Cataract အတွင်းတိမ်


အသက်ကြီးသူတွေ မျက်စိခွဲတယ်ဆိုရင် မျက်စိတိမ်ဖြစ်ဘို့များတယ်။ ကျွန်တော်လည်း ဒီနေရာရောက်မှ တဖက်ပြီးတဖက် ခွဲရပါတယ်။ မျက်စိအတွင်းတိမ်ဆိုတာ နာတာကျင်တာ ဘာမှမခံစားရဘဲ တဖြေးဖြေးနဲ့ မျက်စိမှန်ဘီလူးမှာ တိမ်လို ဖြစ်လာတာကို ခေါ်တယ်။ အမြင်စွမ်းအားက တဖြေးဖြေးမှုံဝါးလာမယ်။ ကြာရင် မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်တယ်။

မျက်စိမှုံမယ်၊ ဝေဝါးလာမယ်၊ အလင်းရောင်များတာကို မခံနိုင်ဘူး။ ညအချိန်ကားမောင်းဘို့ ခက်လာမယ်။ အရုပ်ကို နှစ်ခုမြင်လာမယ်။ အရောင်တွေကိုခွဲခြားရတာခက်လာမယ်။ အညိုနဲ့ အဝါခွဲဘို့ခက်လာမယ်။ နောက်ပိုင်းမှာ အပြာနဲ့ ခရမ်းရောင်ကိုခွဲဘို့ခက်လာမယ်။ တခါတလေ အနီးကိုကြည့်ရတာ ခဏတာ ပိုကောင်းလာတတ်တယ်။ ကြာရင်တော့ ပိုပိုဆိုးလာမယ်။ မျက်မှန်တပ်နေရသူဆိုရင် ပါဝါလဲလဲပေးရမယ်။

အသက်ကြီးမှဖြစ်တာများပေမဲ့ ငယ်သူတွေမှာလဲ ဖြစ်တတ်တယ်။ အမေရိကားမှာ အသက် ၆၅ နှစ်ကျော်သူတွေမှာ တဝက်မက တိမ်ရှိကြတယ်။ မွေးကတည်းက ရောဂါကြောင့်ဖြစ်ဖြစ်၊ ခိုက်မိလို့ဖြစ်ဖြစ် တိမ်ဖြစ်တာလဲ ရှိတတ်တယ်။ ဆီးချို၊ ဆေးလိပ်၊ အရက်၊ ထိခိုက်မိတာ၊ (စတီရွိုက်) ဆေးအကြာကြီးသုံးရတာ၊ နေရောင်၊ ဓါတ်ရောင်ခြည် သင့်တာတွေကနေ ဖြစ်စေနိုင်တယ်။ မျက်စိစမ်းသပ်ပါ။ လိုအပ်ရင် သူငယ်အိမ်ကျယ်စေပြီးမှ စမ်းရမယ်။

ခွဲစိတ်နည်း ၂ နည်းရှိတယ်။ အကြည့်ကို မျက်မှန်နဲ့ မမြင်ရတော့ရင် ခွဲစိတ်ရမယ်။ ဆေးရုံမတက်ဘဲလဲခွဲလို့ရတယ်။
Phacoemulsification (Phaco) နည်းကို အများဆုံးသုံးတယ်။ မှန်ဘီလူးကို Ultrasound waves နဲရှင်းပေးပြီး ထုတ်ပြစ်တယ်။ Intraocular lens (IOL) ကိုအစားထိုးပေးမယ်။ extracapsular cataract surgery နည်းမှာ ဒါးရာပိုကြီးရတယ်။ ခွဲစိတ်နည်းသစ်တွေလဲရှိလာတယ်။ ခွဲပြီးစမှာ အလင်းရောင်ကို ကောင်းကောင်းအထိမခံနိုင်သေးဘူး။ နေကာမျက်မှန်တပ်ရမယ်။ အနာကျက်ဘို့ရာ ၈ ပါတ်လောက် ကြာနေမယ်။ ကြည့်ရတာတော့ ချက်ချင်းဆိုသလို ကောင်းလာမယ်။ ခွဲပြီး အဆင်မသင့်ဖြစ်တာ ရှားပါတယ်။ သွေးယိုတာ၊ ပိုးဝင်တာ၊ မျက်စိဖိအား ပြောင်းသွားတာတွေ ဖြစ်ချင် ဖြစ်နိုင်တယ်။ Retinal detachment ဆိုတာဖြစ်ရင် ချက်ချင်းကုသရမယ်။ ထပ်ခွဲရတတ်တာလဲရှိနိုင်တယ်။ ဖြစ်တာကို လေဆာနဲ့ ကုသနိုင်တယ်။ တိမ်ဖြစ်လာလို့ ချက်ချင်းလဲ ခွဲချင်မှ ခွဲရတယ်။

ကာကွယ်ဘို့ရာ ဆေးလိပ်မသောက်ပါနဲ့၊ နေကာမျက်မှန်တပ်ပါ။ ဆီးချိုရှိရင် ထိန်းနေပါ။ အရက် မသင့်ပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ