လေ့ကျင့်ခန်း လွန်ကဲစွာလုပ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ


လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးအတွက် များစွာ အကျိုးရှိတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း နည်းစနစ်ကျကျနှင့် မိမိခန္ဓာကိုယ်အတွက် သင့်တော်မည့် အတိုင်းအတာထိသာ ပြုလုပ်သင့်ပါတယ်။ လူ တစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်း မတူညီကြသလို ကိုယ်ခံစွမ်းအားနှင့် သက်လုံကောင်းမှုတို့ ဟာလည်း ကွဲပြားခြားနားပါတယ်။ ဒါ့ပြင် အိပ်ချိန်နည်းတဲ့ လူတစ်ယောက်ဟာ အိပ်ချိန်ရှစ်နာရီရှိတဲ့ လူတစ်
ယောက်နဲ့ တူညီတဲ့လေ့ကျင့်ခန်းမျိုး မလုပ်သင့်သလို မိမိဘဝနေထိုင်မှုနှင့်တကွ ဇီဝကမ္မဖြစ်စဉ်နဲ့ကိုက်ညီတဲ့ လေ့ကျင့်ခန်းမျိုးကိုသာ ပြုလုပ်သင့်ပါတယ်။

အားကစားခန်းမတွေ၊Fitness Centre တွေကို တကူးတကသွားလုပ်မှသာ လေ့ကျင့်ခန်းလုပ်တယ်လို့
မယူဆသင့်ပါဘူး။ ဥပမာ-ဓာတ်လှေကား၊ စက်လှေကားတွေမစီးဘဲ လှေကားထစ်ကိုသာသုံး၍ အတက်အဆင်းပြုလုပ်ခြင်း၊ ဘတ်စ်ကားသုံးမှတ်တိုင်လောက်ကြိုဆင်း၍ လမ်းဆင်းလျှောက်ခြင်း၊ အိမ်မှုကိစ္စတွေလုပ်တဲ့အခါမှာခပ်သွက်သွက်လုပ်ကိုင်ခြင်း စတဲ့ နိစ္စဓူဝလှုပ်ရှားမှုတွေ ကို လေ့ကျင့်ခန်းဆန်ဆန် လုပ်လို့ရပါတယ်။ ဒါ့ပြင် အားကစား စက်ပစ္စည်း အကူအညီမပါဘဲ ထိုင်ထလုပ်ခြင်း၊ အိပ်ထမတင်လုပ်ခြင်း၊ ရေကူးခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ပြေးခြင်း စတာတွေကလည်း ကောင်းမွန်ထိရောက်တဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။

အထူးအရေးကြီးသည့်အချက်မှာ ထမင်းစားပြီးနောက် နှစ်နာရီမှ သုံးနာရီလောက်ခြားပြီးမှသာ လေ့ကျင့်ခန်း
လုပ်ပါ။ သို့မဟုတ်ပါက အစာမကျေခြင်း၊ အူသိမ်ခြင်း၊ အူခေါက်ခြင်းတွေဖြစ်နိုင်လို့ပါပဲ။ ကိုယ်အလေးချိန်လျော့ ကျဖို့အတွက်ဆိုရင် ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ခန်းကိုသာ ပြုလုပ်ပါ။ အကယ်၍ အားသွန်ခွန်စိုက်ပြုလုပ်မိတဲ့အခါ ခန္ဓာကိုယ်ရဲ့ အားအင်ကုန်ခမ်းပြီး ဆာလောင်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ပင်ပန်းပြီး အကျိုးမရှိနိုင်တော့ပါဘူး။ ကိုယ်ကာယလှပမှုလေ့ကျင့်ခန်းများ၊ ဝိတ်မလေ့ကျင့်ခန်းများဟာလည်း နည်းစနစ်မမှန်ပါက ခုတ်ရာ
တခြား ရှရာတခြားဖြစ်စေနိုင်တာကြောင့် တတ်သိနားလည်တဲ့ Trainer (လေ့ကျင့်ပေးသူ) နှင့် တိုင်ပင်၍လုပ်ပါ။ မိမိမှာ သွေးတိုးရောဂါရှိနေတာကြောင့် လေ့ကျင့်ခန်းမလုပ်သင့်ဘူးဟု မယူဆသင့်ပါဘူး။ သွေးတိုးရောဂါအနည်းငယ် သို့မဟုတ် ပြင်းထန်စွာခံစားနေရသူများအနေဖြင့် နှလုံးနှင့် ခန္ဓာကိုယ်ကြံ့ ခိုင်မှု လေ့ကျင့်ခန်းနှစ်မျိုးစလုံးကိုတွဲ လုပ်ပေးရမှာဖြစ်သလို၊ ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းတို့ကလည်း သွေးတိုးရောဂါအတွက် အလွန်အသုံးဝင်တာကြောင့် နေ့စဉ် ၁ဝ မိနစ်မျှ တရားထိုင်ပေးသင့်တယ်လို့  ပညာရှင်များက လမ်းညွှန်ထားပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ရာတွင် အရေးကြီးဆုံးအချက်မှာ ပိုမိုအဆင့်မြင့်လာစေရန်အတွက် ဖြည်းဖြည်းနှင့်မှန်မှန်
လုပ်ဆောင်ပေးရပါမယ်။ လေ့ကျင့်ခန်းမလုပ်မီ သွေးပူအောင်ပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းပြုနေစဉ် ထွက်သက်
ဝင်သက်ကို စည်းချက်ညီညီ အသက်ရှူခြင်း၊ လုပ်နေစဉ်နှင့် လုပ်ပြီးနောက်မှာ အကြောလျော့ပေးခြင်းတို့ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ တစ်ကိုယ်လုံးကျန်းမာရေးအတွက် ခန္ဓာကိုယ်ကအချက်ပြမှုကို စောင့်ကြည့်ပေးဖို့လိုအပ်ပြီး အသက်ရှူရခက်ခဲခြင်း၊ သို့မဟုတ် မူးဝေခြင်း၊ သို့မဟုတ် ရင်ဘတ်နာကျင်ခြင်း၊ သို့မဟုတ် ဖိအားရှိနေပါက လေ့ကျင့်ခန်းလုပ်နေမှုကို ချက်ချင်းရပ်လိုက်ပါ။

ပုံမှန်အားဖြင့် ရေဆာနေချိန်မှာ ရေသောက်လိုက်ခြင်းက သွေးထဲတွင် ဆားဓာတ်လျော့ကျသည့် အခြေအနေကိုမဖြစ်စေနိုင်သော်လည်း လေ့ကျင့်ခန်းပြင်းပြင်းလုပ်နေစဉ်မှာ အားကစားသမားများဟာ ရေဓာတ်ဖြည့်တင်းသည့်အနေဖြင့် ရေ သို့မဟုတ် အရည် သို့မဟုတ် အားဖြည့်အချိုရည်များကို အလွန်အကျွံသောက်သုံးမိပါက နဗံ (ခေါ်)ဆိုဒီယမ်လျော့ကျမှုပြဿနာကို ဖြစ်စေနိုင်ကြောင်း၊ ဤကဲ့သို့ ခန္ဓာကိုယ်တွင်း ဆားပမာဏလျော့ကျသွားမှုကြောင့်ကနဦးဖြစ်ပေါ်လာနိုင်သည့် မပြင်းထန်သောရောဂါများမှာ စဉ်းစားရခက်ခြင်း၊ မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပြီး ပြင်းထန်ပါက လေဖြတ်ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ မေ့မျောသွားခြင်းတို့ဖြစ်နိုင်ကြောင်း၊ ဒါကြောင့် အားကစားသမားတစ်ဦး ယင်းအခြေအနေ ခံစားနေရပြီဟု နည်းပြများ နှင့် လူကြီးမိဘများက သံသယရှိပါက ရေသောက်ခြင်းကို ချက်ချင်းရပ်တန့်ခိုင်းရန်အရေးကြီးကြောင်း၊ ပြီးနောက် ဆေးဘက်ဆိုင်ရာ အကူအညီ ရယူသင့်ကြောင်းတို့ကို နိုင်ငံတကာလမ်းညွှန်ချက်အသစ်တစ်ခုအဖြစ် ဗာဂျီးနီးယား တက္ကသိုလ်မှ ကျောက်ကပ်အထူးကု ဒေါက်တာမစ်ချဲလ်ရိုဆနာဦးဆောင်သော
 နိုင်ငံပေါင်းလေးနိုင်ငံမှ ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ ၁၆ ဦးတို့က အကြံပြုပြော ကြားထားပါတယ်။

လေ့ကျင့်ခန်းအပြောင်းအလဲလုပ်ခြင်းကြောင့် ကိုယ်လက်နာကျင်ကိုက်ခဲမှုတွေ ဖြစ်လာလေ့ရှိသော်လည်း တစ်ပတ်ထက်ပို၍ နာကျင်မှုရှိလာပါက Trainer (လေ့ကျင့်ပေးသူ) နှင့်တိုင်ပင်ပါ၊ ဆရာဝန်နှင့်ကုသပါ။ လိုအပ်သည် ထက်ပို၍ Over training ဖြစ်ရင် နေမကောင်းဖြစ်နိုင်သလို နှလုံးကိုထိခိုက်ပြီး အဆစ်တွေနာကျင်ကိုက်ခဲတာ မျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလွန်ကဲစွာလုပ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများအဖြစ် အောက်ပါဝေဒနာများကို ခံစားရနိုင်မည်ဖြစ်၍ သတိပြုဆင်ခြင်သင့်ကြောင်း အကြံပြုလိုက်ရပါတယ်။

(၁) ထိခိုက်အနာတရ ဖြစ်စေပါတယ်

သင့်ပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်သူတွေကို မြင်ဖူးကြမှာပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းက ကာလတိုအတွင်း ကိုယ်ရည်စစ်သွားတာမို့ ထိရောက်မှုရှိတယ်လို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။ တနေ့တစ်ရက်လောက် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပြီး နောက်နေ့ တွေမှာ ပုံမှန်အတိုင်းပြုကျင့်ခြင်းက ကျန်းမာရေးအတွက် ပြဿနာကြီးကြီးမားမား ဖြစ်မလာစေနိုင်သော်လည်း၊ နေ့စဉ်ရက်ဆက်ပြုမူခြင်းက အချိန်ကာလကြာလာတာနဲ့အမျှ ကြွက်သားတွေ ရောင်ရမ်းနာကျင်လာစေပါတော့ တယ်။ ဒါ့ပြင် အရိုးများကိုဆက်နွယ်ထားတဲ့ အရွတ်ပြားတွေကို ဒဏ်ဖြစ်စေကာ ဒူးနာ၊ ခါးနာခြင်းနဲ့ အရိုးပါး၍ ကြွတ်ဆတ်လာစေနိုင်တာကြောင့် ထိုသို့သော နောက်ဆက် တွဲဘေးထွက်ဆိုးကျိုးတွေ မဖြစ်ရအောင် မိမိခံနိုင်ရည် ရှိသလောက်သာ လေ့ကျင့်ပါ။

(၂) ကြွက်သားတွေ လျော့ရဲသွားစေပါတယ်

အထူးသဖြင့် ပိန်ချင်လွန်းသူများက လေ့ကျင့်ခန်းပြင်းပြင်းများ နေ့စဉ်လုပ်ရင်း၊ အစားကိုပါလျော့စားကြတဲ့အခါ ခန္ဓာကိုယ်အတွက် အာဟာရချို့တဲ့သွားပြီးတော့ ကျန်းမာရေးကို ဘက်ပေါင်းစုံထိခိုက်လာစေပါတယ်။ ကြွက်သားတွေပျော့တွဲကျလာတာကြောင့် အရွယ်မတိုင်ခင် အိုစာသွားစေပါတယ်။

(၃) ကိုယ်ခံစွမ်းအားကို ထိခိုက်စေပါတယ်

မိမိခံနိုင်ရုံပမာဏထက်ပိုကာ လွန်လွန်ကြူးကြူး လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်ခံစွမ်းအားကို လျော့နည်း
သွားစေတာကြောင့် အအေးမိ၊ တုပ်ကွေးစတဲ့ အပရိကရာသီဖျားနာ ကူးစက်ရောဂါတွေကိုတောင် ခံနိုင်ရည်မရှိတော့ပါဘူး။

(၄) ခံတွင်းပျက်လာစေပါတယ်

ခန္ဓာကိုယ်အလေးချိန်(ဝိတ်)ချသူတွေက လေ့ကျင့်ခန်းအပြင်းအထန်လုပ်ရင်း bulimia(ခေါ်)ဗိုက်ဆာ၍ အစားအစာများကို စားသောက်ကြပြီးနောက်မှာတော့ ကိုယ်အလေးချိန်တိုးလာမှာစိုးတာကြောင့် အန်ထုတ်တဲ့နည်းကို တစ်လှည့်စီပြုကျင့်ကြတာမို့ နောက်ဆုံးမှာ ဘာစားစား အရသာမရှိတော့ဘဲ ခံတွင်းပျက်သွားကြပါတယ်။ ဘေးထွက်ဆိုးကျိုးများအဖြစ် မူးဝေအော့အန်ခြင်း၊ သွား၊ သွားဖုံးနာရောဂါများနဲ့ အစာအိမ်အက်ဆစ်အထွက်များပြီး အစာအိမ်နာရောဂါတို့ပါ စွဲကပ်လာနိုင်ပါတယ်။

(၅) အအိပ်ပျက်စေပါတယ်

လေ့ကျင့်ခန်း ပြင်းထန်စွာပြုလုပ်ခြင်းကြောင့် ပင်ပန်းအားယုတ်လာကာ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်မှုတွေ လျော့ နည်းသွားပြီး စိတ်ဖိစီးမှုများဖြစ်လာကာ ကောင်းစွာမအိပ်စက်နိုင်တော့ပါဘူး။ အိမ်ထောင်ရှင်များအဖို့ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုလျော့နဲသွားတာကြောင့် အိမ်ထောင်ရေးအခြေအနေကို ထိခိုက်လာစေပါတယ်။

(၆) ရာသီထိန်သွားတတ်ပါတယ်

ဥပမာအားဖြင့် အမျိုးသမီးအားကစားသမား(အများစု)ဟာ ပြင်းထန်စွာလေ့ကျင့်ခန်းယူရခြင်းကြောင့် အရွယ်
မတိုင်မီ အရိုးပွလာတတ်ပြီး ဓမ္မတာရာသီသွေးဆင်းခြင်း ပုံမှန်မဖြစ်နိုင်တော့ပါဘူး။ တချို့ဆို စောစောစီးစီး (လုံးဝ)ရာသီထိန် သွေးဆုံးသွားကြပါတယ်။ (တခြားဘေးထွက်ဆိုးကျိုးများအနေဖြင့် အမျိုးသမီးများ သားအိမ်ကျစေတတ်သလို အမျိုးသားများမှာ အူကျရောဂါဖြစ်လာစေပါတယ်။)

အသက်ကိုဥာဏ်စောင့်ဆိုသော ဆိုရိုးစကားနဲ့ အညီလှချင်လွန်းလို့ (သို့) ကျန်းမာရေးလိုက်စားလို့ (သို့ ) ဝါသနာပါလွန်းလို့ (သို့) အားကစားနည်းဖြင့် အသက်မွေးဝမ်းကျောင်းနေရသူမို့ စတဲ့အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ တတ် သိနားလည်သူ (လေ့ကျင့်ပေးသူ) နဲ့ ဆွေးနွေးတိုင်ပင်ကာ မိမိခံနိုင်ရည်ရှိရုံမျှသာ ပြုကျင့်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။

(မှီငြမ်း…Useful Info and Health Tips)
တင်ထက်ထက်ဇော်
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ