Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ


ဆရာရှင့် ခလေးကိုရေတိုက်လို့လားဆရာ။ နောက်တခုက ခလေးက ချီထားရင်လအနောက်ဘက်ကို ကော့ကော့ချတယ်။ တခါတခါလည်း သူကော့ကော့လန်တယ် အဲဒါဘာဖြစ်တာလည်းဆရာ။ စိုးရိမ်ရလား ဆရာ။ ဒီကဆရာဝန်တွေက ရေမတိုက်ခိုင်းဘူး။ ခလေးကအသားလေးတွေဝါလာတယ် ဆေးခန်းပြတော့ ဓါတ်ပေါင်းခံစက်လေးကိုအိမ်ကို ပေးလိုက်တယ်။ အဲဒါကို သူ့ကျောအောက်မှာထားပေးရတယ်။ တစ်ညလုံး။ အခု အသားဝါတာကတော့ ပျောက်သွားပြီ။
နောက် နီပဆေးမြစ်ဆိုတာ မြန်မာတွေမှီဝဲတဲ့ခလေးဆေးတဲ့ အဲဒါတိုက်ပေးလို့ရလားဆရာ။ လိုအပ်ပါသလား။

ကလေးအမေတွေက ခလေးလို့မှားရေးတာ ၉ဝ% လောက်ရှိတယ်။ ကိုယ်ဝန်ဆောင်တွေက ကိုဝန်လို့ရေးတာ နည်းနည်းရှိတယ်။ သားဦးမိခင်တွေက သက်ဦး-တစ်ဦးလို့ရေးကြတာ ၇ဝ% လောက်ရှိတယ်။ ကလေးမလိုချင်သူတွေက တားဆေးကို သားဆေးရေးကြတာ ၂ဝ% လောက်ရှိတယ်။ အရပ်ဆေးမှန်သမျှ ဘယ်ဆရာဝန်ကိုမှ မမေးသင့်ပါ။ ဆရာဝန်ဆိုတာ ဆေးသုတေသနအရသာ ပြောပါတယ်။ အရပ်ဆေး-ကြော်ငြာဆေး-ဘယဆေးတွေမှာ ဆေးသုတေန မရှိသလောက်နည်းတယ်။ ကလေးနဲ့ကို အတော်မေးကြပါတယ်။

၁။ ဆရာရှင့် သမီးလေး ၃လ ရှိပါပြီ။ ရေတိုက်လို့ရလားရှင့်။ ဆေးရုံကတော့ ၆လ မှတိုက်ခိုင်းပါတယ်။ ရာသီဥတုပူတော့ တိုက်ဖို့ လို မလို သိချင်ပါတယ်ဆရာ။

၂။ ဆရာ သမီးလေးက အသားဝါတာသွေးတော့ မသွင်းရဘူးလို့ပြောပါတယ်။ အခု သမီးလေးက တလနဲ့တပါတ်ပါ။ ဒီက ဆရာဝန်တွေကတော့ ၆ လအထိမိခင်နို့တစ်မျိုးတည်ကိုသာတိုက်ပါလို့ ပြောပါတယ်။ ရေမတိုက်ရဘူးလို့ပြောတယ်။ သမီးကရေတိုက်ချင်တယ်။ တိုက်လို့ရမလားဆရာ။ ဒီကကလေးဆရာဝန်တွေကဘာလို့ ရေမတိုက်ခိုင်းတာလဲ မသိဘူးဆရာ။

၃။ ရေလုံးဝမတိုက်ရလို့ တချို့ကလေးအထူးကုဆရာဝန်ကြီးတွေကပြောတယ်ဆရာ။

၎။ ဆရာခင်ဗျာ၊ ကလေးကို ရေပိုတိုက်ပေးပါဆိုတာကို မေးပါရစေ။ ကျွန်တော်တို့ ပိုစတာတွေနဲ့ကို ကြေငြာနေတာ တွေ့ဖူးပါတယ်။ ၆ လအထိမိခင်နို့သာ တိုက်ဖို့၊ ရေလုံးဝမတိုက်ဖို့ ဖတ်ရပါတယ်။ ဘာကြောင့် ရေမတိုက်ခိုင်းပါသလဲ၊ ဖြေပေးပါဦးခင်ဗျာ။

ကျွန်တော့်မေးလို့ ဖြေပါမယ်။ ဒါပေမဲ့ ကျွန်တော် ကလေးအထူးကုဆရာဝန်မဟုတ်ပါ။ သက်ရှိလူတွေနဲ့ တိရစ္ဆာန်မှန်သမျှ ရေသောက်မှ အသက်ရှင်တယ်။ ကလေးကို ဘယ်တော့ ရေစတိုက်မလဲဆိုတာ အရင်ကတော့ မေးစရာမလိုတဲ့မေးခွန်း ဖြစ်ပါတယ်။ ကလေးအထူးကု ဆရာဝန်တွေ မပေါ်ခင်ကတည်းက လူသန်းထောင်ပေါင်းများစွာဟာ ကမ္ဘာမှာ မွေးလာခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ကလေးဆေးပညာသင်စဉ်က ၆ လသတ်မှတ်ချက်မထားခဲ့သေးပါ။ ဆေးသုတေသနတွေက အသစ်ပေါ်ပါတယ်။

နောက်ဆုံးအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလဲ ကလေး ၆ လအတွင်းမှာ ရေတောင်မှ တိုက်စရာမလိုပါလို့ အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ဟာ မိခင်နို့ရဲ့ ပြည့်စုံမှုကို အလေးပေး ဖေါ်ညွှန်းချက်ဖြစ်တာ သတိပြုပါ။ ရေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပြောတာမဟုတ်ပါ။ မအေနို့က အဆင်မပြေမှသာ နို့မှုံ့တိုက်ပါလို့ ဆက်ရေးထားပါတယ်။

မိခင်နို့ထဲမှာ ရေ ၉ဝ-၉၈% ပါတယ်။ နို့ဦးရည်ကြည်ဟာ ကလေးမွေးပြီး ၃၇ စီစီ ထွက်တယ်။ ၅ ရက်သားမှာ တနေ့ကို နို့ရည် ၅ဝဝ စီစီ ထွက်တယ်။ ၃-၅ လ ရှိရင် တနေ့မှာ ၇၅ဝ စီစီ ထွက်တယ်။ ၆ လ မှာ ၈ဝဝ စီစီ ထွက်တယ်။ နို့ဦးရည်ကြည်မှာ အင်တီဘော်ဒီခေါ်တဲ့ ရောဂါခံနိုင်စွမ်းပါတယ်။ နို့မှုံ့မှာ ဒါမပါဘူး။

အမေရိကန်ကလေးဆရာဝန်များ အကယ်ဒမီကပြောတာက အစားမာမစားမချင်း ကလေးက ရေအပိုလိုဘူးတဲ့။ ကလေး ၆ လပြည့်တဲ့နောက် ရေတိုက်ဘို့ ဘာလို့လိုသလဲဆိုတဲ့ အချက်တွေထဲမှာ (ဖလိုရွိုက်) ဓါတ်ဆား လိုအပ်လာတာ ဖြစ်တယ်။ နို့တိုက်အတိုင်ပင်ခံကပြောတာက ရေထဲမှာ ဘာအာဟာရဓါတ်မှ မပါလို့ ဘာ (ကယ်လိုရီ) မှ မရစေဘူး။ ကယ်လိုရီ မပါတာတိုက်လို့ ကလေးကိုယ်အလေးချိန် ကျစေမယ်။

အိန္ဒိယကလူတွေ ရေအတော်သောက်ကြတယ်။ ဧည့်သည်လာရင် ရေအရင်တိုက်ရတယ်။ တချို့ဧည့်သည်က ရေတခွက်နဲ့ အားမရလို့ ထပ်တောင်းသေးတယ်။ သူတို့ဆီမှာ ယောက်ျား၊ မိန်းမ ဗိုက်ထွက်အောင် ဝကြတယ်။

ကလေးအထူးကု တချို့ကတော့ ရေကြောင့် ကျောက်ကပ်ကနေ ဓါတ်ဆားတွေပါ ထုတ်ပေးရမှာမို့ ဓါတ်ဆားနည်းစေမယ်။ (ဆိုင်း ဆန်ဂျီးဗီနီ ဖေါင်ဒေရှင်း) ကနေ ထောက်ပြထားတာတခု ရှိပါတယ်။ ကလေး ၆ လ မပြည့်ခင် ရေမတိုက်ပါနဲ့ဆိုတာ အန္တရာယ်ရှိတဲ့ အကြံပြုချက်ဖြစ်တယ်တဲ့။ ဘာလို့လဲဆိုတော့ အဲလိုသာ ရေမတိုက်ရင် ကလေးရဲ့ ကျောက်ကပ်ဟာ ပြန်ပြင်မရတဲ့ ပျက်စီးမှု ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ကလေးကို ရေခဏခဏတိုင်ရင် နို့စို့တာနည်းမယ်၊ နို့ထွက်နည်းမယ်။ ရေတိုက်ရင် (ဘီလီရူဘင်) တက်စေပြီး အသားဝါစေမယ်။ တချို့ပညာရှင်တွေက အတော်ကြောက်စရာကောင်းတဲ့ ရောဂါတွေနဲ့ ထောက်ပြတယ်။ ၏ရေကတဆင့် ကူးစက်ရောဂါတွေ ရစေနိုင်တယ်။ အာဟာရ ချို့တဲ့မယ်။ ဝမ်းပျက်မယ်။ မျက်နှာတခြမ်း လေဖြတ်မယ်။ သွေးထဲ ပိုးရောက်မယ်။ ဦးနှောက်မှေး ရောင်မယ်။ ရေအပိုတိုက်လို့ သွေးထုထည်တိုးပြီး နှလုံးက အလုပ်ပို လုပ်ရမယ်။ နောက်ပြီး ရေဆိပ်သင့်တာ ဖြစ်စေမယ်။ ဒါက (သီအိုရီ) သာ ဖြစ်ပါတယ်။ ဘယ်မိဘတွေကမှ အဲလောက်အထိ ကလေးကို ရေမတိုက်ကြပါ။ ကလေးကလည်း မသောက်ပါ။

ကလေးနေမကောင်းရင်၊ ကိုယ်ပူရင် ရေလိုမယ်။ ရာသီဥတု ပူပြင်းချိန်မျိုးမှာ ရေလိုတယ်။ ဝမ်းချုပ်နေတာဟာ ရေလိုလို့ဖြစ်တယ်။ ဝမ်းပျက်ရင် ORS ဓါတ်ဆားရေ မလွဲမသွေ တိုက်ရပါမယ်။ နို့နဲ့မဖျော်ပါ ရေနဲ့ဖျော်ရတာပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ