သွေးတိုးရောဂါဘေးမှ ကင်းဝေးစေရန်


သွေးတိုးရောဂါသည် အသက် ၄ဝ ကျော်လာသည့် လူကြီး အတော် များများတွင် ဖြစ်လေ့ရှိသော ရောဂါဖြစ်သည်။ သွေးတိုးရောဂါဟုဆိုသဖြင့် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေ သောသွေးလွှတ်ကြော၊ သွေးပြန်ကြောများမှ သွေးများတိုးပွားလာခြင်း မဟုတ်ပါ။ ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးရောက်ရှိစေရန် နှလုံးမှ
သွေးကိုညှစ်ပို့ရသည်။ ထိုသို့ညှစ်ပို့ရသော သွေးဖိအားသည် ပုံမှန်မဟုတ်တော့ဘဲ ပုံမှန်ထက်ပို၍ တိုးလာခြင်း၊ သွေးပို့ညှစ်သည့် ဖိအားတိုးလာခြင်းကို သွေးတိုးရောဂါဟုခေါ် သည်။

အနောက်တိုင်း သွေးပေါင်ချိန် ကိရိယာတွင် ပြဒါးနှင့်တိုင်းသော ဖိအားအပေါ် ၁၄ဝ မီလီမီတာ၊ ပြဒါးနှင့် အောက် ၉ဝ မီလီမီတာ၊ ပြဒါး အထက်ကျော်လွန်သွားလျှင် သွေးတိုးရောဂါဝင်လာပြီဟု သတ်မှတ်ပေသည်။ ပုံမှန်လူကောင်းတစ်ယောက်၏ နှလုံးမှညှစ်သော သွေးဖိအားမှာ အပေါ် ၁၂ဝ မီလီမီတာ၊ ပြ
ဒါးအောက် ၈ဝ မီလီမီတာဟု သတ်မှတ်ထားပေသည်။ တစ်နည်းအားဖြင့် စြ ၁၂ဝ - ၈ဝာာါံ သည် အကောင်းဆုံးဟု ဆိုသည်။

တိုင်းရင်းမြန်မာဆေးပညာတွင်လည်း သွေးစမ်းပညာရှိသည်။ လက်မဆစ်အရင်း လက်ကောက်ဝတ် အခြေတွင်ရှိသောသွေးကြောသည် နှလုံးမှထွက်လာသော ပင်မသွေးကြောကြီးနှင့် ဆက်လျက်ရှိသည်။ ထိုသွေးကြော တွင် သွေးတိုးပုံအနေအထား အမျိုးမျိုးကို လေ့လာရာတွင် သွေးလုံးကြီးသော သွေးတိုး၊
သွေးလုံးငယ်သောသွေးတိုး၊ အလယ်အလတ်သွေးတိုးဟူ၍ အခြေခံသုံးမျိုးကိုတွေ့ရသည်။ ထိုသုံးမျိုးတွင် ပူ၍သွေးလုံးကြီးသော သွေးတိုးသည် မကောင်းပေ။ အေး၍ အလယ်အလတ် ရှိသောသွေးတိုးသာ အကောင်းဆုံးဖြစ်သည်။ သွေးတိုးရောဂါရင့်လာလျှင် လက်ကောက်ဝတ်တွင် ဆောင့်တိုးပြီး မြွေကဲ့သို့တိုးသော သွေးတိုး၊ ဖားကဲ့သို့ခုန်သော သွေးတိုး၊ ပုစွန်ဆိတ်ကဲ့သို့ခုန်၍တိုးသော သွေးတိုးများသည် သွေးစမ်း ပညာရပ်တွင် မကောင်းသော သွေးတိုးများဖြစ်သည်။

သွေးတိုးဝေဒနာ ခံစားနေရသူ၏ ရုပ်လက္ခဏာမှာလည်း မျက်နှာမကြည်လင်ခြင်း၊ ခေါင်းအုံခေါင်းခဲခြင်း၊ ဇက်ကြောတက်ခြင်း၊ နထင်နှင့်မျက်ခုံးအကြောများ တင်း၍ကိုက်ခြင်း၊ အိပ်ချင်ခြင်း၊ သမ်းဝေခြင်း၊ အာရုံမစူး
စိုက်နိုင်ခြင်း၊ မျက်စိအမြင်အာရုံ မကြည်လင်ခြင်း ဝေဒနာများကို ခံစားနေရတတ်သည်။ အလွန်သွေးတိုးတက်နေလျှင် မျက်စိထောင့်မှသွေးကြောလေးများ နီရဲနေသည်ကို တွေ့ရနိုင်သည်။ သွေးဖိအား အလွန်အမင်းတိုးခြင်းကြောင့် မျက်စိသွေးကြောငယ်လေးများ ပေါက်ခြင်း၊ ဦးနှောက်အတွင်း သွေးကြော ပေါက်၍ လေဖြတ်ခြင်းအထိ ဖြစ်နိုင်ပေသည်။

လေဖြတ်ရောဂါ ဖြစ်ရသူအတော်များများသည် သွေးတိုးရောဂါအကြောင်းအရင်းခံ ကြောင့် ဖြစ်ရသည်။
 သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါတို့ သည် ညီနောင်ရောဂါများဖြစ်သည်။ တစ်ခု
ဖြစ်လျှင် တစ်ခုဆက်၍လာတတ်သည်။ အစားအသောက်၊ အနေအထိုင် ခေတ်နှင့်အညီ ပြောင်းလဲ လာမှုကြောင့် ရှေးက အသက်ကြီးသူများတွင်သာဖြစ်လေ့ရှိသော လေဖြတ်ရောဂါမှာ ယခုအခါ အသက် ၃ဝ ကျော်
လူငယ်လူရွယ်များတွင်ပါ ဖြစ်လာသည်ကို တွေ့ရသဖြင့် တရားခံကိုရှာဖို့လိုလာသည်။

လူ့သက်တမ်းတိုစေသော အကြောင်းအမျိုးမျိုးတို့တွင် သွေးတိုးရောဂါသည် ထိပ်ဆုံးမှပါဝင်သည်။ သွေးတိုးခြင်း၏ နောက်ဆက်တွဲအဖြစ် လေဖြတ်ခြင်းရောဂါကြောင့်ပင် ကမ္ဘာပေါ်တွင် လေးစက္ကန့်တိုင်းတွင်လူတစ်ဦးမသန်မစွမ်းဘဝသို့ ရောက်လျက်ရှိ သည်ဟုဆိုသည်။ သွေးတိုးကြောင့် လေဖြတ်ပြီး ဦးနှောက် သွေးကြောပြတ်ကာ အသက်သေဆုံးရသူများရှိသည်။ အသက်မသေသူများမှာလည်း ပကတိပြန်ကောင်းသူ အလွန် ရှားသည်။ ကျန်ရှိသောဘဝတစ် လျှောက်လုံး မသန်မစွမ်းဘဝဖြင့်နေသွားရသဖြင့် သွေးတိုး ရောဂါသည် အလွန်ကြောက်စရာ ကောင်းသောရောဂါဖြစ်သည်။ သွေးတိုးအကြောင်းပြောရလျှင် မျိုးရိုး
ကြောင့်ဖြစ်သော သွေးတိုးရောဂါအကြောင်း အရင်ဦးဆုံး ပြောရမည်ဖြစ်သည်။ ကံကြောင့် ဖြစ်သော သွေးတိုးဟုလည်း ဆိုနိုင်ပေသည်။ မျိုးရိုးလိုက်ဝသူများတွင် ပို၍တွေ့ရသည်။ အချိုရှောင်၊ အငန်ရှောင်၊ အနေအထိုင်ဆင်ခြင်၊ စိတ်သောကမများအောင် ဆင်ခြင်နေထိုင်ခြင်းဖြင့်သာ လေဖြတ်ခြင်းမှ ကာကွယ်
ပြီး အသက်ရှည်ရှည်နေနိုင်မည်ဖြစ်သည်။ လမ်းလျှောက်ခြင်း၊ အဆီကျအောင် ကြိုး စားခြင်း၊ အပူအအေးမျှတအောင် နေထိုင် ခြင်းဖြင့် သက်တမ်းစေ့နေနိုင်သည်။

ကမ္ဘာပေါ်ရှိ လူမျိုးများစွာတွင် အငန်စားသုံးမှုအများဆုံးကို သုတေသနပြုကြည့်ရာ မြန်မာ လူမျိုးများသည် ဒုတိယလိုက်သည် ဟုဆိုသည်။ ဟင်းခတ်ဆားကို အလွန်အကျွံသုံးစွဲမှုကို လေ့လာသောအခါတွင်လည်း ဒုတိယ ဆားအစားဆုံး လူမျိုးဖြစ်သည်ဟုဆိုသည်။ စားသုံးသည့် ရိုးရာဓလေ့ အစားအစာများမှာလည်း ငါးပိ၊ ငါးခြောက်စသည့် ဆားများစွာဖြင့် နှပ်ထားသော အစာမျိုးဖြစ် သည်ကိုတွေ့ရပြန်သည်။ မြန်မာနိုင်ငံတွင်ပင် လေဖြတ်မှုနှုန်းကို ဆန်းစစ်ကြည့်သောအခါ ငါးပိ၊ ငါးခြောက်ထွက်သော ဧရာဝတီတိုင်း
တွင် အများဆုံးဖြစ်သည်ဟု မြန်မာတိုင်းမ် သတင်းစာကြီးတွင် လွန်ခဲ့သောငါးနှစ်ခန့်က ဖတ်လိုက်ရဖူးသည်။

ဆားသည် လူသားနှင့် တိရစ္ဆာန်များတွင် မရှိမဖြစ်လိုအပ်သော အာဟာရမျိုးဖြစ်သည်။ ဘုရားရှင်လက်ထက်ကပင် တောထဲတွင် တရားအားထုတ်ကြသော ရသေ့ရဟန်းများ သည် ဆားအလှူခံရန် သပိတ်ဖြင့် လူများရှိရာအရပ်သို့ တစ်နှစ်တစ်ကြိမ် ကြွလာရသည်ဟုဆိုသည်။ တောတွင်းရှိ တိရစ္ဆာန်များ
မှာ ဆားကျင်းရှိရာမြေကြီးသို့ လာရောက် တူးဆွပြီး ဆားစားကြသည်ဟုဆိုသည်။

လူ၏ခန္ဓာကိုယ်ရှိ ကြွက်သားမှန်သမျှ နှလုံးကြွက်သားအပါအဝင် ဆားဓာတ်ဖြင့် အလုပ်လုပ်ရသည်ဟုဆိုသည်။ အားကစားသမားများ ချွေးထွက်လွန်ပြီး ဆားဓာတ်ဆုံးရှုံး သောအခါ ကြွက်တက်တတ်သည်။ ထိုအခါ ဆားကိုရေဖျော်ပြီး ချက်ချင်းတိုက်ပေးလျှင် ကြွက်တက်သက်သာသည်။ အချို့သွေးတိုး နှလုံး၊ ရောဂါရှိသူများ ဆားကိုရှောင်လွန်းလျှင်လည်း ညအိပ်ရာဝင်ချိန် အိပ်ရာထဲတွင် ကြွက်တက်တတ်သည်ကို တွေ့ရသည်။ သွေးချိုဆီးချိုရောဂါရှိသူများ ရုတ်တရက်မူးလဲ သောအခါ သွေးစစ်ကြည့်လျှင် သွေးထဲ
တွင် သကြားဓာတ်အလွန်နည်းနေသည်ကို တွေ့ရသဖြင့် သကြားလုံးစသော အချိုဓာတ်
ပါသည့်အစာကို ချက်ချင်းကျွေးရသည်။ အချို့ဆိုလျှင် အချိုရည်သွင်းရသည်အထိ ဖြစ် တတ်သည်။

ထို့အတူပင် သွေးတိုးမှာစိုးရိမ်ပြီး အငန်ကို အလွန်ရှောင်ရာမှ နှလုံးကြွက်သားနှင့် အခြားခန္ဓာကိုယ်မှ ကြွက်သားများအားနည်း လာမှာကို စိုးရိမ်ရသည်။ အငန်ရှောင်ရသူ တစ်ဦးအတွက် ဟင်းများကို အပေါ့ချက်သောအခါ ကျန်သောအိမ်သားများပါ ခံတွင်းမတွေ့တော့ဘဲ မိသားစုထမင်းဝိုင်းတွင် အစား အသောက်များ စားမကောင်းဖြစ်သွားလေ့ ရှိသည်။

ရိုးရာဆေးပညာရှုထောင့်မှ အငန်မှန်သမျှ သွေးတိုးသည်ဟုမယူဆ။ ပုပ်ငန်သောအစာများကသာ သွေးတိုးသည်။ အပုပ်နံ့ရှိသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ငါးပိကောင်၊ ငန်သောပုစွန်ခြောက်တို့အပြင် အချဉ်နံ့ရှိ သောအစာများ ငါးချဉ်၊ နှမ်းဖတ်ချဉ်၊ ပုစွန်ချဉ် စသည်များလည်း သွေးတိုးစေနိုင်သည်။ မသန့်ရှင်းသော အစာများတွင်လည်း အတွင်းတွင် အပုပ်ဓာတ်၊ အချဉ်ဓာတ်တို့ ကိန်းအောင်းနေသဖြင့် မငန်ဘဲ သွေးတိုးစေနိုင်သည်။ ရိုးရာဆေးပညာအယူအဆတွင် လေစာသည်လည်း အဓိကကျသည်။ သွေးတိုးရောဂါ ကိုကုသသော ရှေးမြန်မာဆရာကြီးများက သွေးတိုးဟူသည် လေတိုးပင်ဖြစ်သည်။ ခန္ဓာကိုယ်တွင်းရှိ ဝါယောဓာတ် တွန်းအားကြောင့် နှလုံးမှသွေးများသည် ခန္ဓာကိုယ်အနှံ့အပြားသို့ လည်ပတ်ပြီး နှလုံးသို့ပင် ပြန်လည်ရောက်ရှိလာသည်ဟု ယူဆကြသည်။ ထို့ကြောင့် လေစာများများစားလျှင် ဝါယော
ဓာတ်တွန်းကန်အားများပြီး သွေးတိုးလာမည် ဟု ယူဆကြသည်။ လေစာမှန်သမျှ သွေးတိုးစေနိုင်သည်ဟု မြန်မာ့ဆေးပညာရှင်များက ယူဆသည်။ သွေးတိုးသည် လေတိုးဖြစ်သည်။ သွေးဖိအားကို လေကတွန်းသောကြောင့်
 သွေးတိုးရခြင်းဖြစ်သည်ဟု ယူဆသည်။ လေပွလေပျက်စေသော အစာများကြောင့် သွေးတိုးနိုင်သည်။ ခွေးတောက်ရွက်၊ တမာရွက်၊ ကြောင်လျာသီး၊ ကြက်ဟင်းခါး၊ မျှစ်ချဉ်၊ ဆူးပုပ်ကြီး၊ တညင်းသီး၊ လက်ဖက်၊ ဝက်သား စသည်များကို သွေးတိုးစေသည့် အစာများအဖြစ်ယူဆ သည်။ တစ်နေ့တည်းတွင် လေစာနှစ်မျိုးတွဲ စားသူများသည် သွေးတိုးတက်ပြီး ဦးနှောက်သွေးကြောပေါက်ကာ လေဖြတ်သည်ကိုတွေ့ ရဖူးသည်။

တက်စာဟူ၍လည်း ရှိသေးသည်။ ငါးသလောက်၊ ငါးမြင်း၊ ငါးတန်၊ ငါးပတ်တို့ ကို တက်စာများ ဟုယူဆသည်။ အုန်းနို့ပါ သောအစာ၊ အုန်းထမင်း၊ ဒံပေါက်၊ အဆီများသော ဝက်သားနှင့် ဖား၊ ပုရစ်စသော မြေအောင်းသားများကိုလည်း တက်စာဟုယူ ဆလေသည်။ ထိုတက်စာမှန်သမျှသည် သွေးတိုးစေနိုင်သည်။ ရေသတ္တဝါများတွင် ငါးသလဲထိုး၊ ငါးရှဥ့်၊ ငါးမြွေတိုး၊ ပုစွန်ဆိတ်ကလေး၊ ဂုံး စသော အစာများကိုလည်း တက်စာများဟု အချို့ဆရာကြီးများက ယူဆသည်။ တက်စာမှန်သမျှ သွေးတိုးတက်စေသည်ဟု ယူဆရမည်ဖြစ်သည်။ မြေအောင်းသားများနှင့် မြေအောင်းသည့်ဥများကိုလည်း အကြောတက် စာများဟုယူဆသည်။ အကြောတက်စေရုံမက အခန့်မသင့်လျှင် သွေးကိုလည်းတက်စေသည်။ အနောက်တိုင်းနည်း ဖြင့်ဆိုလျှင် Bp 140/90 mmHg အထက်သို့ ရောက်စေနိုင်သော အစာများဖြစ်သည်။

သွေးတိုးရောဂါဘေးမှ ကင်းဝေးစေရန်

(၁) စိတ်သောကများကို လျှော့ချပါ။
(၂) ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ် ပါ။
(၃) အိမ်သုံးဆားအငန်ကို လျော့၍ စားသုံး ပါ။
(၄) အသားနှင့်အသီးအနှံကို မျှတစွာစား သုံးပါ။
(၅) လမ်းလျှောက်ခြင်း(သို့မဟုတ်) ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပါ။
(၆) အလွန်ပြင်းထန်သော အားကစား မလုပ်ပါနှင့်။
(၇) ဝမ်းမချုပ်အောင် အစဉ်ဂရုပြုပါ။ ဝမ်း နုတ်ဆေးကိုစွဲ၍

စားသုံးခြင်းမပြုဘဲ

သဘာဝအတိုင်းဝမ်းမှန်အောင် ပြုပြင် ပေးပါ။ အသီးအနှံများများစားခြင်း၊ အိပ်ရာဝင် ရေအဝသောက်ခြင်းဖြင့် ဝမ်းမှန်စေနိုင်ပါသည်။
(၈) အအေးဓါတ်များသောနေရာများတွင်အိပ်စက်ခြင်း မပြုပါနှင့်။ အိပ်စက်လျှင်လည်း စောင်၊ အနွေးထည်များ ဝတ်ဆင်ရန်မမေ့ပါနှင့်။
(၉) အရက်သေစာ၊ ဘီယာ စသည်များကို ရှောင်ကြဉ်လျှင် အကောင်းဆုံးဖြစ်ပါ သည်။
(၁ဝ) ဆေးလိပ်အငွေ့၊ ခြင်ဆေး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ လောင်ကျွမ်းရာမှထွက်သောအငွေ့များမှ ရှောင်ကြဉ်ပါ။
(၁၁) အချိုမှုန့်၊ ဟင်းခတ်မှုန့်၊ အရောင်ဆိုးဆေး၊ ဓာတုပစ္စည်းသုံးစွဲသောအစာများ ကို ရှောင်ကြဉ်ပါ။

(၁၂) သဘာဝနေရောင်ခြည်နှင့် လေကောင်း လေသန့်ရသောနေရာတွင် နေထိုင်နိုင် လျှင် အကောင်းဆုံးဖြစ်ပါသည်။
ဆားနှင့်အငန်ဓာတ်သည် လူ့ခန္ဓာကိုယ် လိုအပ်ချက်ဖြစ်သဖြင့် ရှောင်လွန်းလျှင် စားလွန်းလျှင်လည်းမကောင်းပေ။ ဆားရှောင်ပါသည်ဆိုသူများသည် ဟင်းခတ်မှုန့်များသုံးစွဲပြီး ဟင်းအရသာကောင်းအောင်ချက်ကြသည်။

ထိုဟင်းခတ်မှုန့်သည် အရသာချိုစေသော်လည်း မူလအရင်းခံမှာ ဆားများသာဖြစ်ကြောင်း သတိမမူမိကြပေ။ အချိုမှုန့်နှင့် ဟင်းခတ်မှုန့်သုံးစွဲသောနေရာတိုင်းတွင် သွေးတိုးရောဂါရောက်ရှိလာသည်ကို သတိပြုကြဖို့ လိုသည်။
သွေးတိုးရောဂါဘေးမှ ကင်းဝေးလိုသူတိုင်း၊ အငန်ဓာတ်နှင့် ဆားကိုရှောင်သလို အချိုမှုန့်၊ ဟင်းခတ်မှုန့်တို့ကိုလည်း ရှောင်ကြဉ် ဖို့လိုသည်။ တစ်နေ့လျှင် ဇွန်းတစ်ဝက်စာမျှ ဖြင့် ခန္ဓာကိုယ်အတွင်းသို့ တစ်နှစ်ကြာလျှင် ရောက်ရှိမည့် ဟင်းခတ်အချိုမှုန့်ပမာဏကို တွက်ဆကြည့်လျှင် သွေးတိုးရောဂါအတွက် ရှောင်ကြဉ်သင့်သည်ကို ဆင်ခြင်နိုင်ပေလိမ့် မည်။

ကြည်လွင်မြင့်(မုဒြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ