Bleeding gums သွားဖုံးသွေးယိုခြင်း


1. ဆရာရှင့် သမီးအသက်ကအခု ၂၄ ပါ။ သမီးသွားက မကြာခဏသွေးထွက်ပါတယ်။ မှတ်မှတ်ရရ သမီးဆယ်တန်း အောင်ပြီးကတည်း သွားတွေက သွေးထွက်ပါတယ်။ ဆေးခန်းပြဖို့လိုပါသလားရှင့်။ ဘာဆေးတွေ သောက်ရမှာလဲရှင်။ ကျေးဇူးတင်ပါတယ်ဆရာ။

2. သမီးအသက်က ၂၅ နှစ်ထဲမှာပါ။ အလုပ်လုပ်နေပါတယ်။ အိမ်ထောင်ရှိပါတယ်။ ဒါပေမယ့် ယောက်ကျားနဲ့ ခွဲနေရတာပါ။ ကလေးမရှိသေးပါဘူး။ အခုတလောသွားဖုံးထဲက အနာမရှိပဲ သွေးကျကျနေတာ တစ်ပတ်ကျော်လောက် ရှိပြီဆရာ။ နေ့တိုင်း သွေးထွက်နေပါတယ်။ နေ့ခင်းဘက်လောက်ဆို သွေးကျကျလာတတ်ပါတယ်။ နှာခေါင်းထဲမှာလဲ တခါတလေ သွေးဖတ်လေးတွေ ရှိနေတယ်။

3. ကျွန်တော် မနက်အိပ်ယာထပြီး မျက်နှာသစ်တဲ့အချိန်တိုင်းမှာ ပလုပ်အရင်ကျင်းပါတယ် (သွားမတိုက်ခင်)။ ပလုပ်ကျင်းလိုက်တာနဲ့ သွေးနည်းနည်းပါလာတယ်။ နောက် သွားတိုက်တော့လည်း သွေးထွက်လာတယ်။ တော်တော်များတယ်။ တခါတလေ သွေးခဲအဖတ်လေးတွေပါ ပါတယ်။ သွားတိုက်ဆေးကို colgate သုံးပြီး သွားတိုက်တန်ကို berman သုံးပါတယ်။ မနက်တခါ ညတခါ တိုက်ပါတယ်။ သွေးထွက်တာကို ပျောက်အောင် ဘာလုပ်သင့်ပါသလဲ။

သွားဖုံးကနေ သွေးယိုလာတာဟာ သာမန်ကာရှန်ကာ ဖြစ်နိုင်သလို၊ သွားဖုံးရောဂါရှိနေတာလဲ ဖြစ်နိုင်တယ်။ ခဏခဏ သွေးယိုရင် (လူကီးမီးယား) သွေးကင်ဆာ၊ platelet disorders သွေးယိုရောဂါတွေကို သံသယရှိဘို့ လိုတယ်။

သွားနဲ့ သွားဖုံး ထိစပ်နေတဲ့နေရာက ရှင်းထုတ်စရာတွေကို ကုန်အောင် မလုပ်တာကနေ အများဆုံးဖြစ်နိုင်တယ်။ သွားဖုံးရောင်တာ ဖြစ်လာနိုင်တယ်။ မရှင်းဘဲထားတာတွေက Tartar ဆိုတာဖြစ်လာပြီး ကြာရင် သွေးယိုမယ်၊ ကံမကောင်းရင် Periodontitis မေးရိုးအထဲရောင်တာ ဖြစ်လာနိုင်တယ်။

တခြားဖြစ်နိုင်တဲ့ အကြောင်းခံတွေရှိတယ်။
• သွေးယိုတတ်သူ၊
• သွေးလွန်တုပ်ကွေး၊
• သွးတိုက်တာကြမ်းတမ်းတာ၊
• ကိုယ်ဝန်ရှိစ ဟော်မုန်း အပြောင်းအလဲကြောင့်၊
• သွေးရောဂါတမျိုး၊
• သွားတုတပ်တာ အထာမကျ၊
• သွားသန့်ရှင်းရေးလုပ်တာ မမှန်ကန်၊
• ရောဂါပိုးဝင်တာ၊
• (လူကီးမီးယား)၊
• ဗီတာမင် (စီ) နည်း (စကာဗီ) ရောဂါ၊
• ဗီတာမင် (ကေ) နည်းနေသူ။
• သွေးကျဲဆေးသောက်နေရသူ၊

Blood CBC သွေးစစ်တာ၊ ဓါတ်မှန်ရိုက်တာ လိုချင်လိုမယ်။ Bleeding time သွေးယိုကြာချိန် နဲ့ Clotting time သွေးခဲကြာချိန် များနေရင် ဆေးကုရမယ်။ ပုံမှန် Bleeding time = ၂-၉ မိနစ်။ Clotting time = ၅-၈ မိနစ်။ Disseminated intravascular coagulation, Haemophilia, Thrombocytopenia, Liver failure, Uremia, Congenital afibrinogenemia, Factor V deficiency နဲ့ Factor X deficiency သွေးရောဂါတွေ မဟုတ်တာ ဆရာဝန်က စစ်ဆေးမယ်။

အကြံပြုချက် -
- Plaque removal အတွက် သွားဆရာဝန်နဲ့ ၆ လ တခါပြသင့်တယ်။
- သွားတိုက်တာ နည်းမှန်ရမယ်။ သွားတိုက်တံ ရွေးတာ မပျော့လွန်း-မမာလွန်းတာ ရွေးပါ။
- အစာစားပြီးတိုက်တဲ့ အကျင့်က ကောင်းတယ်။
- ခံတွင်းသန့်ပေးဘို့ ဆားရည် ဒါမှမဟုတ် Hydrogen peroxide (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုဒ်) ကောင်းတယ်။
- ကြောညာပြီးရောင်းတဲ့ ပါးစပ်ဆေး ဆေးရည်ထဲမှာ Alcohol ပါတာ မကောင်းပါ။
- သွားကို Flossing တပါတ် ၂ ခါလုပ်ပါ။
- သွားရည်စာ ခဏခဏစားသူတွေ စားပြီးတိုင်း ပါးစပ်မဆေးရင် မကောင်းပါ။
- အချိုလျှော့စားတာ ကောင်းတယ်။
- ဗီတာမင် (စီ) နဲ့ (ကေ) မနည်းအောင် မျှတတဲ့အစားအစာ စားသောက်ပါ။
- (ကယ်လ်စီယမ်) သောက်တာလဲ သွေးယိုတာအတွက် အထောက်အကူပြုတယ်။
- ဆေး-ဆေးလိပ် မကောင်းပါ။
- (အက်စ်ပရင်) ဆေးကို တကယ်မလိုဘဲ မသောက်ပါနဲ့။
- သွေးယိုလာရင် ရေအေးဝတ်နဲ့ ဖိထားပါ။

Gingivitis သွားဖုံးရောင်ခြင်း http://dts-medicaleducation.blogspot.in/…/10/gingivitis.html နဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ