Diane-35 တားဆေး ဝက်ခြံအတွက်လည်းပေး


၁။ မင်္ဂလာပါဆရာ Diane 35 ဆေးအကြောင်းပြောပြပေးပါ ဆရာ ဆေးခန်းက တလစာ ကိုယ်ဝန်တားဆေး ပေးလိုက်ပါတယ် ။ ဆေးကပ်မှာ အညွှန်းမပါတဲ့ အတွက် ဘယ်က စ သောက်သင့် သလဲ ပြောပြပေးပါဆရာ ။

၂။ သမီးအသက် ၃ဝ ပါ။ အသက် ၂၃ လောက်ကတည်းက မျက်နှာမှာ အပူလုံးလိုလို ဝက်ခြံ လိုလိုတွေ ပေါက်တတ် ပါတယ် ။ ဝက်ခြံလို့ပြောရအောင်လည်း အဖုတွေကကြီးပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဆရာဝန်တယောက်က Diane 35 ဆေးညွှန်လို့ သောက်ပါတယ်။ အဖုတွေလုံးဝမထွက်တော့အောင် ပျောက်သွားပါတယ်။ အသားအရည်လည်း တော်တော်ကောင်းလာတယ်ဆရာ။ ခု ၂ဝ၁၆ မှာ မင်္ဂလာဆောင်ပြီးတော့ အဲ့ဆေးကို ဖြတ်လိုက်ပါတယ်။ ကိုယ်ဝန်ရဖို့အနှောက်အယှက် ဖြစ်မယ်စိုးလို့ပါ။ ပထမ ၂-၃ လ လောက်တော့ ဘာမှမဖြစ်ပါဘူး ။ ခုတလအတွင်းမှာ မျက်နှာမှာ အဲ့အဖုတွေ ပြန်ပြန်ထွက်လာ တယ် ဆရာ။ ရာသီဥတုလည်း ပူတော့ ပိုဆိုးပါတယ်။ တကယ်လို့ဟော်မုန်းကြောင့်ဆို ဆေးမသောက်ပဲနဲ့ တခြားဘာနည်းလမ်းများလုပ်လို့ရပါ့မလဲဆရာ။

၃။ ဆရာရှင့် diane35 ဆေးနဲ့ ပတ်သက်တာလေး သိချင်လို့ပါရှင့်။ သမီးက ရာသီမမှန်လို့ OG ကသောက်ခိုင်းတာပါရှင့်။ အဲ့ဆေးက ကိုယ်ဝန်ဆောင်တွေမသောက်ရဘူးလို့ပြောထားပါတယ်ရှင့်။ အိမ်ထောင်သက် ၄ နှစ်မှာကလေးမရလို့ ဓမ္မတာလည်းမမှန်လို့ သောက်ရပါတယ်ရှင့်။ သမီး သိပ်နားမလည်လို့ရှင်းပြပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Diane-35 ဆေးထဲမှာ Cyproterone acetate 2 mg နဲ့ Ethinyl estradiol 0.035 mg ဆေးတွေရော ပါတယ် ။ Cyproterone ဆေးကို Antiandrogens ကျားဟော်မုန်းဆန့်ကျင်တဲ့ဖြစ်တယ်။ Ethinyl estradiol ဆေးက အီစထိုဂျင်ဟော်မုန်းဖြစ်တယ်။

ဒီဆေးကို ဝက်ခြံပျောက်ဆေးရယ်လို့ပေးတာသက်သက်မဟုတ်ပါ။ Androgenisation ခေါ် ဝက်ခြံများတာ၊ မျက်နှာ အမွေးပေါက်တာ၊ ကိုယ်မွေးများတာစတဲ့ ယောက်ျားဆန်ဆန်ဖြစ်နေတာမျိုးအတွက် ပေးပါတယ်။ အဲလို အမျိုးသမီးတွေအတွက် တားဆေးအဖြစ်လည်းပေးတယ် ။ ပုံမှန်တားဆေးအဖြစ် အမျိုးသမီးတိုင်းသုံး ဘို့တော့ မဟုတ်ပါ ။

အမျိုးသမီးတွေမှာ ဆိုးဝါးတဲ့ဝက်ခြံအတွက်ပေးတယ်။ တနေ့ ဆေး ၁ လုံး၊ ၂၁ ရက် ဆက်တိုက်သောက် ရမယ် ။ ၇ ရက် နားထားရမယ် ။ နေ့တိုင်း ဆေးသောက်ချိန်တူရမယ် ။ ရာသီလတလ သွေးစဆင်းတဲ့ပဌမနေ့ကနေစသောက်ရမယ် ။ ဝက်ခြံတွေသက်သာလာပြီးနောက်လည်း ၃-၄ လ ဆက် သောက်သင့်တယ် ။ ထပ်ပေါက်လာပြန်ရင်ထပ်သောက်ရပါမယ် ။ ကြားရက်သွေးနည်းနည်းစွန်းလည်းဆက်သောက်ပါ ။

ကိုယ်ဝန်ရှိနေရင် ဆေးမသောက်ရပါ။ နို့တိုက်မိခင်အတွက် တိတိကျကျတားထားချက်တော့မရှိပါ။ အကျိုးကပိုရင် သောက်နိုင်တယ်။ Cholestatic jaundice အသားဝါရောဂါရှိဘူးသူမသောက်သင့်ပါ။ အသည်းမကောင်းသူလည်း မသင့်ပါ။ မျက်စိမှာသွေးကြောရောဂါရှိသူ၊ သွေးခဲရောဂါရှိသူ၊ ရင်သား ကင်ဆာရှိသူ ၊ ဆီးချိုဆိုးဆိုးဝါးဝါးရှိသူတွေကို ဆေးမသောက်သင့်ပါ ။ ဆေးကို တားဆေးအဖြစ်မသုံးသင့်ပါ။ မိုင်ဂရင်းရှိသူ၊ သွေးတိုးများသူလည်းသတိထားရမယ် ။

ဘေးထွက်သက်ရောက်မှုများ = ရင်သားနာ၊ အရေပြားမှာ အညိုစက်ဖြစ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လိင်စိတ်ပြောင်း ၊ ပျို့၊ အန်၊ ခြေထောက်ရောင်၊ မောပန်း၊ ကိုယ်အလေးချိန်ပြောင်း။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ