လူသားတို့အား အကျိုးပြုဆေးဖက်ဝင်သည့် ရှားစောင်းလက်ပပ်(ခေါ်)တစောင်းလက်ပပ်ပင်


ရှားစောင်းလက်ပပ် (တစောင်းလက်ပပ်)လို့ခေါ်ဆိုသော အပင်သည် အခြားသော အပင်များနဲ့မတူ လူတို့၏
ခန္ဓာကိုယ် ကျန်းမာရေးနှင့် အာဟာရဓာတ်ပြည့်ဝစေရန် ကြီးမားစွာအထောက်အကူပေးပါသည်။ ကျန်းမာရေးနှင့် ခွန်အား တိုးတက်စေရေးကို ပြိုင်ဖက်ကင်းစွာ ဖြည့်စည်းပေးနေပါသည်။

ရှေးနှစ်ထောင်ပေါင်း များစွာကတည်းက လူသားတို့သည် အသက်ရှည်ကျန်းမာခြင်းနှင့် အရွယ်တင် နုပျိုစေ
သော သင်္ကေတအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သက်ဝင် ယုံကြည်ခဲ့ကြသည့် ဆေးဖက်ဝင် အပင်ဖြစ်ကြောင်း လေ့လာ သိရှိရသည် ။

ရှားစောင်းလက်ပပ်သည် အကြီး၊ အငယ်နှင့် ရှားစောင်းလက်ပပ် (အနီ) ဟူ၍ သုံးမျိုးရှိသည်။ ရှားစောင်းလက်ပပ် (အကြီး)မှာ ချို၏။ အေး၏။ ဓာတ်များကို ပြုပြင် တတ်၍ ခြင်ဆီဓာတ်ပွားမျာစေ၏။ ဝဖြိုးစေ၏။ ကာမ ကို တိုးပွားစေ၏။ အဆိပ်များကို ပယ်ရှင်းစေ၏။ မျက်စိရောဂါ၊ အနာ၊ အဖျဉ်းရောဂါ၊ အသည်းရောဂါ ၊ချောင်းဆိုးရောဂါ ၊ ရေယုန်ရောဂါ ၊ အရေပြားရောဂါ ၊ ပန်းနာရောဂါ၊ ဆီးရောဂါနှင့် ကျောက်တည်သော ရောဂါများကိုကာကွယ်နိုင်သော ဆေးပင်ဖြစ်သည်။ ရေဖျဉ်းရောဂါဖြစ်ပါက ရှားစောင်းလက်ပပ်(အကြီး) အတွင်းသား အနှစ်အား လက်ချား မီးဖောက်အမှုန့် အနည်းငယ်ဖြူး၍ စားပါက ရေဖျဉ်းရောဂါသက်သာပျောက်ကင်း၏ ။ ရှားစောင်းလက်ပပ်(အကြီး) အတွင်းသားကို ခပ်ပျစ်ပျစ်ကျို၍ အနာပေါ်သို့ အုံကပ်ပေးပါက အနာနုလျှင်ပိန်၊ ရင့်လျှင် ပြည်ပေါက်၍ ပျောက်ကင်း
စေသည်။ လေရောဂါ၊ လေပူလုံး ရှိသူများ ရှားစောင်းလက် ပပ် (အကြီး)၏ အဆီခေါ်အတွင်း သား ခြောက်ပဲ၊ ထောပတ်ခြောက်ပဲ၊ ကြစုအမှုန့် တစ်ပဲနှင့် သိန္ဓောဆားတစ်ပဲသားတို့ကိုရောစပ်၍ စားပါက လေရောဂါပျောက်၏ ။ ရှားစောင်းလက်ပပ်အနှစ်ကို ဆန်ဆေးရည်တွင် တစ်နာရီခန့် စိမ်ပါ။ စိမ်ပြီး အနှစ်ငါးကျပ်သားကို သကြားအနည်းငယ်နှင့် အရည်ထွက်အောင် ခေါက်၍ သောက်ပါက နွေရာသီတွင် အဖြစ်များသည့် ဆီးပူ၊ ဆီးအောင့်ရောဂါ ပျောက်ကင်းစေသည်ဟု ဆေးကျမ်းများတွင် ရေးသားထားသည်ကို မှတ်သားမိပါသည်။

ကမ္ဘာ့တိုက်ကြီးများတွင် ယဉ်ကျေးမှုနှင့် ဘာသာရေးများ အမျိုးမျိုး ကွဲပြားနေလင့်ကစား လူသားများကို အကျိုးပြုသော ရှားစောင်းလက်ပပ်ပင် (Aloe Vera)အလိုးဘယ်ရာကို အမြတ်တနိုး တန်ဖိုးထားကာ အမည်အမျိုးမျိုးပေးခဲ့ကြပါသည် ။ အာဖရိကတိုက်ကြီးတွင် သဲကန္တာရမှာ ပွင့်လန်းတဲ့ ကြာပန်းဟူ၍ လည်းကောင်း အမေရိကန်ရက်အင်ဒီယန်းလူမျိုးများက မိုးကောင်းကင်ကြီးမှ ပဉ္စလက်ဟူ၍ လည်းကောင်း မာယာလူမျိုးများက ထာဝစဉ်နုပျိုစေသော နတ်ရေကန်ဟူ၍ တင်စားထားသည်မှာ အလွန် ထူးဆန်းအံ့သြဖွယ်ကောင်းအောင် အစွမ်းသတ္တိရှိကြောင်းကို ယုံကြည်ကြခြင်းကြောင့်လည်း ထိုကဲ့သို့ အမွန်းတင်ကြကြောင်း ဆူမားရီးယန်းလူမျိုးများက ဘုရားများပေးသော လက်ဆောင်၊ အီဂျစ်လူမျိုးများက ရှားစောင်းလက်ပပ်ကို ဘုရားသခင်များရဲ့ အသွေးတော်ဟု တင်းစားခဲ့ကြသည်ဟု သိရပါသည်။

ရှေးနှစ်ပေါင်း ၆ဝဝဝ ကျော် ကာလကတည်း က အီဂျစ်ဘုရင်မ နီဖာတိတိ (Nefertiti) နှင့် ကလီယိုပါထရာ (Cleopatra) တို့က ခန္ဓာကိုယ်အလှနှင့် ကျန်းမာအသက်ရှည်စေရန်အတွက် ရှားစောင်းလက်ပပ်ကို အသုံးပြုခဲ့ကြောင်း ရှေးခေတ်ဂူဘုရားကျောင်းနံရံများတွင် ပန်းချီရေးဆွဲမှတ်တမ်းတင်ထားခဲ့ကြောင်း အထောက်အထားများတွေ့ရှိခဲ့ရသည်ဟု လေ့လာသိရှိရသည် ။

ယခုအခါ ရှားစောင်းလက်ပပ်ကို မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ခေတ်မီစက်ကြီးများဖြင့် ကျန်းမာရေး
အတွက်ဆေးဖော်စပ်၍ တော်တော်များများ အသုံးများလာကြသည် ။ ထို့အပြင် ခန္ဓာကိုယ် အသားအရေကို ကာကွယ်ရန် လိုးရှင်းနှင့် ခရမ်များတွင်လည်း ရှားစောင်းလက်ပပ်ကို အဓိက အသားအရေ ကို ရေ ဓာတ်ဖြည့်ပေး ရန်နှင့် နေလောင်ဒဏ်များကို ကာကွယ်ပေးနိုင်ရန် ပါဝင်အသုံးပြုလာကြသည် ။ ခေတ်နှင့် အညီ ထုတ်လုပ်သော အစားအစာများ၊ အချိုရည်များအဖြစ်လည်း သောက်သုံးလာကြသည် ။ စာတမ်းများတွင် ဖော်ပြထား သည်မှာ အသားအရေကို အာဟာရအဓိက ဖြည့်ပေးပါတယ် ။ ရှားစောင်း လက်ပပ်က အချွဲတွေကို မျက်နှာလိမ်းပေးခြင်းဖြင့် အသားအရေကို ပိုမိုချော့မွေ့စေနိုင်ပါတယ်ဟု ကြော်
ငြာများ၌ ထည့်သွင်းအသုံးပြုကြသည်။

ရှားစောင်းလက်ပပ်ရဲ့ ဗီတာမင်နဲ့ သတ္တုများစွာ ပါဝင်သောကြောင့် ရရှိသည့် ကျန်းမာရေးအကျိုးကျေးဇူး
များမှာဆိုလျှင် ခုခံအားကျဆင်းမှုကို ကာကွယ်ပေးခြင်း၊ နေလောင်ဒဏ်ကြောင့် အသားလောင်ခြင်းကို သက်
သာပျောက်ကင်းစေခြင်း၊ ရောင်ရမ်းခြင်းကို သက်သာစေခြင်း၊ ခန္ဓာကိုယ် ယားယံစေသည့် အကောင်များ ကိုက် ခြင်းတို့ ကြောင့် ရောင်ရမ်းတာများကိုလည်း ရှားစောင်းလက်ပပ်၏ အလယ်မှရရှိသောအချွဲကို လိမ်းပေးခြင်းဖြင့်လည်း သက်သာစေနိုင်ခြင်းနှင့် ရှားစောင်းလက်ပပ်မှ ရေဓာတ်ကို သိုလှောင် ထားရှိနိုင်ခြင်းကြောင့် မိုးနည်းဒေသများတွင် စိုက်ပျိုးရှင်သန်နေနိုင်ပါသည်။

ဒါကြောင့် နေရာကျဉ်းမြောင်းပါက ရှားစောင်းလက်ပပ်အပင်ကို အလှဆင်သည့် ပန်းအိုးများ၌လည်း စိုက်ပျိုးအသုံးပြုနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ