ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်း တက်ခြင်း


ခေါင်းမူး ခေါင်းခဲခြင်းသည် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ ခေါင်းမူးခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း တစ်ခုခုဖြစ်လာ ခဲ့ပါက ဖျားခြင်း၊ နာခြင်း၊ သွေးအားနည်းခြင်း၊ အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်း၊ စိတ်မပျော် ရွှင်ခြင်းနှင့် မူးဝေ အော့အန်ခြင်းတို့ ဖြစ်နိုင်သည်။

ခေါင်းမူးလျှင် အက်စပရင် တစ်လုံး၊ ပါရာစီတမော တစ်လုံး သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သင့်သည်။ ရေချိုးခြင်း၊ အရက်၊ ဘီယာသောက်ခြင်း မျိုး မပြုလုပ်သင့်ပါ။

တက်ခြင်းသည် ရောဂါမဟုတ်ဘဲ ရောဂါတစ်ခု၏ လက္ခဏာသာ ဖြစ်သည်။ ကလေးများ ဖျားလျှင် တက်တတ်သည်။ ၄၅ရာခိုင်နှုန်း သည် ဖျား၍ တက်ကြသည်။ ၃ဝ ရာခိုင်နှုန်းသည် ဝက်ရူးပြန် (မွေးရာပါ) ရောဂါကြောင့် တက်သည်။ ၂၅ ရာခိုင်နှုန်းသည် အခြား အကြောင်းကြောင့် ဖြစ်သည်။

ဦးနှောက်ဒဏ်ရာ ရခြင်း၊ တုတ်ဖြင့်ခေါင်းကို အရိုက်ခံရခြင်း၊ လက်ဝှေ့ထိုးခြင်း၊ ဘောလုံးကန်ခြင်း၊ အရက်အမူးလွန်ခြင်း တို့ကြောင့်လည်း တက်တတ်သည်။ တစ်ကြိမ် တက်ဖူးလျှင် မကြာခဏ တက်တတ်သည်။ ကလေးဘဝ အတက်ရောဂါသည် ကလေးကြီးပြင်း လာလျှင် ကြီးထွား ဟော်မုန်းကြောင့် အတက်လျော့သည်။

မည်သည့်အကြောင်းကြောင့် တက်သည်ဖြစ်စေ ဦးနှောက်ကို အဆမတန်လှုံ့ဆော်ခြင်းဖြစ်၍ ရေရှည်အတွက် မကောင်းပါ။ ကလေး၏ ဦးနှောက်ပျက်စီးကာ စာသင်ကြား နိုင်ခြင်းမရှိဘဲ ဥာဏ်ရည် မမီ ဖြစ်သွားနိုင် သည်။

ဦးနှောက်ကို လှုံ့ဆော်ခြင်းမှာ ကြွက်သားများ လှုပ်ရှား၍ ခြေလက်များ ကောက်ကွေးခြင်း၊ ပါးစပ်က အမြှုပ်ထွက်ခြင်း၊ မျက်လုံးမျက်ဆန် လန်ခြင်း၊ အသက်ရှူရပ် သွားခြင်း၊ တောင့်တင်းခြင်းများ ဖြစ်တတ်သည်။

ပြုစုနည်းမှာ

(၁) လူနာလိမ့် မကျစေရန် ခုတင်သို့မဟုတ် စားပွဲပေါ်တွင် မထားရှိဘဲ ကြမ်းပြင်ပေါ်သို့ ရွှေ့ထားရမည်။

(၂) မီး၊ ပန်ကာ၊ဓာတ်ကြိုး၊ ရေမြှုပ်များနှင့် ဝေးရာတွင် ထားသင့်သည်။

(၃) တက်သူ အား ချောင်ချိသော အဝတ်အစားများ လဲလှယ်ပေးရမည်။

(၄) လျှာမကိုက်မိစေရန် တက်နေသူ၏ ပါးစပ်ကိုဖွင့်၍ ဇွန်းအမြီးကို အဝတ်နှင့် ပတ်ကာ ထည့်ထားသင့်သည်။ လက်ကိုင်ပုဝါ သို့မဟုတ် အဝတ်စတစ်ခုခု ကိုက်ထားစေလျှင် လည်းရသည်။

(၅) ကလေးများ အဖျားအရမ်းကြီးလျှင် ခေါင်းက စ၍ ရေလောင်းချရမည်။ စအိုထဲသို့ အဖျားကျဆေး ပါရာစီတမောဝမ်း ချူတောင့် ထည့်နိုင်သည်။ အတက်ကျဆေး ဒိုင်ယာစီပင်ထည့် ပေးနိုင်သည်။ (၆) ဗေလီယန်အကြောထဲ ထည့်ထိုးလျှင် ချက်ချင်း အတက် ကျသွားသည်။

(၇) မိသားစုဝင်များ နှစ်သိမ့် ဆွေးနွေးရမည်။ အားပေးရမည်။

(၈) ဆရာဝန်နှင့် ပြသရမည်။

(၉) စိတ်ဖိစီးမှု မရှိသင့်ပါ။

(၁ဝ) တက်သည့် အချိန်ကြာမြင့်သည်နှင့် အမျှ အသက်အန္တရာယ် စိုးရိမ်ရသည်။

(၁၁) အတက်ဖြစ်စေသည့် အဖျားကြီးခြင်း၊ နှလုံး သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တို့ကို ကုသထားရမည်။

(၁၂) ကလေးများ သန်ထပါက ဝက်ရူးပြန်ကဲ့သို့သော အတက်မျိုးဖြစ်တတ် သည်။ နှစ်စဉ်မိုးဦးနှင့် မိုးနှောင်းကာလတွင် နှစ်ကြိမ်သန်ချ ဆေးကျွေးရမည်။ လူကြီးများ လည်း သန်ချဆေး စားပေးရမည်။

(၁၃) တက်တတ်သည့်သူများသည် ယာဉ်မောင်း၊ အကြော် အလှော်၊ လက်နက်ကိုင် ဝန်ထမ်း စသည်ဖြင့် အန္တရာယ် ဖြစ်စေသည့် အလုပ်များကို မလုပ် သင့်သလို စွန့်စားပြီး မခိုင်းသင့်ပါ။

(၁၄) တက်သည့် ကလေးသည် တစ်ပန်းရှုံး နေသဖြင့် စာမလိုက်နိုင်သည့် ကလေး၊ ဥာဏ်ရည် မမီသည့် ကလေးဖြစ်တတ်၍ ကလေး၏ အနာဂတ်ကို သိပ်ပြီးမျှော်လင့် မထားရန် မိဘများကို နှစ်သိမ့် ဆွေးနွေး ထားရမည်။ ပထမတစ်ယောက် မွေး၍ တက်တတ်သော ကလေးဖြစ်လာ သော်လည်း နောက်ကလေးများတွင် မဖြစ်ပွား နိုင်ပါ။

(၁၅) လူကြီး၊ လူငယ်မရွေး တက်ခြင်းကို ပြေလျော့ စေသည့် နည်းလမ်းမှာ ဘာသာရေး လိုက်စားခြင်း၊ တရားနာခြင်း၊ တရားထိုင် ခြင်းများ လုပ်ရမည်။ ။

ဒေါက်တာလွင်သန့် (ဆေး-၂)
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ