ဆီးချိုရောဂါနှင့်ဆက်နွယ်သော မျက်စိထိခိုက်ခြင်း


ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအဖြစ် မျက်စိရဲ့အမြင်လွှာထိခိုက်ခြင်းဟာ ဆီးချိုဝေဒနာရှင်တွေ အမှတ် တမဲ့ မေ့လျော့နေတတ်တဲ့ ရောဂါနောက်ဆက်တွဲ ဆိုးကျိုးတစ်ခုပါပဲ ။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏ ဖြစ်အောင် မထိန်းချုပ်နိုင်ခြင်းက မျက်စိဝေဝါးခြင်းကနေစပြီး အမြင်အာရုံလုံးဝ ဆုံးရှုံးတဲ့ အထိ ဖြစ်စေနိုင်ပါတယ် ။ ဆီးချိုဝေဒနာရှင် တွေဟာ မျက်စိမှာ ရေတိမ်ဖြစ်ပွားခြင်း (Glaucoma) ၊ အတွင်းတိမ်ဖြစ်ပွားခြင်း (Cataract) ကို သာမန်လူတွေထက် ဖြစ်နိုင်ချေနှစ်ဆ ရှိပါတယ်။

မျက်စိမြင်လွှာမှာရှိတဲ့ သွေးကြောလေးများထိခိုက်ခြင်း (Diabetic Retinopathy) ဆိုတာကတော့ မျက်စိရဲ့မြင်လွှာ (Retina) မှာရှိတဲ့ သွေးကြောလေးတွေဟာ ဖောင်းလာပါတယ် ။ ဆက်လက်ပြီးတော့ အမြင်လွှာကို အာဟာရပြုနေတဲ့ သွေးကြောငယ်လေးတွေကို ပိတ်ဆို့လိုက်ပါတယ် ။ အဲဒီအခါမှာ အမြင်လွှာဟာခန္ဓာကိုယ် ကနေ သွေးကြောလေးတွေ အသစ်ဖန်တီးပေးဖို့ လှုံဆော်ပါတယ် ။ အဲဒီလိုအသစ်ဖြစ်ပေါ်လာရတဲ့ သွေးကြောလေးတွေရဲ့ နံရံဟာ ပါးလွန်းတာကြောင့် ပေါက်ပြဲ လွယ်လာပါတယ် ။ ပေါက်ပြဲတဲ့အခါ သွေးယိုစိမ့်မှုဖြစ်လာပြီး အမြင်အာရုံကို ထိခိုက်စေကာ မျက်စိကွယ်တဲ့ အထိပါ အန္တရာယ်ပြုလာနိုင်ပါတယ် ။ ဆီးချိုအမျိုးအစားနှစ်မျိုးစလုံးဟာ ဒီမျက်စိဝေဒနာ ဖြစ်ပေါ်ဖို့အတွက် အကျုံးဝင်ပါတယ်။

ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေဟာ အနည်းဆုံး တစ်နှစ်တစ်ကြိမ် မျက်စိစစ်ဆေးမှု ခံယူသင့်ပါတယ်။ ရောဂါ လက္ခဏာပြမယ့်အချိန်ကို စောင့်မနေပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အမြင်လွှာရောင်ရမ်းခြင်း (Macula Edema ) ဖြစ်လာတဲ့အခါ အမြင်ဝေဝါးခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်း ၊ သွေးကြောလေးတွေ ပေါက်ပြဲသွေးစိမ့် တဲ့အခါ မျက်စိအမြင်ထဲမှာ အစက်အပြောက်လေးတွေ မျောနေတာလိုမျိုး ခံစားမှုဖြစ်ပေါ်နိုင်ပေမယ့် သိသာ တဲ့ လက္ခဏာမပြဘဲလည်း မျက်စိ သွေးကြောလေးတွေဟာ ပြောင်းလဲနေနိုင်လို့ပဲဖြစ်ပါတယ် ။

မျက်စိဆရာဝန်ကသာလျှင် အဲဒီသွေးကြောအခြေအနေတွေကို စစ်ဆေးပေးနိုင်မှာပါ ။ ဆီးချိုဝေဒနာရှင် အမျိုးသမီးတွေလည်း ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မျက်စိကိုပါဂရုတစိုက် စစ်ဆေးသင့်ပါတယ်။ ဆီးချိုရောဂါ ရဲ့ အဓိကအခြေခံအချက်ဖြစ်တဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းညှိပေးခြင်း ၊ သွေးပေါင်ချိန် ပုံမှန် ထိန်းညှိ ခြင်း ၊ သွေးတွင်းကိုလက်စထရောဓာတ် ထိန်းညှိလျော့ချခြင်း တို့က နောက်ဆက်တွဲ ဆိုးကျိုး များဖြစ်တဲ့ ကျောက်ကပ် ထိခိုက်ခြင်း၊ အာရုံကြောများထိခိုက်ခြင်းတို့အပြင် မျက်စိရဲ့သွေးကြောလေးများ ထိခိုက်ခြင်းတို့ကို ရာခိုင်နှုန်း တစ်ခုအထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် မနက်ခင်းအစာမစားမီ သွေးတွင်းဆီးချိုပမာဏဟာ ၁၃၀ mg ရာခိုင်နှုန်းအောက်မှာ ရှိနေပြီး ထမင်း စားပြီး နှစ်နာရီအကြာမှာ သွေးတွင်းဆီးချိုပမာဏဟာ ၁၄၀-၁၈၀ mg ရာခိုင်နှုန်း အတွင်းမှာရှိအောင် ကြိုးစားပြီး ထိန်းညှိပေးဖို့ မမေ့ပါနဲ့။

သုတေသနပညာရှင်တွေကလည်း အမြင်လွှာက ခန္ဓာကိုယ်ကို လှုံ့ဆော်ပြီး သွေးကြော အသစ်တွေဖြစ်ပေါ်စေခြင်းကို ဟန့်တားမယ့် ဆေးဝါးတွေကို ရှာဖွေစမ်းသပ်နေကြပါတယ် ။ အဲဒီပါးလွှာပြီး ပေါက်ပြဲနိုင်တဲ့ သွေးကြောအသစ်တွေကို လေဆာကုထုံး (Scater Laser Treatment) နဲ့ကုသပြီး၊ ကျုံ့စေနိုင်သလိုမြင်လွှာရောင်ယမ်းခြင်း (Macula Edema) ကိုလည်း လေဆာကုထုံး (Focal Laser Treatment) နဲ့ပဲသက်သာစေနိုင်ပါတယ် ။ တကယ်လို့ မျက်လုံးအိမ်အတွင်းက အရည်ကြည် (Vitreous Gel) ထဲမှာ သွေးတွေများနေခဲ့ရင်တော့ ခွဲစိတ်ကုသမှု (Vitrectomy) လို အပ်မှာဖြစ်ပြီး အရည်ကြည်နေရာမှာ ဆားရည် (Salt Solution) ကို အစားထိုး ထည့်သွင်းကုသရမှာ ဖြစ်ပါတယ် ။

ခွန်းညိုသွေး
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ