အပူအပင်ကင်းစေသော မန်ကျည်းသီးမှည့်လေးများ


မိသားစုကိုးကွယ်သော ဆရာ တော်ကျောင်းမှ ဘုရားကြေး ဆင်းတုတော်မှာ ရွှေရောင်ဝင်း အိနေပြီး ကျွန်တော့်အိမ်မှ ဗရာ ကြေးဆင်းတုတော်များကို ဘုရား ဆို ကြေးတိုက်ဆေးနှင့် မည်မျှပင် သပ္ပာယ် ဆေးကြောစေကာမူ ပြောင်လက်လာသော်လည်း ရွှေ ရောင်ဝင်းအိနေခြင်း မရှိသော ကြောင့် သဒ္ဓါဆန္ဒတစ်ခု မပြည့်ဝ ဘဲ ဖြစ်ခဲ့ဖူးသည်။ မိခင်ဖြစ်သူ က မန်ကျည်းသီးမှည့်က ကြေး အရောင်ကို ရွှေလိုဝင်းအောင်လုပ် ပေးနိုင်တယ်ပြော၍ စမ်းကြည့်ရာ မပြည့်ဝခဲ့သော သဒ္ဓါစိတ်အလို များပြည့်၍ အိမ်တွင်ဆင်းတုတော် များအား ရွှေအဆင်းဖြင့် ကြည်ညို မဆုံး အမြဲဖူးခွင့်ရခဲ့သည်။ ထိုအချိန်မှစ၍ အမှတ်တမဲ့ နေခဲ့သော မန်ကျည်းပင်၊ မန် ကျည်းသီးတို့၏ ဂုဏ်သတ္တိများကို အရင်ကထက် ပိုတန်ဖိုးထားလာခဲ့မိ သည်။ အိမ်မှ အသက် ၉ဝ ကျော် အဘွားသည် မန်ကျည်းဖျော်ရည်ကို မကြာခဏ သောက်သူဖြစ်ပြီး မန်ကျည်းသီးမှည့်ရည်ဖြင့် ခေါင်း လျှော်ရေချိုးလေ့ရှိသူ၊ ဘယ်သော အခါမှ ဝမ်းနုတ်ဆေးစားလေ့မရှိ သူ၊ ဖုန်ထူနေပူသော နွေကာလ များတွင် မန်ကျည်းသီးခေါက်လေး သွေးလိမ်း တတ်သူဖြစ်ကြောင်း တွေးကာသတိထားမိလာသည်။ ငယ်စဉ်က ကျွန်တော်ကင်းကိုက် ခံရစဉ် မန်ကျည်းသီးစေ့ကို ထက် ခြမ်းခွဲပြီး အဆိပ်ပြေအောင် အမေကပ်ပေးခဲ့သည်ကို သတိရ လာသည်။

အရိပ်အာဝါသကောင်းပုံကို '' နွေထနောင်း၊ ဆောင်းမန်ကျည်း'' ဟုလည်း မှတ်သားခဲ့ရဖူးသည်။ ကဗျာ၊ လင်္ကာသီကုံးစပ်ဆိုရာ တွင် ကာရန်သွားများ စိပ်နေ သည်ကို ''မန်ကျည်းရွက်ထပ် ကာရန်'' ဟုလည်း သင်ကြားဖူး ခဲ့သည်။ ငယ်စဉ်ကလေးဘဝက မန်ကျည်းရွက်နုလေးများ ခူး၍ အဝတ်ဖြင့်ထုပ်ပြီး မြေကျင်းလေး ထဲ တူးမြှုပ်ကာ ဘုတ်ကလေး ဆီဆမ်း ကစားတမ်း ဆော့ခဲ့ကြ သည်ကို လည်း မြင်ယောင်မိသည်။ ထိုအကြောင်းများကြောင့်လည်း မန်ကျည်းပင်ကို နှစ်သက်လာသကဲ့သို့ မန်ကျည်းသီးမှည့်လေးများအကြောင်း ကို ဖတ်မှတ်လေ့လာဖြစ်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။

မန်ကျည်းသီးမှည့်သည် အေး၍ ပွင့်သောသတ္တိရှိပြီး အပူကိုအကြောင်း ခံ၍ ဖြစ်သောရောဂါများ၊အပူလွန် နာများအတွက် အားကိုးအားထား ပြုအပ်သော ဆေးဖက်ဝင်အစာ အာဟာရတစ်ခုဖြစ်သည်။ သဘာဝ အလျောက် ပေါက်တတ်သော အပင်မျိုးဖြစ်၍ နေရာမရွေး၊ အချိန် မရွေး ရှာဖွေရလွယ်ကူလှသည်။

ထန်းလျက်နှင့် ဖျော်ထားသော မန်ကျည်းဖျော်ရည်ကို နံနက်တစ်ခွက်၊ ညတစ်ခွက် ပုံမှန်သောက်သုံးခြင်းဖြင့် အပူချိန်လွန်ကဲမှုမှ တစ်ဆင့်ဖြစ်ပွား သော ခန္ဓာကိုယ်အတွင်း ရောဂါများ၊ အစာအိမ်ရောဂါများကို ခွဲစိတ်ကုသရ သည်အထိ ဖြစ်ပွားခြင်းမှ ကာကွယ် နိုင်သည်။ ဆီး၊ဝမ်း၊ သွေး၊ လေမှန်၍ ကျန်းမာရေးအတွက် အထိရောက်ဆုံး သော ကာကွယ်ကုသခြင်းလည်းဖြစ် သည်။ ရောဂါမရှိသူများ သောက်သုံး ပါက ကိုယ်ခံစွမ်းအား မြင့်မားလာပြီး သာမန်နှာစေး၊ ချောင်းဆိုး ဥတု ရာသီဖျားမှစ၍ အခြားကူးစက် ရောဂါများကို အလိုအလျောက် ကာကွယ်ပြီးဖြစ်သည်။

မန်ကျည်းသီးမှည့်ဖြင့် တစ်ပတ်သုံးကြိမ်ခန့်ရေချိုးပေးပါက ပေါ့ပါး သွက်လက်သော ခန္ဓာကိုယ်နှင့် စိတ် အခြေအနေကို နေ့စဉ်ပိုင်ဆိုင်နိုင် ကြောင်း မိရိုးဖလာ လက်ဆင့်ကမ်း ဗဟုသုတများအရ လက်တွေ့လိုက် နာကျင့်သုံးနေသူများလည်းရှိသည်။ အကျိုးထူးများ ခံစားနေရကြောင်း လည်း ကြားသိရသည်။ အသုံးပြုရေချိုး နည်းမှာ ရေချိုးခါနီး ရေဝဝသောက်၍ သောက်ထားသည့်ရေအား ဆီးသွား သည်အထိစောင့်၍ ဆီးသွားပြီးလျှင် လေလုံသောနေရာ၌ မန်ကျည်းသီး မှည့်အား မပျစ်မကျဲရေဖျော်ကာ တစ်ကိုယ်လုံးနေရာလပ်မကျန် လိမ်း ရပါမည်။ ခြေဖဝါး၊ လက်ဖဝါးများအား ရေဆွတ်၍ အိမ်သုံးဆား စတီးဇွန်း တစ်ဇွန်းခန့်စီကို ဘယ်ခြေညာလက်၊ ညာခြေဘယ်လက် အသုံးပြုပြီး နှစ်မိနစ်ကြာ (အကြိမ် ၆ဝ စီ) ဒေါင့်တန်း ပွတ်တိုက်ပေးရမည်။ ငါးမိနစ်ကျော်ခန့် ခေတ္တစောင့်ပြီး ရေချိုးရမည်။

မန်ကျည်းသီးမှည့်ရည် လိမ်း ခြင်း၊ ဆားပွတ်ပေးခြင်းကြောင့် ခန္ဓာကိုယ်တွင်း လူကိုဒုက္ခဖြစ်စေသော အပူ၊အပုပ်၊ အခိုးဓာတ်များ ကိုယ် တွင်းမှထွက်လာပြီး ခေတ္တစောင့်ကာ ရေချိုးပေးခြင်းကြောင့် အရေပြားမှ တစ်ဆင့် အစုလိုက်၊ အပြုံလိုက် ထွက်ခွင့်ရပြီး ခန္ဓာကိုယ်၊စိတ်သန့်ရှင်း စင်ကြယ်ခြင်းကို ပြည့်ဝစွာရရှိနိုင်လေ သည်။ အပူဓာတ်ခံ အားကြီးသူများ ရေချိုးပြီးပြီးချင်း ရုတ်တရက် ကိုယ် ပူတက်သကဲ့သို့ ဖြစ်နိုင်သော်လည်း နေ့စဉ်သုံးရက် ရေချိုးပေးပါက အပူ ငြိမ်းပြီး ပုံမှန်ရေချိုးရသကဲ့သို့ ပြန် ဖြစ်စေသည်။ တစ်ပတ်သုံးကြိမ်ဟု ဆိုရသော်လည်း နေ့စဉ်ထိုနည်း အတိုင်း ရေချိုးပေးပါက နွေပူပူ၊ လေပူပူအောက်မှာပင် အေးမြသော အသားအရေနှင့် ခံစားမှုကိုရရှိနိုင်ပါ လိမ့်မည်။

ပွေး၊ ဝဲ၊ ဒက်၊ ညှင်း၊ တင်းတိပ်၊ ဝက်ခြံ၊ မှည့်ခြောက်၊ အနာစက်၊ အနာစို၊ အနာစိမ်း၊ အနာလုံးနှင့် အဖုအကျိတ်အမျိုးမျိုး၊ ယားနာ အမျိုးမျိုး၊ အသက် ၄ဝ ဝန်းကျင် ခန့်တွင်စ၍ ထွက်တတ်သော အသား ပိုအသီးလေးများနှင့်ြ<ွကက်နို့၊ ငါးမျက်စိ၊ အသားမာများကို လည်းကောင်း၊ ပုရွက်ဆိတ်၊ ကြမ်းပိုး၊ ခူကောင်၊ ဗောက်ဖတ်နှင့် ကင်း အမျိုးမျိုးတို့၏ အဆိပ်ကြောင့် ဖြစ်တတ်သော ယားယံခြင်း၊ အဖု အပိမ့်ထွက်ခြင်းများကို လည်းကောင်း၊ မန်ကျည်းသီးမှည့်ရည်ဖြင့် ဆေး ကြောပြီး ကွမ်းသီးစိမ်းနုအား သွေး လိမ်းပေးပါက သက်သာပျောက်ကင်း စေသည်။ အနာစိမ်းနှင့် အနာလုံး၊ အဖုအကျိတ်များကြီးပါက အနာထိပ် နေရာကိုချန်၍ မန်ကျည်းသီးမှည့်ဖြင့် ပွတ်လိမ်းပြီး ငုခေါက်ကို မန်ကျည်း အပေါ်ရည်ဖြင့် သွေးလိမ်းပေးပါကလည်းပျောက်ကင်းနိုင်ပြီး နုလျှင် ပိန်ကာ ရင့်လျှင် ပေါက်တတ်သည့် သဘောရှိသည်။

ဦးရေပူခြင်း၊ ဗောက်ထခြင်း၊ ဦးခေါင်းချွေးထွက်ခြင်း၊ ဆံပင် အဖျားများနှစ်ခြမ်းကွဲခြင်း၊ ဆံပင် ကျွတ်ခြင်းနှင့် ဦးခေါင်းယားယံနံစော် ခြင်းတို့ ပျောက်ကင်းလိုပါက မန် ကျည်းသီးဖျော်ရည်ဖြင့် စနစ်တကျ ရေချိုးပြီးလျှင် အနည်နှင့်အဖတ် များစစ်ထားသော မန်ကျည်းရည် ကျဲကျဲဖြင့် ဆံပင်အရင်းသို့စိမ့်ဝင် အောင် ဖြည်းဖြည်းချင်း ပွတ်ပေး ရမည်။ ငါးမိနစ်ခန့်ပွတ်တိုက်ပြီး ပါက မိမိနှစ်သက်ရာ ခေါင်းလျှော်ရည် သို့မဟုတ် တရော်ကင်ပွန်းဖြင့် ခေါင်း လျှော်ပေးရမည်။ တရော်ကင်ပွန်း ရည်က ပိုမိုအကျိုးသက် ရောက်မှု မြန်ဆန်သည်။

နှာခေါင်းအနံ့ ချို့တဲ့သူများ အနေဖြင့် မန်ကျည်းရည် မပျစ် မကျဲကို နဖူးနှင့် နှာခေါင်းပေါ် တွင် ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးခြင်း၊ မန်ကျည်းရေရှူပေးခြင်း များလုပ်ပေးပါက လပိုင်းအတွင်း အနံ့အာရုံ ထက်မြက်လာစေလိမ့် မည်။ အဆစ်အမြစ်ရောင်ခြင်း၊ ကိုက်ခဲခြင်း၊ အကြောတက်ခြင်းများ အတွက် မန်ကျည်းသီးမှည့်ရည် ကျဲကျဲမကြာခဏ ပွတ်လိမ်းခြင်းဖြင့် လည်း သက်သာပျောက်ကင်းစေ သည်။

မန်ကျည်းသီးမှည့်မှာ ကွမ်း ရွက်ကဲ့သို့သော ၀ဏ်ရှိသရွေ့ သုံးနိုင်သော ဘက်စုံသုံး နတ်ဆေး တစ်ပါးဟုပင် ဆိုရပေလိမ့်မည်။ မန်ကျည်းရွက်ချဉ်ရည်ဟင်းကလည်း ခံတွင်းမြိန်စရာ ကောင်းလှသည်။ မန်ကျည်းသား စဉ်းတီတုံးလေးများ ကလည်း အိမ်အများစု၏ မီးဖိုချောင် တွင် နေရာယူထား နေဆဲဖြစ်သည်။ မန်ကျည်းတော်ဖီနှင့် မန်ကျည်းသီး မှည့် ဖြင့်လုပ်ထားသော မုန့်လေး များကိုလည်း မုန့်ဆိုင်များတွင် တွေ့ရလိမ့်မည်။ ကျွန်တော့်အိမ်၌ ကလေး များ နွေရာသီတွင်မိတ်ထွက်၍ ယားယံနေလျှင်လိမ်းရန် မန်ကျည်း ခေါက်လေးက သနပ်ခါးခြင်းတောင်း ထဲတွင် နေရာယူထားသည်။

နတ်မောက်နယ်ဇာတိအဘွား က မန်ကျည်းသီးစိမ်းချက်ချက်ပေးဖို့ မကြာခဏ အမေ့ကိုခိုင်းတတ်ပြီး ကျွန်တော်တို့မောင်နှမများမှ ကြက် ဥပြုတ်လေးစိတ်ခြမ်း ထည့်ထား သော မန်ကျည်းသီးမှည့်ချက်ကို အလွန်ကြိုက်ခဲ့သည်။ လူငယ် ဘဝဖြတ်သန်းခဲ့ရစဉ်က '' မိန်းမ မာယာ သဲကိုးဖြာ'' ဟု ရွယ်တူ မိန်းကလေးများကို မခံချင်အောင် ပြောမိလေတိုင်း ''ယောကျာ်း မာယာကလည်း မန်ကျည်းကိုးပင်'' ဟု မာယာများပုံကို မန်ကျည်း ရွက်လေးများနှင့် ခိုင်းနှိုင်းပြော၍ တုံ့ပြန်တတ်ကြပုံကို မှတ်မိနေသေး သည်။ မန်ကျည်းပင်၏ ကိုင်းများ မှာ ခိုင်မာသော အမျှင်များဖြင့် ဖုံးအုပ် ဖွဲ့စည်းထားဟန်ရှိပြီး ''မန် ကျည်း တစ်ညို လူတစ်ခို'' ဟုလည်း ကြားဖူးနားဝရှိခဲ့ဖူးသည်။

မန်ကျည်းသီးမှည့်သည် အပူ ဒဏ်ကိုကောင်းစွာခံနိုင်ပြီး ချဉ် သောသတ္တိရှိသည့် အသီးများတွင် အပူဒဏ်ကို လုံးဝမမှုသည့် အသီး ဖြစ်ကြောင်း တွေ့ရသည်။ သံပရာ သီးတစ်လုံးနှင့် ရွယ်တူ၊ အလေး ချိန်တူ မန်ကျည်းသီးမှည့်တစ်လုံး တို့အား နေပူပူရှိ သံပြားပေါ်တွင် ပြိုင်တူချ၍ ထားကြည့်ပါက တစ်ပတ်ခန့်ကြာသော် သံပရာ သီးမှာ ပိန်လိန်ရှုံ့တွသွားသော် လည်း မန်ကျည်းသီးအမှည့်အလုံး မှာ ထူးခြားသောပြောင်းလဲမှုမရှိ ကြောင်း တွေ့ရပေလိမ့်မည်။ ခန္ဓာ ကိုယ်အပူများကို အန်တုနိုင်သော အသီးဖြစ်ကြောင်း ကိုးကားယုံမှား သံသယဖြစ်ဖွယ် မမြင်ပေ။

ကျွန်တော်သိသော မန်ကျည်း သီးမှည့်အကြောင်းများက နည်း လွန်းလှသည်။ သို့သော် လူသား တစ်ဦး၏ ကိုယ်တွင်းကိုယ်ပ အပူ ဟူသမျှကိုနိုင်နင်းသော အရာဟူ ၍ လည်း ကောင်း၊ မြတ်ဘုရား၏ ရွှေအဆင်းမျက်နှာတော်ကို ဖူး တွေ့ခွင့်ရ၍ သောကအပူမီးများ ကို ငြိမ်းအေးစေတတ်သောအရာ ဟူ၍ လည်းကောင်း ကျွန်တော် သိသည်။ ကျွန်တော့်အဖို့ အပူအပင် ကင်းစေသော မန်ကျည်းသီးမှည့် လေးများရှိကြောင်း လောကနှင့် လူ့ ပတ်ဝန်းကျင်မှ သင်ကြားခွင့်ရ ခဲ့ပြီးဖြစ်သည်။

ဇေယျတု(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ