အသက် ၄ဝ ကျော်သူများတွင် အဖြစ်များသော ခေါင်းချွေးထွက်ရောဂါ


အနောက်တိုင်းဆေးပညာအယူအဆ အသက် ၄ဝ ကျော် သူတို့၌ အဖြစ်နှင့်အပျက်တွင် cells ခေါ် ကလာပ်စည်းများ ပျက်စီးမှု၌ တစ်နေ့လျှင်ဆဲလ်တစ်သန်းကျော်သေသည် ဟုဆိုသည် (ဆရာကြီး သိပ္ပံမှူးတင်၏ ကျန်းမာရေး ဟောပြော ချက်တစ်ခုတွင် ကြားသိရခြင်းဖြစ်ပါသည်)။ ထို့ကြောင့်ပင် အသက် ၄ဝ ကျော်လျှင် ငယ်ရုပ်ပျောက်ပြီး ကြီးရုပ်ပေါက်လာ သည်ဟု ရှေးလူကြီးများဆိုကြခြင်းဖြစ်သည်။
ဗုဒ္ဓဒေသနာအခြေခံသော မြန်မာ့ဆေးပညာတွင်ကား ခန္ဓာကိုယ်ကို ပဉ္စဘုတ်ခေါ် ဘုတ်ငါးပါးဖြင့် တည်ဆောက်ထား ကာ ကျန်းမာနေသည့်အရွယ်တွင် ထိုငါးပါးတို့ညီညွတ်နေပြီး၊ ဒုတိယအရွယ် ဝင်သည်နှင့် ဖောက်ပြန်ခြင်းများ စတင်ဖြစ်ပေါ် လာသည်။ ပထဝီဓာတ်ပျက်လာသဖြင့် အသား အရည်လျော့ ကျ ခြင်း ၊ တွန့်ခြင်း၊ ကျုံ့ခြင်းတို့ဖြစ်လာသည်။ ထိုတွန့်သည့် ကျုံ့သည့်နေရာတွင် အာပေါဓာတ်က တိုးပြီး ဝင်ရောက်လာ သဖြင့် ဝမ်းဗိုက်ကဲ့သို့သောနေရာများတွင် ဖောင်းကားခြင်းဖြစ် လာသည်။

ဗိုက်ဖောင်းလာခြင်း၊ ဂုတ်ပိုးဖောင်းလာခြင်းတို့သည် ပထဝီပျက်သည့်နေရာတွင် အာပေါဓာတ်နှင့် ဝါယော ဓာတ်တို့ တိုးဝင်ပြီး နေရာယူလာခြင်းဖြစ်သည်။ အာပေါလွန်လျှင် အာကာသပျက်သည် ဟူသော အယူ အဆရှိသည်။ အာကာသရစေသည့် (အခိုးထွက်စေမည့်)အပေါက်ကို အရည်နှင့် အဆီဓါတ်က ပိတ်လိုက်ခြင်းဖြစ်သည် ။ ထိုအခါ အရေပြားတွင်ရှိသော မွေးညှင်းပေါက်များမှ ထွက်ရ မည့်အခိုးတို့သည် အထက်သို့တက်သွားသည်။ မွေးစဉ်က ပါလာခဲ့သော ငယ်ထိပ်ပေါက်သည် အာကာသထွက်လမ်းဖြစ် သည်။ ဆံပင်အစ လည်ဂုတ်ပိုင်းနှင့် ငယ်ထိပ်တစ်ဝိုက်ဆံပင်များ ကြား ဦးရေပြားမှချွေးများ ထွက် လာတော့သည် ။

လူအများကို လေ့လာကြည့်သောအခါ အသက် ၄ဝ မတိုင်မီက လှုပ်ရှားသွားလာလျှင် တစ်ကိုယ် လုံး ချွေးအညီ အမျှ ထွက်လေ့ ရှိသော်လည်း အသက် ၄ဝ ကျော် ၅ဝ တွင်းရောက် လာသော အခါ ချွေးထွက် မညီတော့ပေ ။ အောက်ပိုင်းချွေးထက် အထက်ပိုင်းချွေးက ပိုများလာသည်။ အထက်ဆန်ခြင်းများလာ သည့်အခါ အလိုအလျောက် သွေးတိုးရောဂါဝင်လာတော့သည်။ အခန့်မသင့်လျှင် မသိလိုက်ပဲ ဆီးချိုရောဂါပါဝင်လာသည်။

တစ်ခါတစ်ရံတွင်လည်း ချွေးထွက်မညီခြင်းသည် အသက် အရွယ်ကြောင့်မဟုတ်ပဲ အနေအထိုင်ပြောင်းလဲ မှုကြောင့် လည်း ဖြစ်တတ်သည် ။ ဥပမာ-တစ်ခုတင်ပြရလျှင် စာရေးသူ မိတ်ဆွေ တစ်ဦး ၏ ခေါင်းချွေးပြန်ရောဂါ အကြောင်း ပြောလိုပါ သည် ။ ထိုမိတ်ဆွေသည် အလုပ်ကိုကြိုးစားလုပ်ကိုင် ရာမှ အောင်မြင်လာသူဖြစ်သည်။ အောင်မြင်လာသည့်အခါမှ သူ့တွင် ရောဂါအချို့ဝင်ရောက်လာသည်။ လူဝလာသည့်နေ့တွင် ဂုတ်ချွေးထွက်သည်။ ချွေးမညီ။ ညအိပ်ပျော်လျှင် ခေါင်းချွေး များ ရွှဲနေအောင် ထွက်သည်။ တစ်ခါတစ်ရံ ကိုယ့်ချွေးနှင့်ကိုယ် အအေးပတ်ပြီး နံနက်ထလျှင် နှာစေးပြီး ခေါင်းအုံနေတော့ သည်။ သူ၏ဖြစ်ပုံကို ဆန်းစစ်ကြည့်သောအခါ အသက် ၄ဝ မကျော်မီက သူ့ဘဝမှာခက်ခဲ သည့် နေ့စဉ် သွားလာလှုပ်ရှား ရုန်းကန်ရသည် ။ နေအိမ်မှအလုပ်ရှိရာသို့ အတော်ဝေးဝေးလမ်း လျှောက် တစ်လှည့်၊ ဘတ်(စ်)ကားစီးတစ်လှည့် သွားရသည်။ အလုပ်ရှိရာတိုက်မှာလည်း လေးထပ်သို့ လှေခါးထစ်များစွာကို တက်ခြင်း၊ ဆင်းခြင်းနေ့စဉ်အကြိမ်များစွာပြုလုပ်ရသည်။ သို့သော် ထိုစဉ်အခါက (ပြန်တွေးကြည့်လျှင်) သူ့ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းခဲ့သည်။

သူအောင်မြင်နေသည့် အချိန်ကျမှ ကျန်းမာရေးက ဖောက်လာသည်။ ဘာကြောင့် ဤသို့ဖြစ်ရသည်ကို ဆန်းစစ်မိ သည်။ အလုပ်တွေအောင်မြင်၊ စီးပွားရေး ကောင်းလာသောအခါ ခရီးဝေးလမ်းမလျှောက်ရတော့။ သူ့အိမ်နှင့်နီးသော နေရာ တွင်ပင် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းဝယ်နိုင်သည်။ လှေခါးထစ် များစွာ နေ့စဉ် အတက်အဆင်း မလုပ်ရတော့ ။ ဓာတ်လှေခါးဖြင့် အဆင်သင့်ခလုတ်နှိပ်ကာ ရပ်နေလိုက်ရုံဖြင့် လိုရာ အထပ်သို့ ရောက်နိုင်သည်။ ပူအိုက်ခြင်းဒဏ်ကြောင့် ချွေးပြန်ပြီး နေရသောဘဝ၊ ချွေးတစ်လုံးလုံးဖြင့် အလုပ်ရှုပ်သောဘဝမှ ကင်းဝေးအောင် အဲယားကွန်းအပြည့်ဖွင့်ထားသည့် ကွန်ဒို တိုက်ခန်း ကြီးဖြင့် နေနိုင် ပြီ ။ သို့သော် တစ်နှစ်ကျော်လာသောအခါ ကျန်းမာရေး အတွက် အဆင်မပြေခြင်းများဖြစ်လာသည်။ လူပိုဝလာသည်။ ဂုတ်ပိုးအဆီတက်လာသည်။ အကြောတက် ညောင်းကိုက်ခြင်း များလာသည်။ ဝမ်းဗိုက်စူလာသည်။ အောက်ပိုင်းချွေးမထွက်။ လည်ဂုတ်ချွေး၊ ခေါင်းချွေးများ ထွက်လာသည်။ ပို၍ ဆိုးသည်မှာ ညအိပ်ပျော်လျှင် ခေါင်းချွေးများထွက်ပြီး အအေးပတ်ခြင်းပင် ဖြစ်သည်။ သူ့မှာ နေထိုင် မကောင်းတော့မှ ဆင်ခြင်လာမိသည်။ ချမ်းသာခြင်းသည် လူတိုင်းမက်မောသော လာဘ်ကြီးတစ်ပါး ဟုဆိုလျှင် ကျန်းမာခြင်းသည် ထို့ထက်ပိုပြီးကြီးမားသော လာဘ်ကြီးဖြစ် မည်ဟုထင်ပါသည်။ ချမ်းသာခြင်းကြောင့် ကျန်းမာခြင်းပျောက်သွားလျှင် ထိုချမ်းသာခြင်းသည် လာဘ်ကြီးမဟုတ်နိုင်တော့ချေ။
ထိုမိတ်ဆွေ၏ ခေါင်းချွေးထွက်ရောဂါမှာ ယခုအခါ ပျောက်ကင်း သွားပြီဖြစ်သည် ။ ပျောက်ကင်းပုံမှာ သူလည်း ခေတ်ပညာတတ်တစ်ဦးဖြစ်သဖြင့် ကျန်းမာရေးဆိုင်ရာ စာအုပ်များဝယ်ဖတ်သည်။ လေ့လာသည်။ ခန္ဓာကိုယ်အတွင်း အပူအအေး မညီမျှ၍ ဖောက်ပြန်မှုများအကြောင်းကို လေ့လာ ရင်း မြန်မာဆေး ဆရာကြီး တစ်ဦးနှင့် တွေ့ဆုံရသည် ။ ထိုဆရာ ကြီး၏ အကြံပြုချက်များကို လိုက်နာသည်။

ခေါင်းချွေးပြန်ရောဂါအတွက် အရေးကြီးအချက်မှာ ခန္ဓာကိုယ်တစ်ခုလုံးအညီအမျှ ချွေးထွက်ဖို့လိုသည်။ လမ်းများ များလျှောက်ဖို့လည်းလိုသည်။ လမ်းလျှောက်ရာတွင်လည်း လေကောင်းလေသန့်ရသည့်နေရာတွင် လျှောက်ဖို့လိုသည်။ ရန်ကုန်မြို့ကြီးတွင် ထို့ကဲ့သို့နေရာမှာ အလွန်ရှားသည်။ ကန်တော်ကြီးစောင်းတွင် နေ့စဉ်သွားလျှောက်ရန်လည်း အချိန် မပေးနိုင်ခဲ့။
ထို့ကြောင့် သူသည် အားကစားပစ္စည်းများရောင်းသည့် ဆိုင်သို့သွားပြီး တိုက်ပေါ်မှာပင် ကစားနိုင်သည့် ကိရိယာများကို လေ့လာသည်။ နောက်ဆုံးတွင် လမ်းလျှောက်၊ အပြေးလေ့ကျင့် သည့် စက်တစ်လုံး ကို ငွေကျပ်နှစ်သိန်းကျော်ပေးပြီး ဝယ်လိုက် သည် ။ လမ်းလျှောက်လျှင်လည်းရ၊ အပြေးလေ့ကျင့်လျှင် လည်းရ ၊ လျှောက်သည့်နှုန်းသာမက လျှောက်နိုင်သည့်အကွာအဝေး ကိုပါပြနိုင်သည့် ထိုစက်၏ အကျိုးကျေးဇူးကြောင့် အဆင်ပြေ သည် ။ ညနေရုံးဆင်းချိန် ဝန်ထမ်းများပြန်သွားသည်နှင့်သူ အလုပ် စတော့သည် ။ ပထမတော့ နာရီဝက်၊ နောက်တွင် တစ်နာရီအထိရလာပြီး ချွေးဖြိုင်ဖြိုင်ထွက်ပြီးမှသာ အနား ယူကာ ရေအေးတစ်ခွက်သောက်လိုက်သည်။ ထို့နောက် ရေချိုးခန်းအတွင်းဝင်ပြီး ရေချိုးသည်။ အားရပါး ရ ခေါင်းမှလောင်းချိုးသည် ။ ထိုလေ့ကျင့်ခန်းသည်အဆင်ပြေပြီး စားကောင်းသောက် ကောင်း သည့်အပြင် ညအိပ်ပျော်သော အခါ သူဖြစ်နေကျ ခေါင်းချွေးထွက်ခြင်းသည်လည်း သိသိ သာသာလျော့ကျ ပျောက်ကင်း သွားခဲ့သည်။

 သို့သော် ခေါင်းချွေးပြန်ခြင်းသည် ရပ်တန့်သွားပြီးမှ တစ်ကျော့ပြန်ထွက် ခဲ့သေးသည် ။ ဖြစ်ပုံ မှာ ဆောင်း တွင်း ရောက်လာသည် ။ ကစားစဉ်မှာတော့ ချွေးထွက်သော်လည်း ရေချိုးလျှင်အေး စိမ့်လာသည် ။ တစ်ရက်တွင် အအေးပတ်၍ ဖျားချင်သလိုဖြစ်လာသဖြင့် တိုက်ခန်းအောက်မှ နီးစပ်ရာ ဆေးခန်းတွင်ပြသည် ။ ဆေးနှစ်ရက်ထိုးရသည် ။ အသက် ၅ဝ ဝန်းကျင်တွင် လေဖြတ်သူများသဖြင့် ဆရာဝန်က ညနေဘက် ခေါင်းမှ ရေလောင်းမချိုးရန် မှာလိုက်သည် ။
နေကောင်းပြီးသည့်နောက်ပိုင်း ညနေရုံးဆင်းချိန်တွင် ပုံမှန်အတိုင်းချွေးထွက်မည့် ပြေး၊ လျှောက် အားကစားနည်းကို ပြန်လုပ်ခဲ့သည်။ သို့သော် ဆရာဝန်မှာကြားသည့် စကားရှိ သဖြင့် ရေချိုးသောအခါ ကိုယ်လုံးသာချိုးပြီး ခေါင်းမှလောင်း မချိုးတော့။ သတိထားမိသမျှ ခေါင်းမှရေလောင်း ချိုးသည့်ရက် များတွင် ညအိပ်သောအခါ လည်ပင်းနှင့်ဂုတ်ဆက်များတွင် ချွေးပြန်ထွက်လာသည်။ တစ်ခါတစ်ရံခေါင်းမှာချွေးထွက် လာသည်။ ခေါင်းချွေးထွက်ရောဂါ ပြန်စလာပြီလားဟု ဆင်ခြင်မိသည်။

သူသည် ကိုယ်တွင်းမှ ငုတ်နေသောအခိုးအငွေ့နှင့် အပုပ် ဓာတ်များသည် ချွေးအဖြစ်ထွက်ပြီးနောက် ဦးခေါင်းငယ်ထိပ် ပေါက်မှလည်း ထွက်လေ့ရှိသည်။ ဦးခေါင်းငယ်ထိပ်တွင် ချေးညှော်နှင့်အသစ်လဲမည့် အရေပြားပေါ်မှ ပိတ်ဆို့နေသော အရေပြားဟောင်းများရှိနေလျှင် အခိုးမထွက်ဆိုသည်ကို သတိရမိသည်။ မိမိက ဆောင်းတွင်းဖြစ်၍သာ လေဖြတ်မည်စိုး၍ ခေါင်းမှရေလောင်းမချိုးခြင်းဖြစ်သည်။
သို့သော် ခေါင်းမကြည်သဖြင့် စိတ်ထဲက ချိုးချင်နေသည် ။ ခေါင်းလျှော်ရေချိုးလိုက်လျှင် ပေါ့သွားမည် ထင်မိ သည် ။ ထို့ကြောင့် တစ်နေ့တွင် အေးနေသည့် ကြားမှပင် အားကစား လုပ်ပြီး သည့်နောက် ခေါင်းလျှော်ရေ ချိုး လုပ်ပစ် လိုက်သည် ။ ထူးခြားစွာပင် ခေါင်းလျှော်ရေချိုးသည့်နေ့တွင် ည အိပ်သော အခါ ခေါင်းချွေး၊ လည်ဂုတ်ချွေးများ ထွက်လာသည်ကို တွေ့ရ သည်။
လူ၏ခန္ဓာကိုယ်သည် အပူအအေးတို့၏ တိုက်ပွဲဖြစ်ရာ စစ်တလင်းပြင်ကြီးသဖွယ်ဖြစ်နေသည်။ အနိုင်အရှုံးသည် နေ့စဉ် ရှိနေသည်။ ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းကိုပင် အပူခြမ်းနှင့် အအေးခြမ်းဟူ၍ ရှေးနှစ်တစ်ရာကျော်ကပေါ်သော ဒေသနာနယဆေးပညာတွင် ခွဲခြားထားသည်။ ဘယ်ခြမ်းတင်း လျှင် အပူနာ၊ ညာခြမ်းတင်းလျှင် အအေးနာ စသည်ဖြင့် တောင် သာခြောက် လုံးကောက်ဆေး ပညာကလည်း ဆိုပြန် သည် ။ မြန်မာ့ဆေးပညာက အယူသည်းမှုမရှိ၊ သိပ္ပံနည်း ကျသည်ဆိုသော အနောက်တိုင်းဆေးပညာတွင်လည်း လူ့ခန္ဓာကိုယ်၏ ညာဘက်အခြမ်းနှင့် ဘယ်ဘက်အခြမ်းသည် မတူဟုဆိုသည်။ နှလုံးသည် ဘယ်ဘက်အခြမ်းတွင်ရှိသဖြင့် အဆုတ်သည် နှလုံး ကိုနေရာပေးရင်း ဘယ်ဘက်တွင် အားနည်း သွားရသည်။ ထို့ကြောင့် အသက်ရှူသံကို နားကြပ်ဖြင့် နား ထောင်လျှင် ညာဘက်ရင်အုံတွင် နားထောင် ပြီး၊ နှလုံးခုန်သံကို နားထောင်လျှင် ဘယ်ဘက်ရင်အုံမှ နားထောင်သည်ဟု ရှေးခေတ်ဆေးပညာတွင် ဖတ်ရှုရသည်။
ပြင်သစ်နိုင်ငံသည် လူ့ခန္ဓာကိုယ်ရုပ်ကြွပန်းချီ၊ ပန်းပုများ ထုလုပ်ရေးဆွဲရာတွင် အလွန်တော်သော ပညာရှင်များ ထွက်သည့်နိုင်ငံဖြစ်ည်။ ထိုပန်းချီပညာရှင်များသည် ဆရာဝန် မဟုတ်သော်လည်း လူ၏ခန္ဓာဗေဒကို အသေး စိတ်လေ့လာပြီးမှ ရေးဆွဲသည်ဟု ဆိုသည် ။ ပြင်သစ်ပန်းချီပညာရှင်တစ်ဦး၏ ထုတ်ဖော်တွေ့ရှိချက်အရ မိန်းမများ၏ရင်သားကိုရေးဆွဲသော အခါ ဘယ်ဘက်ရင်သားကို ညာဘက် ရင်သားထက် အနည်း ငယ်ပို၍ ကြီးပြီးရေးဆွဲရသည်ဟုဆိုသည်။

ခန္ဓာကိုယ်အတွင်း လှည့်လည်သွားလာနေသောဓာတ် များရှိသလို ငုပ်လျှိုးနေသောဓာတ်များလည်းရှိသည်။ ငုပ်လျှိုး နေသောဓာတ်များကို ဆွမထုတ်နိုင်လျှင် တစ်နေ့တွင် အပုပ် ဓာတ်ဖြစ်သွားကာ လူကိုပြန် ဒုက္ခပေးတတ်သည် ။ အပုပ်အခိုး တို့၏ အဓိကထွက်ပေါက်မှာ ဦးခေါင်းပိုင်းရှိ ဒွါရပေါက်များ ဖြစ်သော ပါးစပ်၊ မျက်စိ၊ နားနှင့် သိသိသာသာ ထင်ရှားစွာ မမြင်ရသော ငယ်ထိပ်ပေါက်တို့ ဖြစ်လေသည်။ ခေါင်းချွေး ထွက်ခြင်းသည် ကိုယ်တွင်းမှအပုပ် အခိုးများ ငယ်ထိပ်အထိ တက်သွားပြီး ထွက်ပေါက်ရှာခြင်းပင်ဖြစ် သည် ။ အသက် ၄ဝ ကျော်၊ ၅ဝ ကျော်များတွင် ကြုံတွေ့ရသော ဤရောဂါကို ပေါ့ပေါ့တန်တန် သဘော မထားပဲ ပျောက်ကင်းအောင် သတိထားကုသသင့်ပေသည်။
အသက် ၄ဝ ကျော်လာပြီးနောက် ခေါင်းချွေးထွက်သူ များနှင့် ညအိပ်ရာဝင်ချိန်တွင် ခေါင်းချွေး၊ လည်ဂုတ်ချွေး ထွက်သူများအတွက် အကြံပေးလိုသည်မှာ . . .
(၁) အပုပ်စာ၊ တက်စာများကို ရှောင်ကြဉ်ပါ။
(ငံပြာရည်၊ ငါးပိကောင်၊ အနီရောင်အသားများ၊ ရက်လွန် အစားအစာများ၊ လက်လုပ်ချဉ်များ၊ ယမ်းစိမ်းနှင့် ရက်ကြာ ခံဆေးသုံးထားသည့် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ငါးအူ ချောင်း စသည်များ . . . )
(၂) နေ့စဉ် လမ်းလျှောက်ခြင်း သို့မဟုတ် အားကစား ပြုလုပ်ခြင်းဖြင့် ကြွက်သားများလျော့အောင်လုပ်ပါ။
(၃) ခေါင်းချွေးအထွက်များလျှင် ညနေပိုင်းနှင့် ညစာ မစားမီလေ့ကျင့်ခန်းဖြင့် ချွေးထွက်အောင်ပြုလုပ်ပါ။
(၄) ချွေးထွက်အောင်ကစားပြီးလျှင် ရေချိုးပါ။ (အေးလျှင် ရေနွေးစပ်ချိုးပါ)
(၅) ရေချိုးလျှင် ငယ်ထိပ်မှ အခိုးထွက်စေရန် ရေကို ခေါင်းလောင်းချိုးပါ။ ငယ်ထိပ်အခိုးပွင့်အောင်၊ ချေးညှော်ကင်း အောင် ခေါင်းလျှော်ရည်သုံးသင့်လျှင်သုံးပါ။
(၆) ညအိပ်ရာဝင်လျှင် ရေမတ်ခွက်တစ်ခွက်သောက်ပါ။ ဆောင်းရာသီတွင် ရေနွေးကျိုပြီးမှ အအေးခံထားသော ရေကျက်အေးသောက်လျှင် ပိုကောင်းပါသည်။

ကြည်လွင်မြင့်(မုဒြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ