ပျိုမေတို့ ရှောင်ရှားသင့်တဲ့ မှားယွင်းဖက်ရှင်ပုံစံများ

  ဖက်ရှင်ကို ဦးစားပေးပြီး နေထိုင်ဝတ်ဆင်တတ်တဲ့ ဒီခေတ်ကြီးမှာ ကိုယ့်ရဲ့အ၀တ်အစား ဖက်ရှင်က ကိုယ်တိုင် သတိမထားလိုက်မိဘဲ တစ်ခါတလေ မှားယွင်းမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလိုဆိုရင်တော့ စိတ်ကသိကအောက် ဖြစ်ရပါလိမ့်မယ်။ အဓိကကတော့ ကိုယ်နဲ့လိုက် ဖက်ညီတဲ့ ဖက်ရှင်ကို ၀တ်ဆင်တတ်ဖို့နဲ့ မှားယွင်းတဲ့ ဖက်ရှင်တွေကို မဆင်မြန်းမိဖို့လည်း အရေးကြီးပြန်ပါတယ်။ ဒါကြောင့် ရှောင်ရှားရမယ့် မှားယွင်းဖက်ရှင်ပုံစံတချို့ကို တင်ပြလိုက်ပါရစေ။

(၁) စကတ်တိုတို ၀တ်ရင် သတိပြုစရာ။
        အခုခေတ် လူငယ်လေးတွေဟာ စကတ်တိုတို ကျပ်ကျပ်လေးတွေကို နှစ်သက်မက်မောစွာ ၀တ်ဆင်တတ်ကြပါတယ်။ ၀တ်ဆင်တဲ့အခါမှာလည်း လမ်းလျှောက်ရင်းနဲ့ပဲဖြစ်ဖြစ်၊ ထိုင်နေတာပဲဖြစ်ဖြစ် စကတ်ဟာအပေါ်ကို လိပ်ပြီးတက် သွားတတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အရမ်းတိုလွန်းတဲ့ စကတ်တွေကို မ၀တ်ဆင်ပါနဲ့။ ကိုယ်တိုင်လည်း အနေရ၊ အထိုင်ရခက်သလို အများအမြင်မှာလည်း မတင့်တယ်ပါဘူး။

(၂) အတွင်းခံဝတ်ဆင်ရင် သတိပြုပါ။
        အနက်ရောင်အတွင်းခံကို ပါးလွှာအင်္ကျီမျိုးနဲ့ တွဲဖက်ပြီး မ၀တ်ဆင်ပါနဲ့။ ကြည့်ရတာ အမြင်ကို ဆိုးစေပါတယ်။ အရောင်ဖျော့ဖျော့အပေါ် အင်္ကျီနဲ့ အရောင်ရင့်ရင့်အတွင်းခံတို့ကို တွဲဖက်ဝတ်ဆင်ခြင်းမှ ရှောင်စေချင်ပါတယ်။ အရောင်ဖျော့ဖျော့၊ ပြောင်ထဘီ၊ စကတ်တွေဟာ အတွင်းက ၀တ်ဆင်ထားတဲ့ ဘောင်းဘီအရာထင်တာကို မြင်ရတတ်ပါတယ်။ အခြားသူတွေ အမြင်မှာကြည့်လို့ မကောင်းတာမို့ အရောင်ရင့်တဲ့ အတွင်းခံဘောင်းဘီနဲ့ အရောင်ဖျော့တဲ့ ထဘီ၊ စကတ်တို့ကို မ၀တ်ဆင်မိဖို့ သတိပြုသင့်ပါတယ်။

(၃) ခန္ဓာကိုယ်နဲ့အနေတော်ဖြစ်မယ့် အ၀တ်အစားမျိုးကို ၀တ်ဆင်ပါ။
        အချို့သူတွေဟာ အ၀တ်အစားဝယ်ရင် ရေရှည်အတွက်တွေးပြီး ၀ယ်ယူတတ်ကြပါတယ်။ လက်ရှိခန္ဓာကိုယ်အတိုင်းနဲ့ပဲ ၀ယ်ပါ။ နောင် ၀လာမှာပဲဆိုပြီး ဆိုဒ်ကြီးတဲ့ အင်္ကျီတွေဝယ်လာပြီး အခုဝတ်လိုက်တဲ့အချိန်မှာ ပွနေတော့ ကြည့်မကောင်းပါဘူး။

(၄) သူများဖက်ရှင်ကို အတုမခိုးပါနဲ့။
        ခြေထောက်သွယ်သွယ် သေးသေးလေးတွေဟာ ဘောင်းဘီ၊ စကတ်အတိုလေးတွေ ၀တ်ရင်လှပါတယ်။ သူများလှတာကို မျက်စိထဲမှာမြင်ပြီး ကိုယ်လည်း လှလိမ့်မယ်ထင်လို့လိုက် ၀တ်မိတယ်။ ကိုယ့်ရဲ့ခြေထောက်က အမာရွတ်တွေရှိနေပြီးခြေထောက်တုတ်တုတ်ခိုင်ခိုင်မျိုး ဖြစ်နေရင် ဘောင်းဘီ၊ စကတ်အတိုနဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်အလှက သွယ်တာလား၊ ခပ်လုံးလုံးလေးလား (ဒါမှမဟုတ်) ယောက်ျားဆန်တဲ့ ခန္ဓာကိုယ်ပုံစံမျိုးလားဆိုတာကို သေချာသိပြီး ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု ဖက်ရှင်ကို တီထွင်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။

(၅) လိုက်ဖက်ညီတဲ့အရောင်ကို ရွေးချယ်ပါ။
        ဖက်ရှင်ကျလှပဖို့ဆိုတာ ကိုယ်ရွေးချယ်တဲ့ အ၀တ်အစား အရောင်အသွေးပေါ်မှာလည်း မူတည်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အသားအရေနဲ့ လိုက်ဖက်မယ့်အရောင်ကို ရွေးချယ် ၀တ်ဆင်စေချင်ပါတယ်။ အသားဖြူတဲ့သူအတွက် ဘာအရောင်ပဲဝတ်ဝတ် လိုက်ဖက်တယ်ဆိုပေမယ့် အသားညိုသူအတွက်ကတော့ ကိုယ့်အသားအရေနဲ့ သင့်တော်မယ့်အရောင်ကို ရွေးချယ်သင့်ပါတယ်။ နောက်တစ်ခုက ကိုယ်ဝတ်တဲ့အ၀တ်အစားနဲ့ ဖိနပ်အရောင်ဟာလည်း လိုက်နေဖို့ လိုပါတယ်။ အ၀တ်အစားက အရောင်အဆင်း ဖျော့နေတယ်၊ ကိုယ်ဝတ်ထားတဲ့ ဖိနပ်ကအရောင် အရမ်းတောက်ပ လွန်းနေတယ် (ဒါမှမဟုတ်) ကိုယ်ဝတ်ထားတဲ့ ဖိနပ်က အရောင်မတောက်ဘူး။ အင်္ကျီအရောင်က မျက်စိကျိန်းလောက်အောင် တောက်ပလွန်းတဲ့ ဖက်ရှင်မျိုးကို ဖန်တီးဝတ်ဆင်ခြင်းမှ ရှောင်စေချင်ပါတယ်။

မြနေရိပ်သွင်
M Plaza Shopping Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ