မျက်နှာပေါ်က အလှပျက်စေသည့် ဝက်ခြံ ...ဝက်ခြံ .....


ဝက်ခြံ ဟာ မာယာသိပ်များပါသတဲ့။ ဝက်ခြံစဖြစ်ပြီဟေ့ဆိုရင်.. တစ်လုံးပျောက်မယ် မကျန်သေး.. ဟောနောက်တစ်လုံး နောက်တစ်လုံး ဆိုသလို ထွက်လာပါတော့တယ်... စစ်ပွဲတစ်ပွဲ တိုက်နေတာနဲ့ အလားတူပါသတဲ့။ ဝက်ခြံဟာ ခန္ဓာကိုယ်ထဲက ဟော်မုန်းဓာတ်အပြောင်းအလဲ နဲ့ တော်တော်လေးကို သက်ဆိုင်နေပြီး ဆယ်ကျော်သက်လေးတွေမှာ အတွေ့ရအများဆုံးဖြစ်ပါတယ်။

ဒါပေမဲ့လဲ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဝက်ခြံပေါက်တတ်ပါတယ်။ ဥပမာ.. အရွယ်ရောက်ပြီး အမျိုးသမီးတွေဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာနေချိန် နဲ့ ကိုယ်ဝန်တားဆေးသုံးစွဲချိန်တွေမှာ တွေ့ကြုံရတတ်ပါတယ်။ ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးသူတွေမှာ ပေါက်တတ်တဲ့ ဝက်ခြံဟာ အချို့ဆိုရင် လပေါင်းများစွာကြာအောင် အမြစ်ပြတ်စေဖို့ ကုယူကြရပါတယ်။ ဘာပဲပြောပြော .. ဝက်ခြံပေါက်ရင် စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့အတူ အနာရွတ်တွေ ထင်ကျန်ရစ်စေနိုင်တာ သူ့ရဲ့ဆိုးကျိုးတွေပါပဲ။အလှပကြိုက်တတ်သူ လှချင်သူ ပျိုမေများအတွက်တော့ စိတ်ပိုင်းဆိုင်ရာပိုဆိုးကြပါသည် ။

ကောင်းသတင်းလေးကတော့ ဝက်ခြံပျောက်ကင်းအောင် ကုသဖို့ နည်းလမ်းလေးတွေ ရှိပါသတဲ့။ ဝက်ခြံ အနုစားတွေဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုပြုရင်း သန့်စင်အောင် ဆေးကြောပြီး ဝက်ခြံပျောက်စေတဲ့ ခရင်မ်တစ်မျိုးမျိုးကို လိမ်းနိုင်ပါတယ်။ တကယ်လို့ အပြင်းစားဝက်ခြံတွေဆိုရင်တော့ သောက်ဆေးအကူအညီယူဖို့လိုအပ်ပြီပေါ့။

ရောဂါလက္ခဏာ...
အများအားဖြင့် ဝက်ခြံကို မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ကျောကုန်း၊ ပခုံး စတဲ့နေရာတွေမှာ တွေ့ရတတ်ပြီး အဆီ ဂလင်းလေးတွေဟာ အဲဒီနေရာတွေမှာ အတော်များများ ရှိနေလို့ဖြစ်ပါသတဲ့။ ဝက်ခြံတွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင်တော့...
Comedones
Papules
Pustules
Nodules
Cysts
ရယ်လို့ ခွဲထားပါသေးတယ်။ အသေးစိတ်တော့ မရေးတော့ဘူးနော်...

ဝက်ခြံဘာကြောင့်ဖြစ် ..
အကြောင်းအရာ သုံးမျိုးက ဝက်ခြံဖြစ်စေဖို့
၁။ အဆီထွက်လွန်ခြင်း
၂။ အရေပြား မျက်နှာပြင်ပေါ်က ဆဲလ်အသေတွေ ကြွေကျချိန်မှာ ပုံစံမမှန်ပဲ မွှေးညှင်းအိတ် လေးတွေကို ထိခိုက်စေခြင်း
၃။ ပိုးမွှားဝင်ခြင်း တို့ပါပဲ။

မြေပဲ၊ ချောကလက်နဲ့ ရေခဲမုန့်တွေ စားသုံးတာက မိန်းကလေးအများစုမှာ ဝက်ခြံဖြစ်စေပါတယ်။ ဒါဟာ အမှန်တရား လားဆိုတာ အငြင်းပွားနေပေမယ့် ဒါတွေဟာ ဝက်ခြံဖြစ်စေတဲ့ အစားအစာတွေ လို့ The American Academy of Dermatology က ဆိုထားပါတယ်။ အသင့်စား အစားအစာတွေနဲ့ ကာဗွန် ဖြည့်ထားတဲ့ အချိုရည် သောက်သုံးတာတွေ က ဝက်ခြံဖြစ်စေတယ်လို့ Colorado State University က ဆိုပြန်ပါတယ်။

သကြားဓာတ် အများအပြားပါဝင်တဲ့ အချိုရည်သောက်သုံးတာတွေကြောင့် သွေးထဲမှာ အင်ဆူလင်ဓာတ် မြင့်တက်လာစေပါတယ်။ မြင့်တက်လာတဲ့ အင်ဆူလင်က သွေးတွင်း အန်ဒရိုဂျင် ဟော်မုန်း (Androgen hormone) ထုတ်လုပ်တာကို များစေပြီး မျက်နှာကို အဆီပြန်စေပါတယ်။ ဒါကြောင့် ဝက်ခြံဖြစ်ပွားတာကို လျော့နည်းစေဖို့ သကြားဓာတ်ကို လျှော့စားပါ။

ကော်ဖီ၊ လက်ဖက်ရည်သောက်တဲ့အခါ သကြားလျှော့ထည့်ပါ။ ကစီဓာတ် ကြွယ်ဝတဲ့ ပေါင်မုန့်၊ အာလူးနဲ့ ထမင်းတွေကလည်း ခန္ဓာကိုယ်တွင်းမှာ သကြားဓာတ် အဖြစ် ပြောင်းလဲတာကြောင့် ဝက်ခြံကင်းစင်တဲ့ သင့်မျက်နှာကို ပိုင်ဆိုင်နိုင်ဖို့ လျှော့စားပေးပါ။

မွှေးညှင်းအိတ် လေးတွေ အဆီတွေနဲ့ ခဲနေပြီး ဆဲလ်အသေတွေနဲ့ပေါင်းစပ်မိသွားတာဟာ ဝက်ခြံကို အစပျိုးစေပါတယ်။ အဲဒီ မွှေးညှင်းအိတ်လေးတွေ ဟာ ဆီဘမ်လို့ခေါ်တဲ့ အဆီထွက်တဲ့ အဆီအိတ်နဲ့ ဆက်စပ်နေပါသတဲ့။
အဆီအိတ်က ထုတ်လိုက်တဲ့ အဆီတွေဟာ ပုံမှန်ဆိုရင် အရေပြားမျက်နှာပြင်ပေါ်ကို မွှေးညှင်းနဲ့အတူ ဆန်တက်ပြီး မွှေးညှင်းပေါက်မှာ သွားပွင့်ပါတယ်။

တကယ်လို့ အလွန်အမင်း အဆီပြန်တတ်တဲ့ အသားအရေမှာ ဆဲလ်အသေတွေနဲ့ ပေါင်းမိပြီဆိုရင် ပထမဆုံး မွှေးညှင်းပေါက်လေးတွေဟာ အပျော့စား ပိတ်သွားပါတော့တယ်။
အဲဒီမှာ အဖြူရောင်အဆံလေးတွေ စပြီးတော့ ပေါ်လာတော့တာပဲ။ ဒါမှမဟုတ် အမဲစက်လေးတွေ အနေနဲ့လဲ တွေ့နိုင်ပါသတဲ့။

လူအများစု ထင်နေကြသလိုမဟုတ်ပဲ အစားအသောက်ဟာ ဝက်ခြံဖြစ်ပွားမှုအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိပါသတဲ့။

ဝက်ခြံဖြစ်စေဖို့ တွန်းအားတွေ
ဆယ်ကျော်သက် ကျား၊မ မရွေး ဓမ္မတာ မလာမှီ ၂ ရက်မှ ၇ ရက်အလို ကိုယ်ဝန်သည်တွေ
ဆေးသောက်နေတဲ့ သူတွေ.. ဥပမာ.. ကော်တီဆုန်း ပါတဲ့ဆေးတွေပေါ့။

ကျန်တဲ့ တွန်းအားတွေကတော့...
အဆီဓါတ်ပါတဲ့ အလှကုန်ပစ္စည်းတွေ
မိသားစုဝင်တွေမှာ ဝက်ခြံပေါက်တဲ့ အလေ့ရှိနေရင်
အရေပြားပေါ်ကို ဖိအား၊ ပွတ်တိုက်အားများစေတဲ့အကြောင်းရင်းတွေ.. ဥပမာ.. ဟန်းဖုန်း၊ အင်္ကျီကော်လာ အကျပ်တွေ ဝတ်တာ စသဖြင့်ပေါ့။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Mg Mandalay
https://www.facebook.com/mg.mandalay?fref=ts&ref=br_tf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ