Kiss and Risks နမ်းတာကနေ ဘာရောဂါရနိုင်သလဲ


အမေး = HIV ပိုးရှိသူရဲ့ သွားရည်၊ တံတွေးစိုနေတဲ့ စီးကရက်ကို ပိုးမရှိသူက အတူတူမျှသောက်ရင်ရော HIV ကူးနိုင်လားဆရာ။

အဖြေ= သီအိုရီအရ သွားရည်၊ တံတွေးထဲမှာ HIV ပိုးပါနေတယ်။ လက်တွေ့မှာ နှုတ်ခမ်းချင်းနမ်းလို့ ကူးစက်သူ မရှိသေးပါ။ ပိုးအရေအတွက်နည်းလို့ဖြစ်ပါမယ်။ ဆေးသုတေသန မတွေ့ဖူးပေမယ့် စီးကရက်မျှသောက်ရင်လည်း မကူးလောက်ပါ။

အမေး = တကယ်လို့ HIV ပိုးမရှိသူရဲ့ အနာအပွန်းပဲ့သွေးထွက်ဒဏ်ရာကို HIV ပိုးရှိသူရဲ့ တံတွေး၊ သွားရည်ဝင်မယ်ဆို ပိုးကူးလား ဆရာ။ HIV ပိုးရှိသူသောက်တဲ့ စီးကရက် အစီခံမှာ တံတွေး၊ သွားရည် အနည်းနဲ့အများရှိမှာပါ။ အဲဒီစီးကရက် မျှသောက် မိလို့ ပိုးမရှိသူ နှုတ်ခမ်း၊ ပါးစပ်တို့မှာ မမြင်နိုင်တဲ့ အနာတို့၊ နှုတ်ခမ်းကွဲတာ၊ လျှာကွဲတာတို့ရှိခဲ့ရင် ကူးနိုင်လားဆရာ။

အဖြေ = သီအိုရီအရ ဖြစ်နိုင်တယ်။ တကယ်ဖြစ်တာတော့ မတွေ့သေးပါ။ သံသယရှိသူက ၃ လနေရင် ဆေးစစ်ပါ။ နောင်တော့ စီးကရက်မျှသောက်တာကို ဆင်ခြင်ပါ။

ဆေးစာထဲမှာ အနမ်းဋီကာချဲ့ပါရစေ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်း နမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့ သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။ အပြန်အလှန်သဘောရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရရှိလာနိုင်တယ်။
ပေါ့ပေါ့ပါးပါးနမ်းတာကနေ

• ရေယုံနဲ့ ဝဲ (ယားနာ) ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့သူ)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။
• မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။
• ရေယုံ ဗိုင်းရပ်စ် အမျိုးအစား (၂)၊ အသည်းရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။

သွားရည်ထဲကနေ
• Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်းရပ်စ်တွေကနေ ကူးစက်တယ်။
• Streptococcus (စထွက်ပတိုကေားကပ်စ်) ဗက်တီးရီးယားကြောင့် လည်ချောင်းနာရောဂါကူးလာနိုင်တယ်။
• Cold sores ခေါ်တဲ့ နှုတ်ခမ်းရေယုံဟာ Herpes Simplex Virus-1 (HSV-1) ဗိုင်းရပ်စ်ကနေကူးစက်တယ်။
• Hand-foot-mouth disease လက်-ခြေ-ပါးစပ်ရောဂါဆိုတာ Coxsackie virus ဗိုင်းရပ်စ်ကနေကူးတယ်။
• HIV ပိုးဟာ သွားရည်ထဲမှာပါနေနိုင်ပေမဲ့ အရေအတွက်နည်းလို့ မကူးဘူးလို့ (ကနေ့အထိ) ပြောနိုင်တယ်။
• အသည်းရောင် (အေ)၊ (ဘီ) နဲ့ (စီ) တွေကတော့ နမ်းလို့ကူးတယ်လို့ပြောနိုင်တဲ့ လူနာတွေတွေ့ထားတယ်။
• Candida yeast infections မှိုပိုးဝင်နေလို့လဲဖြစ်နိုင်တယ်။ အထူးသဖြင့် ပဋိဇီဝဆေးသောက်နေချိန်မှာ ဖြစ်တတ်တယ်။

French kiss ပြင်သစ်အနမ်းကနေ
• အသည်းရောင် (ဘီ) ကူးစက်ဘို့အခွင့်အလမ်း အလွန်နည်းပါတယ်။ (ဘီ) သာမက (စီ) နဲ့ (ဒီ) တွေလဲအတူတူဘဲ။
• HIV လည်းပါတယ်။ ရာနှုန်းပြည့် မကူးစက်ပါလို့ ဘယ်ဆရာဝန်ကမှ အာမမခံနိုင်ပါ။ သီအိုရီအရတော့ ကူးစက်နိုင်တယ်လို့ ပြောနိုင်တယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ လူကိုယ်က အရည်တွေ မှန်သမျှထဲမှာ နေကြတယ်။ သွားရည်လဲပါတယ်။ နှုတ်ခမ်းနဲ့ အနီးအနားမှာ အနာအဆာရှိနေရင်တော့ ကူးစက်ဘို့အခွင့်အလမ်းပိုများတယ်။ အခုထိ အဲဒီလိုနည်းကနေ HIV ကူးတယ်လို့ မှတ်တမ်းတော့ မတွေ့သေးပါ။ သံသယရှိသူတိုင်း ၃ လနေရင်ဆေးစစ်ပါ။

ဒါတွေကိုလဲသိပါ
• တယောက်ယောက်ကိုနမ်းတယ်ဆိုတာ ကိုယ်နမ်းလိုက်သူကို နမ်းဘူးသူတွေအားလုံးကို နမ်းသလိုဘဲလို့ ပြောနိုင်တယ်။ ကိုယ်နမ်းတဲ့သူကို အရင်လူပေါင်းဘယ်လောက်က နမ်းထားသလဲသိပါသလား။
• အဖေါ်အကြောင်း ကောင်းကောင်းမသိရင် အန္တရာယ်နဲ့ မကစားတာကောင်းတယ်။
• ငယ်တုံးရွယ်တုံးမှာ French kiss ကို အဖေါ်တွေအများကြီးနဲ့ လုပ်ခဲ့သူဟာ ဦးနှောက်မြှေးရောင်ရောဂါရစေဘို့ ပိုပြီး နီးစပ်တယ်လို့ သုတေသနတခုက ဆိုပါတယ်။
• နမ်းရာကနေ ကူးစက်ရောဂါမရချင်ရင် နမ်းတာကိုသာဆင်ခြင်ပါလေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ