Nosebleeds in children ကလေး နှာခေါင်းသွေးယိုခြင်း


၁။ ဆရာခင်ဗျာ ကလေးတော်တော်များများနှာခေါင်းသွေးလျှံကြပါတယ် နေ့ည မရွှေးပါရာသီမရွှေးပါ ။ သွေးလွန်တုတ်ကွေးဖြစ်ဖူးသူများ ပိုဖြစ်ပါတယ် ။ ဘာတွေရှောင်ရမလဲခင်ဗျာ ။ အချိန်ရရင် တင်ပေးပါအုံးဆရာ ။

၂။ ကျွန်မကို တခုလောက်မေးခွင့်ပြုပါ ။ သမီးလေးက ၆ နှစ်ခွဲရှိပါပြီ ။  မကြာခဏ နှာခေါင်းသွေး လျှံတတ်ပါတယ် ။ ခုတလော ညဘက်အိပ်တဲ့အချိန် မကြာခဏဖြစ်ဖြစ်နေပါတယ် ။ အဲဒါ စိုးရိမ်ရပါသလားဆရာ ။ ဘာလုပ်သင့်ပါသလဲဆရာ ။ ကျေးဇူးပြုပြီး အကြံပေးစေချင်ပါတယ် ။

၃။ ဆရာရှင့် ကျွန်မသမီးလေးက အသက် ၁ နှစ်နဲ့ ၈ လရှိပါပြီ။ ကလေးနဲ့ ကျွန်မတို့သူ့အဘွားတွေရှိရာ့ ကို ရန်ကုန်ကနေ မနက် ၈ နာရီလောက်ကထွက်ကြပြီး မနက် ၁၂ နာရီခွဲလောက်ရောက်ကြပါတယ် ။ ည ၁ဝ နာရီခွဲလောက်မှာ နှာခေါင်းကသွေးတွေ တအားထွက်လာပါတယ်ဆရာ ။ Wet Tissue ၇ ရွက် ၈ ရွက်လောက် စွန်းတဲ့အထိ သွေးထွက်ပါတယ် ။ ကျွန်မတို့လဲ စိုးရိမ်ပြီးဆေးခန်းပြဖို့ထွက်ရှာရင်း နယ်ဆိုတော့ ဆေးခန်းတွေအားလုံးပိတ်နေလို့ ပြန်လာရင်း ကားပေါ်မှာပဲ သွေးထွက်ရပ်ပြီး အိပ်ပျော် သွားပါတယ် ။ ခုစာရေးနေတဲ့အချိန်ထိ အသက်ရှုသံ မှန်မှန်နဲ့ အိပ်ပျော်နေပါတယ် ။ အဲ့လောက်သွေးထွက်တာ စိုးရိမ်ရပါသလားဆရာရှင့် ။ ဘယ်လိုများ ပြုစုကုသရပါ့မလဲရှင့် ။ အန္တရာယ်ရှိပါသလားဆရာရှင့် ။

၎။ ကျမသားရဲ့ အသက်က ၁၉ လ ရှိပါပြီ ။ နှာခေါင်းသွေး ခဏခဏယိုနေလို့ပါ ။ သူနှာခေါင်းသွေးယိုတာက နေ့ခင်းဘက်မှာ မယိုဘဲနဲ့ ညဘက် အိပ်ပျော်နေတဲ့ အချိန်မှာဘဲ များသောအားဖြင့် ယိုပါတယ် ။ တစ်ခါတစ်လေ နေ့ခင်းယိုရင်လဲ အိပ်ပျော်နေတဲ့ အချိန်မှာဘဲ ယိုပါတယ် ။ ယိုခါနီးပြီဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာကနေနိုးလာပြီး ခဏငိုပြီး သွေးယိုတော့တာဘဲ ။ ကျမစိုးရိမ်တာက ညဘက်ကျမှ သွေးကယိုတာဆိုတော့ အိပ်ပျော်နေတုန်း သွေးယိုတာမသိရင် ဘာဖြစ်နိုင်လဲ သိချင်လို့ပါ ။ ယိုခါစကတော့ နဲပါတယ် နောက်ပိုင်းယိုတာ ပိုများများ လာပါတယ် ။ ဆရာရေးတဲ့ နှာခေါင်း သွေးယိုခြင်းအကြောင်း ဖတ်ဖြစ်ပါတယ် ။ အခုဖြစ်တဲ့ဟာနဲ့ ပက်သက်ပြီး သက်သက်စာပြန်ပေး စေချင်ပါတယ် ။ ကျမ အရမ်းစိုးရိမ် နေလို့ပါ ။ သွေးယိုတာ များလာတယ် ဆိုတော့ သွေးအားနဲ တာရောဖြစ်နိုင် ပါသလား ။ သွေးခဲပြီး အသက်ရှူလမ်းကြောင်း ပိတ်သွားနိုင်လားဆိုတာ တအားသိချင်ပါတယ် ။ သူများနိုင်ငံမှာ နေရတယ် ဆိုတော့ ဘာသာစကားလဲ အခက်ခဲဖြစ် နေလို့ပါ။ စိုးရိမ်ရတဲ့ အခြေနေ ဟုတ်-မဟုတ် စာပြန်ပေးပါနော်။

နှာခေါင်းသွေးယိုရတဲ့ အကြောင်းတွေထဲမှာ နှာခေါင်းရှိနေတဲ့ အနေအထားကို ၌က ခေါင်း မှာ ရှေ့ကို ငေါထွက်နေလို့ ထိခိုက်ဘို့ လွယ်တယ် ။ သွေးကြောတွေကလဲ ကြီးတယ် ။ နဲနဲပါးပါး ထိခိုက်တာနဲ့ကို သွေးထွက် များတတ်တယ် ။ အများအားဖြင့်တော့ နှာခေါင်းအတွင်းမှာ ဖုံးထားပေးနေတဲ့ အလွှာက ခြောက်သွေ့နေလို့ ဖြစ်ရတယ် ။ အဲဒီနေရာက သွေးကြောပေါက်ပြဲသွားလို့ သွေးယိုတာဖြစ်တယ် ။ ရာသီဥတု ခြောက်သွေ့ချိန်မှာ ပိုဖြစ်တယ် ။ ပူတာတခုထဲ ပြောတာ မဟုတ်ပါ ။ ဆောင်းရာသီမှာ ပိုဖြစ်နိုင်တယ် ။ ဒီလိုကာလတွေမှာ အသက်ရှူလမ်း အပေါ်ပိုင်းကူးစက်ရောဂါတွေကလဲ အဖြစ်များတယ် ။ ပတ်ဝန်းကျင် အပူချိန် နဲ့ စိုထိုင်းဆတွေကလဲ ရုတ်တရက်ဆိုလို တက်လိုက် ကျလိုက်ဖြစ်တာလဲ အကြောင်းတခုဖြစ်နိုင်သေးတယ် ။ နွေရာသီမှာ စိုထိုင်းဆ အပြောင်းအလဲကြောင့်ဖြစ်တယ် ။ အခန်းကို အပူ-အအေးစက်ကနေ ထိန်းညှိတာကြောင့်လဲ ဖြစ်စေနိုင်တယ် ။ သောက်နေရတဲ့ ဆေးဝါးတွေကိုလဲ သတိထားဘို့လိုတယ် ။ Warfarin (Coumadin) သွေးကျဲဆေး ၊ (အက်စပရင်) နဲ့ အရောင်-အဖျား-အနာ သက်သာဆေးတွေ ဖြစ်တယ် ။ ဒီလိုလူတွေမှာ နဲနဲလေး ထိမိတာနဲ့ သွေးယိုလာနိုင်တယ် ။

နှာခေါင်းသွေးယိုလာစေနိုင်တဲ့ အခြေခံတွေ -
• ကူးစက်ရောဂါရနေရင်၊ ဥပမာ (ဆိုင်းနပ်စ်) နဲ့ အအေးမိတာ။
• ထိခိုက်မိတာ၊
• ကိုယ့်ကိုယ်ကို ထိခိုက်မိတာ၊
• (အလာဂျီ) ရတာ၊ (အလာဂျီ) မရဘဲ နှာခေါင်းရောင်တာ၊
• သွေးတိုး၊
• Blood thinning medications ဆေးဝါးတွေ၊
• အရက်၊
• နှာခေါင်းအကျိတ် (ကင်ဆာ နဲ့ ကင်ဆာမဟုတ်တာ) နဲ့ မွေးရာပါ သွေးယိုရောဂါတွေ ဥပမာ (လူကီးမီးယား) အဖြစ်နည်းတယ်။ သွေးမခဲနိုင်တဲ့ရောဂါ၊
ကလေးတွေမယ် သူ့ဖါသူ နှာခေါင်းသွေးယိုရတဲ့အကြောင်းထဲမှာ အခန်းထဲကလေ ခြောက်နေလို့ဖြစ်တယ်။ Humidifier ဒါမှမဟုတ် Vaporizer သုံးသင့်တယ်။ ကလေး အိပ်နေရင် နှာခေါင်းသွေးယိုရင် ကလေးကိုနှစ်သိမ့်ပေးပါ။ မိဘတွေက မပြာပါနဲ့။ ထွက်တဲ့သွေး ခပ်မြန်မြန်လေး သန့်ရှင်းပေးပါ။ ထိခိုက်မိထားလဲ ကြည့်ပါ၊ မေးပါ။ ကလေးကို နှာခေါင်းထဲ နှိုက်တဲ့အကျင့်ရှိရင် ပြင်ပေးပါ။ နှာခေါင်းကိုင်တဲ့အကျင့်ရှိရင်လဲ မကိုင်အောင် သင်ပေးပါ။

ကြိုတင်ကာကွယ်နည်း
• ကိုယ့်လက်ချောင်းနဲ့ နှာခေါင်းနှစ်ပေါက်ကို ပိုင်းခြားထားတဲ့ အကန့်ရဲ့ အလည်နေရာကို ဖိပေးနိုင်တယ်။
• ခဏခဏ ဖြစ်တတ်သူတွေဟာ နှာခေါင်းအတွင်းက အဖုံးလွှာခြောက်သွေလာလို့ဖြစ်တယ်။ ဒါကြောင့် ချောဆီသဘော တခုခု သုံးနိုင်တယ်။ အများဆုံးသုံးတာက A & D ointment, Mentholatum, Polysporin/Neosporin ointment, or Vaseline တွေဖြစ်တယ်။ Saline mist nasal spray (Ocean Spray) ကိုလဲ သုံးနိုင်တယ်။
• အများဆုံးဖြစ်တဲ့ နှာခေါင်းသွေးယိုတာကို အိမ်မှာတင် သက်သာအောင်လုပ်နိုင်တယ်။ ကိုယ့်ဖါသာ မရမှ၊ သွေးတွေထွက်တာ များလွန်းမှ၊ လူက အားယုတ်၊ မူးဝေ၊ ဖြူဖတ်ဖြူရော်ဖြစ်လာရင်တော့ ဆရာဝန်ကိုပြပါ။ ဆရာဝန်ကနေ Nasal packs နှာခေါင်းထဲ ပတ္တီးစသွင်းပေးလိမ့်မယ်။
သွေးထွက်တာက ဘယ်ကနေလာလာ ကြာရင် ဒါမှမဟုတ် ခဏခဏဖြစ်ရင်၊ နာတာရှည် သွေးအားနည်းရောဂါ ရလိမ့်မယ်။ ရုတ်တရက် သွေး အများကြီးထွက်ရင် ချက်ချင်းဖြစ်တဲ့ သွေးအားနည်းရောဂါ ဖြစ်မယ်။
သွေးအားနည်းလက္ခဏာတွေကတော့ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်းလွယ်တာ၊ နှလုံးခုန် မမှန်ဖြစ်တာ၊ အသက်ရှူမဝဖြစ်တာ၊ ရင်ပတ်နာတာ၊ ခေါင်းမူးတာ၊ ခြေလက် အေးစက်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်တယ်။ စမ်းသပ်ရင် သွေးခုန်နှုန်း ပုံမှန်ထက် များနေမယ်။ သတိထားဘို့က ကလေးတွေဟာ ပုံမှန်ကိုက လူကြီးတွေထက် မြန်နေတယ်။ သွေးဖိအား တိုင်းရင် ရုတ်ရက်သွေးယိုသူတွေမှာ ဖိအား ကျနေမယ်။ နာတာရှည်နည်းနေသူတွေကတော့ ပုံမှန်သာရှိမယ်။
နှာခေါင်းကနေ ထွက်တဲ့သွေးက အိပ်နေတုံးမှာ ထွက်တာဆိုရင် အစာမျိုပြွန်ထဲ စီးဝင်သွားမယ်။ မျိုချသလိုဘဲ။ အသက်ရှူလမ်းကြောင်းထဲ မဝင်တတ်ပါ။ သတိလစ်နေသူတွေကိုသာ သတိထားရတယ်။ အိပ်ပျော်တာက မေ့နေတာနဲ့ မတူပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ