မင်းကွတ်သီးနှင့် ကျန်းမာရေး(အပိုင်း-၁)


မင်းကွတ်ပင်နဲ့ မင်းကွတ်သီး
မင်းကွတ်ပင်ကို အင်္ဂလိပ်လို Mangosteen လို့ခေါ်ပြီး ရုက္ခဗေဒ အခေါ်ကတော့ Garcinia mangostana ဖြစ်ပါတယ်…။  ဒီအပင်ရဲ့မူရင်းဒေသကတော့ ဆရာတို့မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှနိုင်ငံတွေပဲဖြစ်ပါတယ် ။ အပင်က နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ၆ မီတာကနေ ၂၅ မီတာ ၊ ပေအားဖြင့် ပေ ၂၀ ကနေ ပေ ၈၀ လောက်ထိ မြင့်ပါတယ်။ အပင် စတင်စိုက်ပျိုးချိန်ကနေ စောရင် ၅ နှစ်-၆နှစ်မှာ အသီးသီးလေ့ရှိပြီး ပုံမှန်အားဖြင့် ၈ နှစ်ကနေ ၁၀ နှစ်သားလောက်မှ စတင်ခူးလေ့ရှိပါတယ်။
သူဟာ အီကွေတာရာသီဥတုကိုနှစ်သက်ပြီး ပူအိုက်စွတ်စိုတဲ့ ဒေသတွေမှာသာ ပေါက်ရောက်ပါတယ် ။ အေးတဲ့ ရာသီဥတုကို မကြိုက်ပါဘူး ။ ဒါကြောင် အေးတဲ့နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ အမေရိ ကန်ပြည်ထောင်စု နဲ့ ဥရောပနိုင်ငံတွေဟာ မင်းကွတ်သီးကိုတင်သွင်းရပါတယ် ။ အဓိကအနေနဲ့ ထိုင်းနိုင်ငံကနေ တင်ပို့ပါတယ် ။ မင်းကွတ်သီး စတင်သီးရင် အခွံက အစိမ်းရောင်ရှိပါတယ်။ ဒါပေမဲ့ ရင့်မှည့်လာရင် တဖြည်းဖြည်းနဲ့ အနီရောင် စပြောင်းလာပြီး ခရမ်းရောင်သန်းလာမှ မှည့်ပြီလို့ ပြောနိုင် ပါတယ် ။

မင်းကွတ်သီးရဲ့အာနိသင်
မင်းကွတ်သီးရဲ့ဆေးဖက်ဝင် အာနိသင်အကြောင်းကိုပြောရင် အဓိက (၂)ပိုင်းနဲ့ ပြောရပါလိမ့်မယ်။ အဲဒါကတော့ အတွင်းကအဖြူသား (White Flesh) နဲ့ အပြင်အခွံ(Pericarp) ပဲဖြစ်ပါတယ်။ အတွင်းက အဖြူသားက စာလို့ရပါတယ် ။ အာဟာရဓာတ်လည်းကြွယ်ဝစွာ ပါဝင်ပါတယ်။ အပြင်ပိုင်းအခွံကိုလည်း ထပ်မံပြီး အတွင်းပိုင်း ပျော့ပြောင်းတဲ့အလွှာ အန်ဒိုကပ် (Endocarp)၊ အလယ်လွှာ မီဆိုကပ် (Mesocarp) နှင့် အပြင်ပိုင်းမာကျောသည့်အလွှာ အိတ်ခ်ျစိုကပ် (Exocarp)ဟူ၍ (၃)မျိုး ထပ်ခွဲနိုင်ပါတယ်။ အခွံဟာ ထူထဲပြီး စားလို့မရပေမယ့် ရောဂါတွေကို ကာကွယ်ကုသရာမှာ ဆေးဖက်ဝင်ပါတယ်။ အမျှင်ဓာတ်တွေ များစွာပါဝင်တဲ့အပြင် ဇန်သုန်း(Xanthone) နဲ့ တန်နင်(Tennis) တွေ ပါဝင်တာကြောင့် အတွင်းမှာရှိတဲ့ အဖြူသားနဲ့ အစေ့တွေကို ရောဂါပိုးမွှားတွေဖြစ်တဲ့ ဘတ်တီးရီးယား၊ မှို၊ ဗိုင်းရက်စ် စတာတွေက ၀င်ရောက်ဖျက်ဆီးခြင်းမပြုနိုင်အောင် ကာကွယ်ပေးပါတယ်။ အဓိက ဆေးဖက်ဝင်တာက ဇန်သုန်းလို့ခေါ်တဲ့ Phytochemicals တွေ ဖြစ်ပါတယ် ။ မင်းကွတ်သီး အတွင်းပိုင်း အဖြူရောင်အသား မှာပါတဲ့ အာဟာရဓာတ်တွေ
မင်းကွတ်သီးအတွင်းပိုင်းက အဖြူသားစားရင် ရနိုင်တဲ့ အာဟာရဓာတ်တွေကတော့-
(၁) ကာဘိုဟိုက်ဒြိတ်အနေနဲ့ အမျှင်ဓာတ်အပါအ၀င် ၂၀% ရရှိနိုင်ပါတယ်။ ဥပမာ 100 g စားရင် 20 g ဟာ ကာဘိုဟိုက်ဒြိတ်တွေဖြစ်ပါတယ်။
(၂) ဗီတာမင်ဓာတ်တွေ အနည်းငယ်စီ မျှတစွာ ပါဝင်နေတယ် - B1, B2, B3 (Niacin), B5 (Pantothenic acid), B6, B0 (Folate) နဲ့ Vitamin C
(၃) သတ္တုဓာတ်တွေအနေနဲ့ ပိုတက်စီယမ်ကြွယ်ဝစွာပါဝင်ပြီး ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဖော့စ်ဖရပ်တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သွပ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီးလ်ဓာတ်နဲ့ ဆိုဒီယမ်တို့လည်း အနည်းငယ်စီ ပါဝင်ပါတယ်။
မင်းကွတ်သီးရဲ့ အကာပိုင်းမှာပါတဲ့ ဇန်သုန်း
အပင်ဓာတုဗေဒပညာ (Phytochemistry) အရ ဇုန်သုန်းတွေဟာ ဆေးဖက်ဝင်အာနိသင် ထက်မြတ်လှတဲ့ ပေါ်လီဖီနောလစ် ဓာတ်ပစ္စည်း (Biologically active polyphenolic compound) ဖြစ်ပါတယ်။

သဘာဝအပင်တွေမှာ ဇန်သုန်းတွေကို သိပ်တွေ့ရလေ့မရှိဘဲ ရှားပါးဓာတ်ပစ္စည်းတစ်ခုလို့ ပြောနိုင်ပါတယ်။ ဇန်သုန်းအမျိုးအစား ပေါင်း (၂၀၀)ကျော်ရှိတဲ့အနက် ပါဝင်မှုအများဆုံးနဲ့ အထင်ရှားဆုံးကတော့ မင်းကွတ်သီး ပဲဖြစ်ပါတယ် ။ မင်းကွတ်သီးမှာ ဇန်သုန်းအမျိုးအစား ပေါင်း(၄၀)ကျော်ပါဝင်ပြီး အယ်ဖာ မန်ဂိုစတင် (α-Mangostin)၊ ဂါမာ မန်ဂိုစတင် (γ-Mangostin) နဲ့ ဂါစီနုန်း အီး (Garcinone E) တို့ကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။ သူရဲ့အခြေခံမော်လီကျူးဖွဲ့စည်းပုံကတော့ C13 H8 O2 ဖြစ်ပြီး အဖြူရောင်ပုံဆောင်ခဲတွေ ဖြစ်ပါတယ်။ ကာဗွန် (၆)လုံး ပါဝင်တဲ့ Ring Structure နှစ်ခုပါဝင်ပြီး Double bond တွေနဲ့ ချိတ်ထားလို့ အလွန်ခိုင်ခံ့တဲ့ မော်လီကျူး တည်ဆောက်ပုံ ရှိပါတယ်။ ဒါ့ကြောင့် အလွယ်တကူ မပျက်စီးနိုင်ပါဘူး ။
ဇန်သုန်းကို အမျိုးအစားခွဲရာမှာ သူ့မှာ attached လုပ်နေတဲ့ Hydroxyl group နဲ့ Methoxy group အရေအတွက်ပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ အမျိုးအစားတစ်ခုချင်းစီမှာ ထူးခြားတဲ့ ဆေးဖက်ဝင်အာနိသင်တွေ ပေးတာခြင်းလည်း နည်းနည်းစီ ကွဲပြားပါတယ်။

ဇန်သုန်းရဲ့ အဓိကအာနိသင်တွေ
အဓိကပေးတဲ့အာနိသင်တွေကတော့ အရောင်ကျစေတဲ့အာနိသင် (Anti-inflammatory action)၊ အလာဂျီများကို သက်သာစေတဲ့ အာနိသင် (Anti-allergic action) နဲ့ ကင်ဆာရောဂါသက်သာစေတဲ့ အာနိသင် (Anti-cancer action) တို့ပဲဖြစ်ပါတယ်။ တခြားအာနိသင်တွေလည်း ရှိပါသေးတယ်။ ဥပမာ အရေပြားကို ချောမွေ့စေတဲ့အာနိသင်၊ ရောဂါပိုးမွှားတွေကို တိုက်ခိုက်နှိမ်နင်းနိုင်တဲ့ အာနိသင်တွေလည်း ရှိပါတယ်။

ဇန်သုန်းရဲ့အရောင်ကျစေတဲ့အာနိသင်
အရောင်ကျစေတဲ့အာနိသင်ကို လေ့လာရာမှာ ဇန်သုန်းတွေဟာ သွေးထဲမှာရှိတဲ့ C-reactive protein (CRP) တွေကို ကျစေတာ တွေ့ရပါတယ်။ သူက ရောင်ရမ်းရင်ထွက်လာတဲ့ ဓာတ်ပစ္စည်း (Biomarker of inflammation) ဖြစ်ပါတယ်။ သူ့ကို ကျစေခြင်းက အရောင်ကျစေခြင်းလို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ UCLA (University of California, Los Angeles School Of Medicine) မှာ လေ့လာချက်အရ လူ(၁၂၂)ယောက်ကို စမ်းသပ်ရာမှာ မင်းကွတ်သီးဖျော်ရည် (အခွံနဲ့အသား) ဟာ ရောင်ရမ်းတာ ကို သက်သာစေတယ်လို့ ဆိုပါတယ်။ ရက်သတ္တပတ်(၈)ပတ်အကြာ သုတေသနပြုလုပ်တဲ့ အခါမှာ ရောင်ရမ်းခြင်းရဲ့ Biomaker ဖြစ်တဲ့ CRP တွေဟာ မစားမီနဲ့ စားပြီး နှိုင်းယှဉ် ရာမှာသိသိသာသာ လျော့နည်းသွားတဲ့အပြင် ရောင်ရမ်းတဲ့လက္ခဏာတွေပါ လျော့နည်းသွားတာ တွေ့ရပါတယ်။ ဒါကြောင့် မင်းကွတ်သီးအခွံဟာ ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ဥပမာ အရေပြားရောင်တာ၊ အဆစ်မြစ်တွေရောင်တာ၊ သွေးကြောတွေရောင်တာတွေမှာ အကျိုးရှိပါတယ်။

ဇန်သုန်းရဲ့အလာဂျိတွေသက်သာစေတဲ့အာနိသင်
၁၉၉၆ ခုနှစ်၊ ဂျပန်နိုင်ငံ Tohoku University မှာ တွေ့ရှိချက်အရ အယ်ဖာ မန်ဂိုစတင်တွေဟာ Histamine H1 receptor ကို ပိတ်ပင်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ H1 receptor မှာ ဟစ်တမင်း (Histamine) တွေ လာရောက်ပေါင်းစပ်ရင် ခန္ဓာကိုယ်အရေပြား မှာ ယားယံခြင်းတွေဖြစ်တတ်ပါတယ်။ မင်းကွတ်သီးစားရင် သူ့မှာပါတဲ့ အယ်ဖာမန်ဂိုစတင်တွေက H1 receptor တွေမှာ သွားပိတ်လိုက်တာကြောင့် ဟစ်တမင်းတွေဟာ လာရောက်ပေါင်းစပ်နိုင်မှု မရှိတော့တဲ့အတွက် ယားယံတာတွေ မဖြစ်တော့ပါဘူး။ အရေပြား ယောင်ယမ်းတာတွေပါသက်သာစေလို့ နှင်းခူလိုရောဂါဆိုးတွေပါ ပျောက်ကင်းစေကြောင်း တွေ့ရှိရပါတယ်။
ဒါ့အပြင် နောက်ထပ်ပါဝင်နေတဲ့ ဂါမာ မန်ဂိုစတင်တွေဟာလည်း ဆီရိုတိုနင် ဟန့်တားပစ္စည်း (Serotonergic receptor blockingagent) အနေနဲ့ တာဝန်ထမ်းဆောင်တယ်လို့ဆိုပါတယ်။ ဆိုရိုတိုနင်(Serotonin) ဆိုတာလည်းယားယံတာ ၊ ရောင်ရမ်းတာတွေဖြစ်စေတဲ့ နောက်ထပ် ဓာတ်ပစ္စည်းတစ်ခုဖြစ်တာကြောင့် သူ့ကို ပိတ်ဆို့ဟန်တားခြင်းက ယားယံတာ၊ ရောင်ရမ်းတာတွေကို သက်သာအောင် လုပ်ပေးတာနဲ့ အတူတူဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အလာဂျီဖြစ်စေတဲ့ အဓိကဓာတ်ပစ္စည်းတွေဖြစ်တဲ့ ဟစ်တမင်းနဲ့ ပရော်စတာဂလေဒင် အီးတူး (Prostagladin E2) တို့ရဲ့ ထုတ်လုပ်မှုကိုလည်း ဟန့်တားနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မင်းကွတ်သီးဟာ နာတာရှည် အလာဂျီရောဂါသမားတွေ၊ နှင်းခူရောဂါသမားတွေအတွက် စားသင့်တဲ့ အစားအစာတစ်ခုလို့ ဆိုချင်ပါတယ် ။

ဒေါက်တာခင်မောင်လွင် (FAME)
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ