဖြစ်မယ်။ Infant formulas နို့မှုန့်တိုက်တာဆိုရင်တော့ တနှစ်ထက်ပိုမလိုပါ။

ကလေးမွေးလာတာနဲ့ နို့ထွက်ဖိုရာ မိခင်ကိုယ်ခန္ဓာထဲမှာ ဟော်မုန်းတွေထွက်ဖို့ ချက်ချင်းလက်ငင်းဖြစ်လာပါတော့တယ်။ ဘယ်တော့ နို့စတိုက်မလဲ၊ ချက်ချင်းတိုက်နိုင်ပါတယ်။ Colostrums ခေါ်တဲ့နို့ဦးရည်ကြည်ဟာ ကလေးအတွက် အကောင်းဆုံးကာကွယ်ဆေးဖြစ်တယ်။ ကလေးရဲ့ခုခံအားစနစ်မှာလိုအပ်တဲ့ (အင်မြူနိုဂလိုဘင်) တွေပါနေတယ်။ အဲတာကြောင့် ကလေးဟာ မွေးပြီး ၆ လအတွင်းမှာ ကူးစက်ရောဂါရယ်လိုမရသလောက်ဖြစ်တယ်။

တကယ်လို့ အရင်ကလေးကိုနို့တိုက်နေတုံးမှာ နောက်ကိုယ်ဝန်ရတယ်ဆိုရင်လည်း နို့ဆက်တိုက်လို့ရပါတယ်။ စိုးရိမ်စရာ မရှိပါ။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ