အချိုရည် (soft drinks) တွေရဲ့ အန္တရာယ်


Soft drink ကို မြန်မာလိုတော့ အလွယ်တကူ အချိုရည်၊ ဖျော်ရည် အမျိုးမျိုး ခေါ်ကြပါတယ်။ ယနေ့ခေတ်မှာ နေရာတကာမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါ တယ်။ ကလေးတွေသာမက လူကြီးတွေ၊ လူငယ်တွေပါ သောက်သုံးနေကြပါပြီ။ အချိုရည်တွေကို တွင်တွင် ကျယ်ကျယ် သောက်သုံးလာတဲ့ အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ များစွာဖြစ်ပေါ်လာတာကိုလည်း ယနေ့ခေတ်မှာ တွေ့နေရပါတယ်။ အချိုရည်ရဲ့ မမြင်နိုင်တဲ့ အန္တရာယ်တွေကို ကျန်းမားရေး ဗဟုသုတ အနေနဲ့ လူကြီးလူငယ်မရွေး သိထားသင့်ပါတယ်။ ဒါမှဘဲ မိမိ ကျန်းမားရေးနဲ့ မိသားစုဝင် တွေ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကျန်းမားရေးကို အလေးထား သတိထားရာ ရောက်မှာပါ။

အချိုရည်တွေ အကြောင်းကို လေ့လာမယ်ဆိုရင် အရေးကြီးဆုံးကတော့ ပါဝင်ပစ္စည်းတွေကို သိထားရပါမယ်။ သူရဲ့ ပါဝင်ပစ္စည်းတွေကတော့ Carbonated water ၊ sweetner နဲ့ flavouring material တို့ ဖြစ်ပါတယ်။ ချိုအောင် ထည့်သွင်းပြုလုပ်ထားတဲ့ sweetner တွေဟာ သကြားတွေဖြစ်ပါတယ်။ အဲဒီသကြားတွေကတော့ သဘာဝသကြား (sugar) အပြင် High-fructose corn syrup လို့ခေါ်တဲ့ ဓာတုနည်းအရ ပြုပြင်ထားတဲ့ sweetner များပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အနံ့ ၊ အရသာ ၊ အရောင်အဆင်းအတွက် ဓာတုဗေဒ ဆိုးဆေးတွေ၊ ကြာ ရှည်ခံပစ္စည်းတွေ ပါဝင်နိုင်ပါသေးတယ်။ တချို့ အချိုရည် တွေမှာဆိုရင် caffeine ဓာတ်ပါဝင်ပါတယ်။ soft drink လို့ခေါ်ရတဲ့ အကြောင်းရင်းကတော့ အရက် ပါဝင်တဲ့ အဖျော်ယမကာတွေထက် ပျော့တဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံ အရက် အနည်းငယ် ပါဝင်နိုင်ပါတယ် ။ အရက်ပါဝင်ခဲ့ရင်တောင် 0.5% အောက်နည်းရပါမယ်။
Soft drinks တွေကို ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာ ရရှိနိုင်ပါတယ်။ အများအားဖြင့် ပလက်စတစ်ဘူးနဲ့ ရရှိနိုင်ပါတယ်။ သံဘူး ၊ ဖန်ပုလင်းမျိုးစုံနဲ့ လည်းဝယ်ယူ ရရှိနိုင်ပါတယ်။ ဒါ့အပြင် soft drink တွေကို နေရာ တကာမှာ လွယ်လွယ်ကူကူ ၀ယ်ယူနိုင်ပါတယ် ။ အများအားဖြင့် လူစည်ကားတဲ့ အသင့်စား စားသောက်ဆိုင်တွေ (fast food restaurants) ၊ ရုပ်ရှင်ရုံတွေ ၊ ၂၄ နာရီ ဖွင့်တဲ့ စတိုးဆိုင်တွေ ၊ bars တွေ မှာ တွေ့ရပါတယ်။ အချိုရည်ကို အရက်စတဲ့ ယမကာ များနှင့် လည်း ရောစပ်သောက်သုံး ကြပါတယ် ။ အလွယ်တကူ ရရှိနေတဲ့အတွက် လူတွေကလည်း လွယ်လွယ် ကူကူ သောက်သုံးနေကြ ပါတယ် ။

မိမိရဲ့ လက်တစ်ကမ်းမှာ ရှိနေတာကြောင့် တချို့ကလေးငယ်တွေဆိုရင် တစ်နေ့ကို အချိုရည် (၂) ဘူး (၃) ဘူး သောက်နေကြတာ တွေ့ရပါတယ်။ ဒါဟာ လွဲမှားနေတဲ့ အကျင့်တွေဖြစ်ပါတယ် ။ ကျောင်းသူ ၊ ကျောင်းသားတွေကြားမှာ အချိုရည် သောက်သုံးတာဟာ ခေတ်ရေစီးကြောင်းလို ဖြစ်နေပါပြီ။ အချိုရည်မှာ ကျန်းမားရေး ဆိုးကျိုးများစွာရှိနေတာအကြောင်း ကလေးငယ်များကို နားလည်အောင် ပညာပေးဖို့ လူကြီးမိဘတွေမှာ တာဝန်ရှိပါတယ်။ အလွန်ငယ်ရွယ်တဲ့ ကလေးများ (ဥပမာ - ၂ နှစ်အောက် ) ကို အချိုရည် လုံးဝမတိုက်သင့်ပါဘူး။ ကျန်းမားရေး အတွက် ကောင်းကျိုးမရှိတဲ့အရာများကို မိမိ ကလေးငယ်များ ကို မတိုက်ကျွေးမိဖို့ မိဘများအနေနဲ့ သတိထားရပါမယ်။

အချိုရည်တွေရဲ့ အန္တရာယ်ကို ကြည့်ကြမယ်ဆိုရင် ထုပ်ပိုးထားတဲ့ ပုလင်း/ဘူး များကစလို့ ဆိုးကျိုးတွေ ရှိနေပါတယ်။ India မှာ ပြုလုပ်ထားတဲ့ လေ့လာမှုများအရ အချိုရည်တွေကို ထုတ်ပိုးထားတဲ့ ပလတ်စတစ် ဘူးခွံတွေမှာ သတ္တုဓာတတ် (Heavy metals) တွေ ပါဝင်နေတယ်လို့ သိရှိရပါတယ်။ ပါဝင်တဲ့ သတ္တုဓာတ်တွေက Antimony , Lead , chromium, cadmium နဲ့ DEHP တို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အလွန်အန္တရာယ်များတဲ့ ပစ္စည်းများဖြစ်ပါတယ်။ ဒီ Lead (ခဲ) နဲ့ cadmium ဆိုတဲ့ သတ္တုဓာတ်တွေကို WHO (ကမ္ဘာ့ကျန်းမားရေးအဖွဲ့) က လူသားများကို အန္တရာယ်ရှိတဲ့ပစ္စည်းများအဖြစ် သတ်မှတ်ထားပါတယ်။ ကင်ဆာ ဖြစ်စေနိုင်တဲ့သတ္တုများလို့လည်း ဆိုကြပါတယ်။ ခဲဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင် ပါတယ်။ ဦးနှောက်ထိခိုက်တာနဲ့ အခြားအာရုံကြောပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ခဲဆိပ်သင့်တင့် ကလေးငယ်တွေဟာ ဦးနှောက်အမြှေးရောင်တဲ့ လက္ခဏာနဲ့ ဆေးရုံ ရောက်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ အချိုရည်တွေဟာ ပြင်ပထုပ်ပိုးထားတဲ့ ပလတ်စတစ်ဘူးခွံတွေကစလို့ ဆိုးကျိုးတွေပေးနေပါတယ်။

Soft drinks တွေမှာ ပါဝင်တဲ့ high-fructuse corn syrup ရဲ့ အန္တရာယ်ကလည်း မသေးလှပါဘူး။ အချိုကဲစေဖို့ အသုံးပြုထားတဲ့ ဒီပစ္စည်းတွေ ဟာ အ၀လွန်ခြင်းအပြင် တခြားကျန်းမာရေးပြဿနာများနဲ့ ဆက်စပ်နေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ပုံမှန် ကျွန်မတို့သုံးနေကျ သကြားနဲ့ ခပ်ဆင်ဆင်တူပေ မယ့် ခန္ဓာကိုယ်က ဒီ HFCS ကိုမချေဖျက်နိုင်ပါဘူး။ အလွန်အကျွံသောာက်သုံးတယ်ဆိုရင် မလိုအပ်တဲ့ကယ်လိုရီတွေ ခန္ဓာကိုယ်မှာစုပုံပြီး ကိုယ်အလေးချိန်တိုးလာစေပါတယ်။ နောက်ဆက်တွဲအနေ နဲ့ကတော့ ဆီးချို၊ သွေးတိုးစတဲ့ရောဂါများဖြစ်ဖို့ကို ဦးတည်နေပါတယ် ။ နောက်ဆုံး ကတော့ နှလုံးသွေးကြော ကျဉ်းခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ချေကို တိုးစေပါတယ်။
သကြားများများစားသုံးတာကိုလျှော့ချဖို့ အမေရိကန်အခြေစိုက် နှလုံးကျန်း မာရေးအဖွဲ့ (AHA)က သတိပေးထုတ်ပြန်ထားပါတယ်။ အမျိုးသမီးတွေအနေနဲ့ အပိုသကြားတွေ 100 ကယ်လိုရီအထက်နဲ့ အမျိုးသားတွေဆိုရင် 150 ကယ်လိုရီ အထက်မစားသင့်ပါဘူး။ ကယ်လိုရီ 100 ဟာ သကြား လက်ဖက်ရည် ဇွန်း (၆) ဇွန်း ဖြစ်ပြီး၊ 150 ကယ်လိုရီဟာ (၉)ဇွန်းနဲ့ညီမျှပါတယ်။ ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ သကြား ဟာ အလွန်ကိုများပြားနေတာတွေ့ရပါတယ်။ ဒီနေ့ နေ့စဉ်စုပုံလာတဲ့ သကြားတွေဟာ ကျွန်မတို့ကို တဖြည်းဖြည်းနဲ့ ဒုက္ခပေးနိုင်ပါတယ် ။ အချိန်မှီတားဆီး ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ ရောဂါဖြစ်မှ ကုသတာထက်စာရင် ကျန်းမာရေး အသိရှိပြီး၊ မဖြစ်ခင်ကြိုတင်ကာကွယ်တာဟာ ကုန်ကျစရိတ်သက်သာပြီး အကောင်း ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကျန်းမာရေးအသိပညာကို လူသားတိုင်းကိုမျှဝေဖို့ ကျွန်မ တို့အားလုံးမှာ တာဝန်ရှိပါတယ်။

နောက်ထပ်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဆိုးဆေးတွေ (dyes) ကြာရှည်ခံစေတဲ့ ပစ္စည်းတွေ (preservatives) တွေဟာလည်း ကင်ဆာအမျိုးမျိုးနဲ့ ဆက်စပ်နေတယ် လို့ ပြောကြပါတယ်။ ဆိုးဆေးတွေ၊ ဓာတုပစ္စည်းတွေဟာ ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ လူတိုင်းသိကြပါတယ် ။ ရှောင်ကြဉ်နိုင် ဖို့ရာ သာ ခက်နေတာ ပါ ။ အချိုရည်တွေမှာ နီရဲနေတဲ့အရောင်တွေ၊ ၀ါထိန်နေတဲ့အရောင်တွေဟာ ၀ယ်သူ မျက်စိကျအောင်ဆွဲဆောင်ထားတဲ့ ဓာတုဆိုးဆေးများဖြစ်ပါတယ်။ အရောင်လှတိုင်း မသောက်ကြဖို့ ကလေးငယ်များကိုလည်း အသိပေးရပါမယ်။ ကလေးငယ်တွေဟာ အရောင်တောက်တောက် ပပအရာတွေ ကို စိတ်ဝင်စားတဲ့အတွက် အချိုရည်ထုတ် လုပ်တဲ့ ကုမ္မဏီများကလည်း ကလေးငယ်များကို ရည်ရွယ်ပြီး ထုတ်လုပ်ရောင်းချကြ ပါတယ်။ အတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို့ တိုက်တွန်းကြရပါမယ်။ မိမိတို့ရင်သွေး ငယ်များရဲ့ ကျန်းမာရေးကို မိဘတိုင်း အလေးထားပေးကြရပါမယ်။

Carbonated water လို့ခေါ်တဲ့ gas ပါတဲ့အချိုရည်တွေကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို အနည်းငယ်ဒုက္ခပေးနိုင်ပါတယ်။ လေထိုး၊ လေအောင့်တာ၊ လေပွ တာ၊ အစာမကြေ တာတွေ ဖြစ်တတ် ပါတယ် ။ တစ်ခါတရံ ရင်ပူတာမျိုးလည်း ရှိတတ် ပါတယ်။ အစာအိမ်အနာရှိတဲ့သူများမှာတော့ ပိုဆိုးစေ ပါတယ်။ အစာအိမ်ရောင်တာ ပိုဆိုးသွားနိုင်တဲ့အတွက် အစာအိမ်ရောဂါအခံရှိသူများ သတိထားရှောင် ကြဉ်သင့်ပါ တယ် ။ Cola တို့၊ ကဖိန်းပါတဲ့ အချိုရည်တွေကတော့ အရိုးပါးခြင်း၊ အရိုးသိပ်သည်း မှုနည်းပါးဖြင့်ကို ဖြစ်စေနိုင်တယ်လို့ လေ့လာချက်များမှာ တွေ့ရှိရပါတယ်။ အရိုး ကြီးထွားဖို့ အရှိန်ယူနေတဲ့ကလေးများ၊ ဆယ်ကျော်သက်များအတွက် အလွန်သတိ ထားသင့်တဲ့အချက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အရိုးသိပ်သည်းမှု အပြည့်အ၀မရခဲ့ရင် အသက်ကြီးလာတဲ့အခါ အရိုးပါးတာ၊ အရိုးပွတာ ဖြစ်နိုင်ချေများ ပါတယ်။ ကလေးများအရိုးကြီးထွားဖို့၊ သန်မာဖို့အတွက် အချိုရည်တွေကို ရှောင် ကြဉ်သင့်ပါတယ်။

ဆိုဒါပါဝင်တဲ့အချိုရည်တွေဟာ သွေးတွင်းအချိုဓာတ်ကိုမြှင့်တက်စေပါတယ်။ ဆိုဒါဟာ ပန်စရိယမှ အင်ဆူလင်ဟော်မုန်း (Insulin) ကို ထွက်စေပါတယ်။ အင်ဆူ လင်ဟာ သွေးတွင်းသကြားဓာတ်ကို အသုံးပြုပြီးနောက် အသည်းထဲမှာ သကြား ဓာတ်ကို သိုလှောင်ထားစေပါတယ်။ အချိုရည်မှာပါဝင်တဲ့ ကဖိန်းဟာ သွေးဖိအား ကို တက်စေပါတယ်။ ပင်ကိုယ်ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိသူများအနေနဲ့ ဂရုပြု သင့်ပါတယ်။ ရောဂါအခြေအနေကို ပိုဆိုးသွားစေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ပုံမှန် ရောဂါထိန်းဆေးများသောက်နေပေမယ့် အမှုမဲ့အမှတ်မဲ့ အချိုရည်/ဆိုဒါ/Cola များ သောက်သုံးမိပါက ရောဂါမသက်သာဘဲဖြစ်နေတတ်ပါတယ်။ ဆေးတွေသုံးစွဲနေပါ လျက်နဲ့ မိမိရဲ့ ဆီးချို/သွေးတိုးရောဂါမထိန်းနိုင်ဘူးဆိုရင် မိမိရဲ့စားသောက်မှုပုံစံကို ပြန်လည်ဆန်းစစ်သင့်ပါပြီ။ မမြင်ရတဲ့သကြားဓာတ် (အချိုရည်တွေမှာ ပါဝင်တဲ့ သကြားဓာတ်)ဟာ လူကိုတော်တော် ဒုက္ခပေးနိုင်ပါတယ်။ သတိထားသင့်တဲ့အချက် ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန် ထိန်းချင်တဲ့သူများ၊ ကိုယ်အလေးချိန် လျှော့ချချင် သူများအနေနဲ့ကတော့ အချိုရည်ကို ရှောင်ကြဉ်သင့်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ခန္ဓာမှာ မလိုအပ်တဲ့အဆီတွေ စုဝေးလာနိုင်တာကြောင့် ၀ိတ်တက်လာပါ မယ်။ ပိုနေတဲ့သကြားဓာတ်တွေကို လေ့ကျင့်ခန်းလုပ်ပြီး၊ မချေဖျက်နိုင်ပါက ခန္ဓာကိုယ်အလေးချိန် တက်လာမှာမလွဲပါပဲ။ အားကစားလေ့ကျင့်ခန်းလုပ်ပြီး အချို ရည်များသောက်သုံးနေပါကလည်း အလေးချိန်ကျဖို့ ခက်ခဲနေမှာပါ။ အစားလျှော့ စားနေပေမယ့် အချိုရည်/ဆိုဒါ/ကိုလာများ သောက်သုံးနေပါကလည်း တော်ရုံဝိတ် ကျဖို့ မလွယ်ကူနိုင်ပါဘူး။ Diet လုပ်မည်ဆိုပါက မိမိရဲ့စားသောက်မှုပုံစံကို သေချာ ဂရုပြုသင့်ပါတယ်။

ဒါကြောင့်မို့ Soft drinks တွေကို သောက်သုံးမယ်ဆိုရင် အစစအရာရာကို သေချာလေ့လာ ပြီးမှ ရှောင်သင့်ရင်ရှောင်၊ လျှော့သင့်ရင်လျှော့ စသဖြင့် မိမိကျန်းမာ ရေးအတွက် ဂရုပြုသင့်ပါတယ်။ မိမိမှာ ဆီးချို/သွေးတိုး/နှလုံးရောဂါရှိတယ်ဆိုရင် ပို သတိထားသင့်တဲ့ အချက်ဖြစ်ပါတယ် ။ ဆေးသောက် သုံးတာ အပြင် မိမိရဲ့စားသောက် မှုပုံစံကို ထိန်းသိမ်းတာဟာလည်း ပိုမိုကျန်းမာစေမယ့် အလေ့အကျင့်ကောင်း တစ်ရပ် ပါ ။ ကလေးငယ်များအတွက်ဆိုရင်တော့ သင့်မသင့်ကို မိဘများစဉ်းစားချင့်ချိန်သင့်ပါ တယ်လို့အကြံပြုပါရစေ ။ အချိုရည်သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ များစွာ ဖြစ်နိုင် တယ်ဆိုတာ သတိမူသင့်ပါတယ်။ အချိုရည် (soft drinks) တွေကို သောက်မယ့်အစား လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည် (fruit juice) သောက်တာမျိုး၊ ဒိန်ချဉ်၊ နွားနို့၊ ပဲနို့ စတဲ့ ကျန်းမာရေးအတွက် အထောက်အကူ ပြုတဲ့အရာမျိုးကို ရွေးချယ်ရင် ပိုသင့်တော်ပါတယ်။ မိမိ၏ကျန်းမာရေးအတွက် မှန်ကန် တဲ့ရွေးချယ်မှုကို ပြုလုပ်နိုင်ကြစေရန် ဆန္ဒပြုလျက် ...

Dr_Jasmine
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ