နွေရောက်ပြီ ရေများများ သောက်ပါ


လေရူးထသည့် နွေဦးလသို့ ရောက်ပြီ။ မြန်မာလ တပို့တွဲလဆန်း ၁ ရက်သို့ ရောက်ရှိပြီးလျှင် ရာသီကူးပြောင်းကာ ပူသောရာသီသို့ ရောက်ရှိတော့မည်။ ဥတု သဘောဆိုလျှင် ဆောင်း အကုန် နွေအကူး ဓာတ်သဘောဖြင့် သက်ဥတုမှ တက်ဥတုသို့ ရောက်တော့မည် ဖြစ်သည်။

ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဓာတ်ကြီး လေးပါးကို အမှီပြုသည့် ဆေးပညာ သဘောအရ တေဇောနှင့် ဝါယော ဦးဆောင်သည့် ရာသီသို့ ရောက်ပြီဖြစ်သည်။ ထိုဓာတ်နှစ်ပါးသည် မီးနှင့်လေတို့ ပမာတူသည်။ မီးလောင်ရာတွင် လေပင့်တင်လျှင် ပို၍ဆိုးတတ်သည်။ မီးကိုနိုင်မည့်၊ ငြိမ်းစေမည့် ဓာတ်မှာ ရေပင်ဖြစ်သည်။ ထို့ကြောင့် ဤရာသီ၏ ဓာတ်စာမှာ ရေပင်ဖြစ်သည်။ နွေရာသီတွင် အပြင်ထွက်သူ၊ ခရီးသွားသူများသည် သွားလေရာတွင် ရေသန့်ဘူး ဆောင်ထားသင့်သည်။

အာပေါဓာတ်(ရေဓာတ်)များသော အသီးအနှံများကို နေ့စဉ်စားသုံးသင့်သည်။ ထမင်းကို ရေမငှဲ့ဘဲ ချက်စားသင့်သည်။ ဟင်းချက်လျှင် ဆီပြန် မချက်သင့်ပါ။ အရည်သောက်ဟင်းက ပို၍သင့်လျော်သည်။ ထမင်းစားပြီးလျှင် ဖရဲသီး၊ သခွားသီး၊ ပန်းသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး များကို ဆက်၍စားသုံးရန် သင့်သောရာသီဖြစ်သည်။

ကျန်းမာရေး စစ်ဆေးလိုလျှင် ဆောင်းဥတုတွင် လက်ဖျား၊ ခြေဖျား၊ ကိုယ်သားကိုယ်ရေ နွေးသူသည် ကျန်းမာသည်။ နွေဥတုတွင် ဆောင်းနှင့်မတူ ကိုယ်သား ကိုယ်ရေ အေးပြီး ချွေးတစိုစို (အသင့်အတင့်) ထွက်နေသူသည် ကျန်းမာသည်။ ကိုယ်သားကိုယ်ရေ ခြောက်သွေ့ပြီး ချွေးမထွက်သူသည် မကျန်းမာသောသူ ဖြစ်သည်။

နွေဥတုတွင် အသားအရေ ခြောက်သွေ့ပြီး ချွေးမထွက်သူများသည် ရေများများသောက်ပြီး ချွေးထွက်စေရန် သင့်တင့်သော အားကစားလေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ် ပြုလုပ်သင့်သည်။ ပြင်းထန်သော လေ့ကျင့်ခန်းကိုမူ မပြုလုပ်သင့်ပေ။ တစ်နေ့လျှင် နာရီဝက်ခန့် အချိန်ပေးပြီး အပြေးလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ထိုင်ထလေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ဖြင့် ချွေးထွက်အောင် ပြုလုပ်ပေးလျှင် ကျန်းမာရေးကို ကောင်းစေနိုင်သည်။ ညအိပ်ရာ ဝင်ချိန်တွင် ပူအိုက်ပြီး ချွေးထွက်များ၍ လန့်နိုးခြင်း၊ အိပ်မက်ဆိုးများ မမက်စေရန် ရေမတ်ခွက် တစ်ခွက်မျှ အိပ်ရာဝင်ခါနီး သောက်သင့်သည်။ အိပ်ရာမှနိုးချိန် မျက်နှာမသစ်မီ ရေတစ်ခွက် သောက်ခြင်းဖြင့် ဝမ်းမှန်ပြီး ကျန်းမာစေနိုင်သည်။ ရေသောက်လျှင် မြေသောက်ရေအိုး၊ ရေတကောင်း၊ ဖန်ချိုင့်တို့မှ ပုံမှန်အေးသော သဘာဝရေကို သောက်ပါ။ ရေခဲရေကို မသောက် သင့်ပါ။ အပူငုပ်ပြီး အာသီးရောင်စေတတ်သည်။ ဥတုကြိုက် အရသာမှာ ''နွေချို၊ မိုးခါး၊ ဆောင်းချဉ်'' ဟု အာယုဗ္ဗေဒ ဆေးကျမ်းများ အဆိုရှိသဖြင့် အချိုများများ စားသင့်သော ဥတုဖြစ်သည်။ (ဆီးချိုရောဂါ ရှိသူများက လွဲ၍) ထန်းလျက်၊ သကြား၊ ကြံသကာတို့ဖြင့် ပြုလုပ်သော မုန့်များ၊ ရိုးရာ အစားအစာများကို စားသင့်သည်။ လိမ္မော်သီး၊ ကမ္ဗလာသီး၊ မင်းကွတ်သီး၊ ကျွဲကောသီး၊ နဂါးမောက်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီးစသည့် ချိုပြီး အရည်ရွှမ်းသော သစ်သီးများကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ် အတွင်း ရေဓာတ်ကို ဖြည့်တင်းကာ ကျန်းမာအောင် နေထိုင်စားသောက် သင့်ကြောင်း တင်ပြအပ်ပါသည်။


မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ