ကျန်းမာရေး အသိဖြင့် အစာအစားများကို စာသုံးကြပါစို့ လား


လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်၊ အချို၊ အငန် စသဖြင့် ရွေးချယ်ပြီး စားသုံးတတ်ကြပါတယ်။ တချို့ကတော့ ဟိုဟာမစားချင်ဘူး၊ ဒီဟာနဲ့မတဲ့ဘူး ဆိုပြီး ဟိုအစာရှောင်၊ ဒီအစာရှောင်နဲ့ အစာနဲနဲပဲ စားတတ်ပါတယ်။

အဲဒီလို စားသုံးကြရာမှာ တွေ့ကရာစားတတ်သူတွေမှာ ၀မ်းပျက်တာ၊ ၀မ်းလျှောတာဖြစ်တတ် သလို၊ မိမိကြိုက်တတ်တဲ့ အစာ – အဆီ၊ အဆိမ့်၊ အချို၊ အငန် စသဖြင့် စားသုံးလေ့ရှိသူတွေမှာ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အစာရှောင်တတ်တဲ့ လူတွေမှာတော့ အာဟာရ ချို့တဲ့ တဲ့ရောဂါတွေရတဲ့အပြင် အာဟာရချို့တဲ့မှုကြောင့် တခြားရောဂါတွေပါ ၀င်ရောက် လာနိုင်ပါတယ်။

ဒါကြောင့် မိမိနေ့စဉ်စားသုံးတဲ့ အစားအစာတွေကို မိမိအနေနဲ့ အားအင်ဖြစ်အောင်၊ ခန္ဓာကိုယ်သန်စွမ်းအောင်နဲ့ ရောဂါတွေမဖြစ်အောင် ရွေးချယ်စားသုံးတတ်ဖို့ လိုပါတယ်။

အစားအစာ တွေကို အဓိကအားဖြင့် အုပ်စု သုံးစုခွဲခြားနိုင်ပါတယ်။ အဲဒါတွေကတော့ အားအင်ဖြစ်စေသောအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စုနဲ့၊ ရောဂါကာကွယ်စေသောအုပ်စုတို့ ဖြစ်ပါတယ်။ အားအင်ဖြစ်စေတဲ့ အုပ်စုမှာ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ထမင်းအပြင်၊ ပေါင်မုန့်၊ နံပြား၊ ထောပတ်၊ ဆီ၊ သကြား၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ပြီးတော့ အချိုဓာတ်ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ထန်းလျက်၊ ကြံသကာ၊ သကြားလုံး၊ ဘီစကွတ် စတာတွေ ဖြစ်ပါတယ်။

နောက် ခန္ဓာကိုယ်ကြီးထွားစေတဲ့ အုပ်စုမှာတော့ အသား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေပါဝင်ပါတယ်။

ရောဂါကာကွယ်စေတဲ့ အုပ်စုမှာတော့ အသီးအရွက်အမျိုးမျိုးဖြစ်တဲ့ ကန်စွန်းရွက်၊ မုန်ညှင်း၊ ဟင်းနုနယ်၊ ဘူးညွန့်၊ ဒန့်သလွန်ရွက်၊ မြင်းခွာရွက် စတာတွေအပြင် ငှက်ပျောသီး၊ သင်္ဘောသီး၊ လိမ္စေ္မ်ာသီး၊ နာနတ်သီး၊ ရွှေဖရုံသီး စတဲ့ အ၀ါရောင်ရှိတဲ့ အသီးအနှံတွေနဲ့ မုန်လာဥနီ၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ပဲစောင်းလျားသီး၊ ဆီးဖြူသီး၊ ပဲပင်ပေါက် စတာတွေဖြစ်ပါတယ်။

အဲ့ဒီအစာအုပ်စုကြီးသုံးခုစလုံးကို နေ့စဉ် မျှတအောင် မှီဝဲသုံးဆောင်တတ်ဖို့လိုပါတယ်။ ဒါမှ ကျန်းမာသန်စွမ်းပြီး တော်ရုံတန်ရုံနဲ့ ရောဂါမဖြစ်ပွားနိုင်ပါဘူး။

မြန်မာလူမျိုးတွေ စားသုံးလေ့ရှိတဲ့ အစားအစာတွေဟာ အစာအုပ်စုသုံးခုစလုံး ပါဝင်ပါတယ်။ ဥပမာ – အသား ဟင်း (ဒါမှမဟုတ်) ပဲဟင်းတခွက်၊ အသီးအရွက်အရည်သောက်နဲ့၊ အတို့အမြှုပ်တို့ကို ထမင်းနဲ့စားသုံး ကြတဲ့ အတွက် အစာအာဟာရမျှပါတယ်။ အများအားဖြင့်တော့မြန်မာတွေဟာ အဆီနဲ့ အငန်ကို ပိုမိုစားသုံးကြပါတယ်။

အဆီ နဲ့ အငန်ကို အများအပြားနေ့စဉ်စားသုံးသူတွေဟာ သွေးတိုး၊ ဆီးချို ရောဂါတွေနဲ့ ဆက်စပ်မှုရှိပြီး အသည်းအဆီဖုံးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေ ဖြစ်ပွာနိုင်ချေ များပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာက TV ၊ ရေဒီယို စတာတွေကနေ အဆီနဲ့အငန်ဓာတ်ကို လက်ရှိစားသုံးနေသည်မှ ထက်ဝက် လျှော့ချရန် အသိပေးကြေငြာနေတာဖြစ်ပါတယ်။

ကျွန်တော်တို့ စားသုံးနေတဲ့ အစားအစာတွေထဲမှာပါဝင်တဲ့ စွမ်းအင်ပမာဏကို kilo-calorie နဲ့တွက်ချက်ပါတယ်။ အလုပ်ကြမ်းလုပ်ရတဲ့ အရွယ်ရောက်ပြီး အမျိုးသားတယောက်အနေနဲ့ တနေ့ကိုလိုအပ်တဲ့ စွမ်းအင်ပမာဏက ၃၅၀၀ kilo-calorie လိုအပ်ပြီး အမျိုးသမီးဆိုရင် ၂၂၅၀ kilo-calorie လိုအပ်ပါတယ်။ ပုံမှန် သွားသွားလာလာ အလုပ်လုပ်တဲ့သူတွေမှာတော့ အမျိုးသားဆိုရင်၂၇၀၀ kilo-calorie လိုပြီး အမျိုးသမီးမှာ ၂၀၀၀ kilo-calorieလိုပါတယ်။ နားနားနေနေ နေရတဲ့လူတွေမှာတော့ အမျိုးသားဆိုရင် ၂၀၀၀ kilo-calorie လိုပြီး အမျိုးသမီးဆိုရင် ၁၆၀၀ kilo-calorie လိုပါတယ်။ ဒီလိုလိုအပ်တဲ့ calorie ပမာဏ ပြည့်မီအောင် အားအင်ဖြစ်စေတဲ့ အုပ်စုကို လုံလုံ လောက်လောက်စားပေးရပါမယ်။

ကျွန်တော်တို့နိုင်ငံက အစာရေစာပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်လို့ အာဟာရချို့တဲ့တာရှားပါတယ်။ ပေါများတာကတော့ အဆီအစိမ့် အစားများပြီး အ၀လွန်နေတဲ့ လူတွေပဲပေါပါတယ်။ ဒါပေမယ့် အချို့ ဗီတာမင်ချို့တဲ့တဲ့ လူတွေလဲရှိပါတယ်။ ဗီတာမင်ချို့တဲ့ တာဟာ လူကြီးတွေမှာ ဖြစ်ရင် ခံနိုင်ရည်ရှိလို့ ဗီတာမင်ချို့တဲ့ တဲ့ လက္ခဏာ သိပ်မတွေ့ရပေမယ့် ကလေးသူငယ်တွေမှာ ချို့တဲ့ရင်အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးနေတဲ့ ကလေးသူငယ်အရွယ်တွေမှာ အာဟာရကို ပြည့်ဝမျှတအောင် စားသုံးပေးဖို့ အရေးကြီးပါတယ်။

ဗီတာမင်တွေကို ခန္ဓာကိုယ်က မထုတ်လုပ်ပါဘူး။ ဗီတာမင်ကို ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေက ရပါတယ်။ လူတယောက်အသက်ရှင်ဖို့ အတွက် ခန္ဓာကိုယ်က ဗီတာမင်လိုအပ်ပါတယ်။ Vitamin ဆိုတဲ့ စကားကိုက Latin(လက်တင်)ဘာသာကနေ ဆင်းသက်လာပြီး Vita = အသက်၊ amine =ဖြစ်စေခြင်း (အသက်ရှင်ဖို့အတွက်မရှိမဖြစ်) လို့အဓိပ္ပာယ်ရပါတယ်။

လူတွေရဲ့ အဓိကလိုအပ်တဲ့ vitamin တွေကတော့ Vit A, Vit D, Vit E, Vit K ပြီးတော့ Vit B complex ရဲ့ အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ B1 ခေါ်သိုင်ယာမင်း၊ B2 ခေါ် ရိုင်ဘိုဖလေဗင်၊ B3 ခေါ် နိုင်ယာစင်ဓာတ်၊ B6 ခေါ် ပိုင်ရီဒေါက်စင်း၊ ဘိုင်အိုတင်၊ Folate, B12 နဲ့ Vitamin C တို့ဖြစ်ပါတယ်။ Vitamin A က အသည်း၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ငါးကြီးဆီ စတာတွေမှာပါဝင်ပါတယ်။ Vit A ချို့တဲ့ ရင် အဓိကအားဖြင့် မျက်စိကိုထိခိုက်ပါတယ်။ ညဘက်မျက်စိကွယ်ခြင်း (ကြက်မျက်သင့်) ရောဂါ စတင်ဖြစ်ပြီး နောက်ပိုင်း လုံးဝမျက်စိကွယ်တဲ့ အထိဖြစ်တတ်ပါတယ်။ အရေပြားမှာခြောက်သွေ့ခြင်း၊ အသားမာပေါ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။

Vit D ချို့တဲ့ ရင်တော့ အရိုးပျော့နာဖြစ်တတ်ပါတယ်။ Vit D က အဓိကအားဖြင့် နေရောင်ကနေ အရေပြားကို ထိရာမှ အရေပြားကနေ ခန္ဓာကိုယ်ထဲကို Vit D ဓာတ်ထုတ်ပေးပါတယ်။ ကြက်ဥဘဲဥ အနှစ်၊ ငါးကြီးဆီ၊ ထောပတ်၊ နို့စတာတွေမှာ Vit D အနည်းငယ် ပါဝင်ပါတယ်။ ကလေးတွေမှာ Vit D ချို့တဲ့ရင် နံရိုးလေးတွေက ပုတီးစေ့လေးတွေလို ဖြစ်လာပါတယ်။ ထိရင်နာတယ်။ စိတ်ကောက်လွယ်တယ်။ ခြေချင်းဝတ်၊ လက်ကောက်ဝတ် ရောင်လာတယ်။ ခေါင်းခွံ အရိုးမှာ ပျော့တဲ့ နေရာလေးတွေ စမ်းမိလာပါတယ်။ ခြေထောက်ခွင်လာပါတယ်။

Vit E ကတော့ဟင်းသီးဟင်းရွက်ဆီနဲ့ ကောက်ပဲသီးနှံတွေမှာ အများအပြားပါပါတယ်။ Vit E ကခန္ဓာကိုယ်ရဲ့ အဓိက cell တွေကိုထိန်းသိမ်းပါတယ်။ Vit E ချို့တဲ့တာရှားပါတယ်။ ချို့တဲ့ရင်တော့ ပထမဆုံး သွေးအားနည်းတာ ဖြစ်တတ်ပါတယ်။ Vit E က နှလုံးသွေးကြောရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
Vit K ကတော့သွေးခဲခြင်းဖြစ်စဉ်မှာပါဝင်ပြီး ချို့တဲ့ရင်တော့ သွေးထွက်ရင်သွေးတိတ်နှေးတာ ဖြစ်တတ်ပါတယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်နဲ့ အသည်းမှာ အများအပြား ပါဝင်ပါတယ်။

မွေးကင်းစကလေးငယ်တွေမှာ ချို့တဲ့တာဖြစ်တတ်ပါတယ်။ မိခင်ကနေ အချင်းမှတဆင့် Vit K ရရှိတာ မလုံလောက်ခြင်း၊ မိခင်နို့မှာ Vit K အနည်းငယ်သာပါရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ မွေးကင်းစကလေးတိုင်းကို Vit K ထိုးပေးပါတယ်။
Vit B2 လို့ခေါ်တဲ့ ရိုင်ဘိုဖလေဗင် ချို့တဲ့ရင်တော့ လျှာမှာနီရဲပြီး ရောင်လာခြင်း၊ ကျီးကန်းပါးစပ်လို့ ခေါ်တဲ့ ပါးစပ်ထောင့်တွေ နာကျင်ပြီး ကွဲအက်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။

နိုင်ယာစင်ဓာတ်ချို့တဲ့ရင်တော့ Pellagra လို့ခေါ်တဲ့ အရေပြားမှာ ရောင်ရမ်းနီရဲခြင်း၊ လျှာနဲ့ပါးစပ်ပူလောင် နီမြန်းခြင်း၊ ၀မ်းလျှောခြင်းနဲ့ နောက်ပိုင်းစိတ်အနှောင့်အယှက်ဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ ပြောင်းဆန်ကို အဓိက အစားအစာအဖြစ် စားသုံးတဲ့လူတွေမှာဖြစ်ပါတယ်။ Niacin ဓာတ်ဟာ လတ်လတ်ဆတ်ဆတ် အသားငါးတွေနဲ့ အသီးအရွက်တွေမှာ ပါပါတယ်။
Vit B6 ခေါ် ပိုင်ရီဒေါက်စင်းဟာ အစားအစာအများစုမှာ ပါဝင်ပါတယ်။ အဓိကအများဆုံးပါဝင်တာကတော့ အသားငါး၊ အာလူး၊ ငှက်ပျောသီးတို့မှာ ပါပါတယ်။ B6 ချို့တဲ့တာရှားပါတယ်။

Vit C ခေါ် ascorbic acid ချို့တဲ့ရင် Scurvy ရောဂါဖြစ်ပါတယ်။ သွားဖုံးတွေရောင်လာမယ်။ သွားဖုံးက သွေးထွက်လွယ်မယ်။ အရေပြားမှာ အညိုအမည်းကွက်တွေ ပေါ်လာမယ်။ သွေးအားနည်းတာတွေဖြစ်လာ ပါတယ်။ Vit C အဓိကပါဝင်တဲ့ အစားအစာတွေကတော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ၊ ရှောက်သီး၊ ခရမ်းချဉ်သီး၊ အာလူး စတာတွေမှာပါဝင်ပါတယ်။

ဒီနေရာမှာ အဓိကပြောချင်တာကတော့ မြန်မာနိုင်ငံက နို့စို့အရွယ်နဲ့ တစ်နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များတဲ့ B1 ချို့တဲ့တဲ့ ရောဂါဖြစ်တဲ့ Beri Beri ရောဂါဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်တဲ့ ရောဂါဖြစ်ပါတယ်။ မြန်မာလို သူငယ်နာရောဂါလို့ ခေါ်ပါတယ်။ နို့စို့အရွယ် တစ်နှစ်အောက်ကလေးငယ်တွေဟာ မိခင်နို့ကို အဓိက အစာအာဟာရအဖြစ် စားသုံးနေရတာဖြစ်ပါတယ်။ မိခင်ဟာ အစာအာဟာရပြည့်ဝအောင် မစားဘဲ အစာကို ဟိုဟာရှောင်၊ ဒီဟာရှောင်နေရင် မိခင်အနေနဲ့ ဘာမှမဖြစ်ပေမယ့် နုနယ်တဲ့ ကလေးငယ်တွေမှာ မိခင်နို့မှာ Vitamin လုံလောက်အောင်မပါတဲ့အတွက် Vitamin ချို့တဲ့ပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ထိခိုက်ပါတယ်။

Vit B1 ချို့တဲ့တဲ့ Beri Beri ရောဂါဟာ မိခင်နို့ မသောက်သုံးရတဲ့ ကလေးတွေ၊ မိခင်နို့တိုက်သော်လည်း အမေ အစားရှောင်တဲ့ ကလေးတွေမှာ အဓိကဖြစ်ပါတယ်။ တချို့မိခင်တွေ အယူမှားနေတာက သူငယ်နာဖြစ်မှာစိုးလို့ အစားရှောင်တာလို့ ပြောပါတယ်။ အမှန်ကတော့ အမေအစားရှောင်လို့ ကလေးမှာ သူငယ်နာရောဂါဖြစ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တစ်ဦး အနေနဲ့ မိမိရဲ့ကလေးငယ် ရောဂါဘယကင်းရှင်းပြီး ကျန်းမာသန်စွမ်းစေချင်တယ် ဆိုရင် အစာမရှောင်ဘဲ အစာအုပ်စုသုံးခုစလုံးကို မျှတအောင် စားပေးရပါမယ်။ အခုခေတ်အထိ မိခင်နို့စို့တဲ့ ကလေးတစ်ဦးအတွက် မိခင်နို့ရည်ထက်ပိုကောင်းတဲ့ အရာကို သိပ္ပံ ပညာရှင်တွေ မတီထွင်နိုင်သေးပါဘူး။

မိခင်နို့ရည်သာ ကလေးငယ်အတွက် အသင့်အလျော်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။ မွေးဖွားပြီး နာရီဝက်အတွင်း မိခင်နို့ရည်ကို စတိုက်သင့်ပါတယ်။ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်မှာ ကလေးအတွက် ရောဂါကာကွယ်ပေးမယ့် ပဋိပစ္စည်းတွေ အများအပြားပါဝင်လို့ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်ကို တိုက်ရပါမယ်။ ကလေးအသက် ခြောက်လကျော်ရင်တော့ ဖြည့်စွက်စာတွေဖြစ်တဲ့ ထမင်းရည်၊ ဆန်ပြုတ်၊ ထမင်းပျော့ပျော့၊ အာလူး၊ ငှက်ပျောသီးမှည့်၊ သင်္ဘောသီးမှည့်၊ ဟင်းရွက်၊ အသည်း၊ ပဲဟင်းချို၊ ကြက်ဥ၊ ဘဲဥ၊ ငါး၊ အသား စတာတွေကို တမျိုးစီ ဖြည်းဖြည်း အကျင့်လုပ်ပြီး ကျွေးပေးရပါမယ်။

နို့တိုက်မိခင်ကလည်း အစားမရှောင်ဘဲ အစုံစားရပါမယ်။ B1 ပါဝင်တဲ့ အစားအစာတွေကတော့ အဓိကအားဖြင့် ဆန်စပါး၊ ဂျုံ စတဲ့ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ အသား စတာတွေမှာ ပါပါတယ်။ B1 ဓာတ်ဟာ အဓိကအားဖြင့် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ဆန်ရဲ့ အပေါ်ယံအလွှာမှာ ပါဝင်ပါတယ်။ ဆန်ကို အထပ်ထပ် ပွတ်တိုက်ဆေးကြောပစ်ရင် အပေါ်ယံအလွှာက B1 ဓာတ်တွေဟာ ပျက်ပြယ်သွားတဲ့အတွက် အဲဒီဆန်နဲ့ချက်တဲ့ ထမင်းမှာ B1 ဓာတ်ချို့တဲ့ပါတယ်။ ဒါကြောင့် ထမင်းချက်ရင် ဆန်ကိုတအားပွတ်မဆေးဘဲ အလွန်ဆုံး တစ်ထပ်ပဲဆေးပြီး ရေခန်းချက်တာ အသင့်လျော်ဆုံးပါပဲ။

အသက်တစ်နှစ်အောက် ကလေးငယ်တွေမှာ B1 ချို့တဲ့ရင် ရုတ်တရက် အသက်ရှူရခက်ပြီး မောလာတာ၊ နို့မစို့နိုင်ဖြစ်ပြီးအန်တာ၊ ခြေဖျားလက်ဖျားးတွေအေးပြီး ပြာလာတာ၊

 နှုတ်ခမ်းတွေ ပြာလာတာ၊ ရုတ်တရက်ဖျားလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဓိကလက္ခဏာတွေ မိမိရဲ့ နို့စို့အရွယ် ရင်သွေးငယ်တွေမှာ ဖြစ်ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးပြသဖို့လိုပါတယ်။

ဒါကြောင့် အစားအစာ စားသုံးရာမှာ ဖြစ်သလို တော်သလို စားသုံးခြင်းမပြုဘဲ အာဟာရဓာတ်ဖြစ်မယ့် အစားအစာများကို မျှတအောင် ရွေးချယ်စိစစ်ပြီး စားသုံးရပါမယ်။ အထူးသဖြင့် အစာအာဟာရနဲ့ Vitamins တွေပိုမိုလိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နဲ့ နို့စို့အရွယ်ကလေးငယ်တွေ ခန္ဓာကိုယ်ဖွံ့ဖြိုး ကြီးထွားနေတဲ့ ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ ပိုမိုဂရုပြုစားသုံးသင့်ပါတယ်။

ဒါကြောင့်မိမိတို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ မည်သည့်အစာမှာ မည်သို့သော အာဟာရဓာတ် ပါဝင်ကြောင်းကို သိရှိ နားလည်ပြီး အစာအုပ်စု သုံးစုလုံးကို မျှတအောင် ရွေးချယ်စားသုံးပါက ရောဂါဘယကင်းဝေးပြိး ကျန်းမာသန်စွမ်းတဲ့ ဘ၀ကို ရရှိစေမှာဖြစ်ပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ