Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ


ဆရာရှင့် ကျွန်မရန်ကုန်ကပါ။ အသက်လေးဆယ်နှစ်။ ကလေးနှစ်ယောက်မိခင်ပါ။ ရင်သားကင်ဆာကြောင့် ဆေးကုသမှုခံယူပြီးပါပြီဆရာ။ ရောဂါဖြစ်ပြီးနောက်ပိုင်းအစားအသောက်အနေမထိုင်ကို ဆင်ခြင်ခဲ့ပါတယ်။ ယခု FB မှာ ဆရာဝန်မကြီးတယောက်ရဲ့ဟောပြောချက်အရ ကင်ဆာဝေသနာရှင်တွေ  ကို ဆန် ဂျုံ မုန့်ဖတ် ခေါက်ဆွဲ အသီးအနှံ ချိုတာတွေ ရှောင်ဖို့ အသိပေးတာတွေ့ရပါတယ်ဆရာ။ စတော်ဗယ်ရီတို့ ဘလူးဗယ်ရီတို့လဲ ဓါတုဆေးတွေကြောင့် ရှောင်ခိုင်းပါတယ် ။ ရောဂါသည် ကျွန်မအနေ နဲ့ ဖြစ်ပြီးနောက်ပိုင်း အစစအရာရာသတိထားနေရတာမို့တကြောင်း မြန်မာပြည်တွင် ဆန်အဓိက စားနေရတော့ အခြားအစားသောက် ဘယ်လိုပြောင်းစားရမလဲမသိဖြစ်နေပါတယ်ဆရာ။ အစားအသောက် အနေအထိုင် နည်းလမ်းကောင်းလေး ညွှန်ပြပေးစေလိုပါတယ်ဆရာရှင့်။ ဆရာကျန်းမာပါစေ။ အမြဲလေးစားလျှက်ပါ။

ဆရာလည်း ရင်သားကင်ဆာစာတွေ အများကြီးရေးထားပါတယ်။ ဆရာကိုးကားတဲ့ ဆေးသုတေသနကို သာ ပြောပါမယ်။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လည်း နားလည်းပါမယ် ။ ဆောရီး။

1. အစာတမျိုးထဲကနေ ကင်ဆာကို နိုင်အောင် မကူနိုင်ပါ။ ဒါကြောင့် ပန်းကန်နဲ့ အပြည့်ဆို သလို ရောပြွမ်း စားသင့်တယ် ။ (ပရိုတင်း) ဓါတ်ဟာ အသီးအနှံကနေရတာက ၃ ပုံ ၂ ပုံ နဲ့ အသားကနေရတဲ့အာဟာရ ၃ ပုံ ၁ ပုံ ပါနေသင့်တယ်။ ဒါမျိုးကို မျှတတယ်လို့ သတ်မှတ်တယ်။

2. အရောင်တွေစုံတာ ကောင်းတယ်။ ကင်ဆာကို (ကာလာ) နဲ့ တိုက်မယ်ဆိုတဲ့ သဘောဘဲ။ အသီးတွေ၊ အရွက်တွေမှာ ကင်ဆာကို ခံတိုက်နိုင်တာတွေ ပါတယ်။ အရောင်စုံတာ စားရင် ခံတိုက်နိုင်တာတွေလဲ များစေမယ်။ တဖက်တလမ်းအနေနဲ့လဲ ကိုယ်အလေးချိန်ကို ထိန်းနိုင်သေးတယ်။ လူက ဝနေတာ ကင်ဆာတွေကို ဖိတ်ခေါ်ရာကျတယ်။ ကိုယ်အလေးချိန် များသူတွေဟာ အူမကြီး ကင်ဆာ၊ အစာမျိုပြွန် ကင်ဆာနဲ့ ကျောက်ကပ် ကင်ဆာတွေ ဖြစ်စေဘို့ လမ်းများတယ်။

3. ကင်ဆာတိုက်စရာ မနက်စာ စားပေးပါ။ ဖေါလိတ် (ဖေါလစ်အက်စစ်) ဟာ အရေးပါတဲ့ ဗီတာမင် ဘီ ၉ ဖြစ်တယ်။ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ နဲ့ အစာဟောင်းအိမ်-ကင်ဆာတွေအတွက် ကောင်းတယ်။ မနက်စာအတွက် အထူးစီမံထားတဲ့ အဆံတွေနဲ့လုပ်ထားတာတွေ နဲ့ ဖြူဆွတ်နေအောင် ချွတ်မထားတဲ့ ဂျုံမှုံ့နဲ့လုပ်ထားတဲ့ အစားအစာတွေထဲမှာ အများကြီး ပါနေတယ် ။ လိမ်မော်ရည်၊ ဖရဲသီး နဲ့ (စထောဘယ်ရီ) တွေထဲမှာလဲ ပါနေတာဘဲ။

4. ဖေါလိတ်များတာ စားပါ။ ကညွတ်နဲ့ ဥတွေထဲမှာလဲ ပါတာဘဲ။ ကြက်သဲ၊ ပဲသီးတွေ၊ နေကြာစေ့ နဲ့ အရွက်စိမ်းတွေ ဥပမာ ဟင်းနုနွယ်နဲ့ ဆလတ်ရွက် တွေထဲလဲ ပါတယ် ။ (ဖေါလစ်အက်စစ်) ဆေး သောက်တာထက် ဒါတွေကို စားလို့ရတာက ပိုကောင်းတယ်။

5. ဆိုင်စာတွေ သတိနဲ့စားပါ။ (ဆင်းဒ်ဝစ်ခ်ျ) နဲ့ (ဟော့-ဒေါ့ခ်) တွေကို တခါတလေစားတာ အန္တရာယ်မပေးပါ ။ ဒါပေမဲ့ အထားခံအောင် စီမံထားတဲ့ အသားတွေနဲ့လုပ်ထားတဲ့ (ဘိုလောင်ဂါ) အီတလီအစာ၊ ဝက်ပေါင်ခြောက် နဲ့ (ဟော့-ဒေါ့ခ်) တွေကိုတော့ အူမကြီး-စအို နဲ့ အစာအိမ် ကင်ဆာတွေအတွက် လျှော့စားတာ ကောင်းတယ် ။

6. ခရမ်းချဉ်းသီးက တပ်သားကောင်းဖြစ်တယ် ။ ခရမ်းချဉ်းသီးတွေ နီရဲနေတာဟာ Lycopene ဓါတ်ကြောင့်ဖြစ်တယ် ။ ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာတွေကို တိုက်ဖျက်ရာမှာ အရေးပါတယ် ။ ပြုပြင်စီမံထားတာတွေဖြစ်တဲ့ ဖျော်ရည် (ဆော့စ်) နဲ့ (ပေ့စ်) တွေကနေလဲ ကူနိုင်မယ်လို့ ယူဆရတယ်။

7. လက်ဖက်ရည်ကြမ်းဟာ ကင်ဆာတိုက်ဖျက်ရာမှာ ကောင်းတယ်လို့ လူပြောများနေတယ် ။ သက်သေပြစရာ သိပ်စုံသေးတာ မဟုတ်ပါ။ ဓါတ်ခွဲခန်းမှာစမ်းတော့ အူးမကြီး၊ အသည်း၊ ရင်သား နဲ့ ဆီးကျိတ်ကင်ဆာ ဆဲလ်တွေကို ပြန့်ပွါးတာ နှေးစေတယ်။ အဆုပ် နဲ့ အရေပြားတွေလဲ အတူတူဘဲ။ ဆီးအိမ် အစာအိမ် နဲ့ သရက်ရွက် ကင်ဆာတွေအတွက်လဲ အတူတူဘဲ ။

8. Grapes စပျစ်သီးလေးတွေလဲ အားကိုးနိုင်တယ်။ Resveratrol ဓါတ်ပါတဲ့ ခရမ်းရောင် နဲ့ အနီရောင် စပျစ်သီးတွေကနေ လုပ်တဲ့ စပျစ်ဖျော်ရည်လဲ ကောင်းတယ်။ ဒီဓါတ်မှာ (အင်တီ-အောက်စီဒင့်) နဲ့ (အင်တီ-အင်ဖလင်မေထရီ) သတ္တိတွေ ပါတယ်။

9. အရက်သေစာ လျှော့သောက်ပါ။ ပါးစပ်၊ လည်ချောင်း၊ လေပြွန်၊ အစာမြိုပြွန် အသည်းကင်ဆာ နဲ့ ရင်သားကင်ဆာ တွေအတွက် ကောင်းတယ်။ အရက်ကနေ အူမကြီး နဲ့ အစာဟောင်းအိမ် ကင်ဆာတွေ ကို ဖြစ်စေနိုင်တယ်။

10. ရေက ဆီးအိမ် ကင်ဆာကိုပါ ကာကွယ်ရာ ကျတယ်။

11. ပဲသီးတွေလဲ အားကြီးတယ်။ ပဲသီးတွေထဲမှာ Phytochemicals ဓါတ်တွေပါနေတာက (ဆဲလ်) တွေ ပျက်စီးတာကို ကာကွယ်မှု ပေးတယ် ။

12. မုံလာအမျိုးမျိုးတွေလဲ ကောင်းတာဘဲ ။ မုံလာစိမ်း၊ မုံလာပွင့်၊ မုံလာထုပ်၊ ကွမ်းသီးဂေါ်ဖီထုပ် အစို့အညှောင့် နဲ့ Kale ကိုက်လန်တွေ အားလုံးဘဲ ။ အူမကြီး၊ ရင်သား၊ အဆုပ် နဲ့ သားအိမ်ဝကင်ဆာတွေ အတွက် ကောင်းတယ်။

13. စိမ်းစိုနေတဲ့အရွက်တွေ စားပေးပါ ။ မုံညင်းရွက်၊ ဆလတ်ရွက်၊ ကိုက်လန်၊ (ချီကိုရီ)၊ ဟင်းနုနွယ် နဲ့ ဆွစ်ဇာလန်အရွက်တွေကိုပြောတာ ဖြစ်တယ်။ (ဖိုင်ဘာ)၊ (ဖေါလိတ်) နဲ့ (ကာရိုတီနွိုက်) ဓါတ်တွေက ကောင်းစေတာဖြစ်တယ်။ ပါးစပ်၊ လည်ချောင်း၊ သရက်ရွက်၊ အဆုပ်၊ အရေပြား နဲ့ အစာအိမ် ကင်ဆာတွေအတွက် ကောင်းစေတယ်။

14. ဝါဝင်းနေတဲ့ နနွင်းထဲမှာပါတဲ့ Curcumin ဓါတ်က ကင်ဆာအတွက် ကောင်းတယ်။

15. ချက်ပြုတ်နည်းတွေလဲ လိုသေးတယ်။ အသားတွေကို အပူချိန်များများမှာ ကြော်တာ ၊ အပူကင်တာ နဲ့ ပြုတ်တာ မကောင်းပါ ။ ပြုတ်ချက်တာ နဲ့ ပေါင်းတာတွေက သက်သာတယ်။ အသားတွေနဲ့အတူ အသီးအရွက်တွေပါ ရောစားဘို့ မမေ့ပါနဲ့ ။

16. (ဘယ်ရီ) သီးလေးတွေချိုပါတယ်။ (စထောဘယ်ရီ)၊ (ရက်စ်ဘယ်ရီ) တွေထဲမှာ Phytochemical (Ellagic acid) ဓါတ်ပါတယ်။ (အင်တီအောက်ဆီဒင့်) သတ္တိရှိတယ်။

17. (ဘယ်ရီ) သီးပြာပြာ ကောင်းပါတယ်။ (ဘလူးဘယ်ရီ) သီးတွေမှာလဲ (အင်တီအောက်ဆီဒင့်) သတ္တိရှိတယ်။ အုတ်စပါး၊ ရောဂတ်၊ ဆလဒ်တွေထဲမှာ ထည့်စားပါ။

18. သကြားပုလင်းလေး လှမ်းလိုက်စမ်းပါ။ သကြားဓါတ်ကနေ ကင်ဆာတော့မဖြစ်စေပါ။ ဒါပေမဲ့ ကင်ဆာတိုက်ဖျက်ရာမှာ ကောင်းတဲ့ အစားအစာတွေကို သူ့ကြောင့် အားနည်းစေတယ်။ (ကလိုရီ) များစေလို့ ကိုယ်အလေးချိန်တက်စေမယ်။

19. ဗီတာမင်တွေက ကောင်းပါတယ်။ ဒါပေမဲ့ ဆေးပြားတွေ၊ ဆေးတောင့်တွေ၊ ထိုးဆေးတွေကို သိပ်အားမကိုးပါနဲ့။ သဘာဝအတိုင်းကနေရမဲ့ အစားအစာတွေ ရွေးစားသင့်တယ်။ အစေ့အဆံတွေ၊ အသီးတွေ နဲ့ စိမ်းစိုနေတဲ့ အရွက်တွေကို စားပေးဘို့ ပြောတာပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ