Breast Implant ရင်သားအတု

ကျွန်တော့် သမီးက အသက် ၂၉ နှစ်၊ အပျိုပါ။ ၂ဝ၁ဝ ဒီဇင်ဘာမှာ ရင်သား-ကင်ဆာဖြစ်လို့ နှစ်ဘက်စလုံးကို ဖြတ်လိုက်ပါတယ်။ Chemo ဆေးကိုလည်း သွင်းပြီးပါပြီ။ ဓါတ်ရောင်ခြည်ကိုလည်း (့) မှာ ၂ဝ၁၁ July မှစပြီး ၅ ပတ် ပြပြီးပါပြီ။ အခု Tamoxifen သောက်ပြီး Zoladex 10.8 mg ကို ၃ လတစ်ခါ ထိုးနေပါတယ်။ အခု သမီးက ရင်သားအတု တပ်ချင်လို့ ဆရာအနေနဲ့ တပ်သင့် မသင့်နဲ့ ဗဟုသုတအနေနဲ့ ဘယ်လိုခွဲစိတ်ပြီး တပ်ဆင်တယ်ဆိုတာကို သိချင်လို့ ဆရာအားတဲ့အခါ အကြောင်းပြန်ပေးပါခင်ဗျာ။

အတုတွေက အများကြီး အသုံးကျတာ ဆေးပညာမှာလဲ ရှိတယ်။ ခြေတု-လက်တုတွေလိုဘဲ ရင်သား-အတုဟာ Medical prosthesis တခု ဖြစ်တယ်။ အရွယ်အစား၊ ပုံပန်း နဲ့ အထိအတွေ့တွေ ကောင်းလာစေဘို့အတွက် ရင်သားအတု လုပ်ပေးနိုင်တယ်။ ၁၉ ရာစု ကတည်းကနေ လိုအပ်လို့ ပေါ်ပေါက်လာတာပါ။

- Post–mastectomy breast reconstruction ရင်သားမှာ (ကင်ဆာ) ဖြစ်လို့ ခွဲစိတ်ထုတ်ပြစ်လိုက်ရလို့၊
- Congenital defects မွေးရာပါ ရင်ပတ်ပုံပန်း မမှန်ဖြစ်နေလို့၊
- Aesthetic breast augmentation ရင်သား သေးငယ်နေတာကို ပိုပြီးလှပချင်လို့ နဲ့၊
- Creating breasts အရင်က ယောက်ျားလိုလိုကနေ မိန်းမဖြစ်စေအာင် လိင်ပြောင်း ပေးရတာတွေအတွက် လုပ်ကြရတယ်။

ရင်သားအတုမှာ အခြေခံအားဖြင့် အသုံးပြု ပစ္စည်း ၃ မျိုးရှိတယ်။ Saline (စေလိုင်း)၊ Silicone (စီလီကွန်) နဲ့ Composite တခြား အမျိုးအစားတွေ။ Saline implant ဆိုတာလဲ (စီလီကွန်) အကာထဲမှာ ဆားရည် ထည့်ပေးထားတာ ဖြစ်တယ်။ တခြားဟာတွေမှာ Soy oil ပဲပုပ်ဆီ၊ Polypropylene string (ပေါ်လီပရိုပိုင်လင်း) စတာတွေ သုံးတယ်။ ဆားရည်နဲ့ လုပ်တဲ့ ရင်သား-အတုထဲမှာ Salt water 0.90% w/v of NaCl, ca. 300 mOsm/L ဆားရည် ထည့်ထားတယ်။ ပေါ်ကာစတွေတုံးက ယိုတာမျိုး ဖြစ်ခဲ့ပေမဲ့ နောက်ပေါ်တွေက ပိုကောင်းလာတယ်။ ၂ဝဝ၆ လေ့လာမှုအရ (စီလီကွန်) သုံးထားသူကို ထပ်ခွဲပေးစရာလိုရင် ဒီအမျိုးအစားကို သုံးသင့်တယ်လို့ ထောက်ခံချက် ပေးထားတယ်။

(စီလီကွန်) ရင်သားတုဟာ အခုထိ ပဉ္စမမျိုးဆက် ရောက်နေပြီ။ ပိုပိုကောင်းအောင် လုပ်လာတယ်။ ပဌမမျိုးဆက်ကို ၁၉၆၃ မှာ စသုံးတယ်။ Tear-drop-shaped sac "မျက်ရည်ပေါက်ကလေး" လို့ တင်စားတယ်။ ဒုတိယမျိုးဆက်က ၁၉၇ဝ မှာစတယ်။ ပိုပြီး ပါးလာတယ်။ စေးကပ်မှုလဲ လျှော့လိုက်တယ်။ ပေါက်လွယ်ပြန်တယ်။ တတိယနဲ့ စတုတ္ထမျိုးဆက်က ၁၉၈ဝ ကျော်မှာ လာတယ်။

ပဉ္စမမျိုးဆက်ကတော့ ၁၉၉ဝ ကျော်မှာ ပေါ်လာတယ်။ Semi-solid gel ပိုပြီးမာခဲတာကို သုံးတယ်။ ပေါက်တာ ယိုတာ နည်းစေတယ်။ ကိုယ်ရဲ့ တခြားနေရာတွေကိုလဲ မရောက်စေဘူး။ ၂ဝဝ၄ တုံးက လေ့လာမှုအရရော ၂ဝဝ၅ ခုနှစ် Cohesive Silicone gel Breast Implants in Aesthetic and Reconstructive Breast Surgery အရပါ Capsular contracture အဖုံးလွှာ ပိန်သွားတာနဲ့ Device-shell rupture ပေါက်ပြဲတာတွေ လျှော့နည်းတာ တွေ့ရတယ်။

Indications ရင်သားအတု ခွဲစိတ်နည်းတွေကို ဘယ်လိုအခြေအနေတွေမှာ သုံးနိုင်သလဲ -
၁။ Primary reconstruction ကင်ဆာဖြစ်လို့၊ ထိခိုက်ဒဏ်ရာရလို့ ရင်သား-မဖွံ့ထွားနိုင်တဲ့ Tuberous breast deformity ရောဂါရှိလို့ ပဌမဆုံးအကြိမ် လုပ်ရတယ်။
၂။ Primary augmentation နဂိုအနေ ရင်သားကို ပိုထွား-ပိုလှစေချင်လို့ ပဌမဆုံးအကြိမ်လုပ်ရတယ်။
၃။ Revision and reconstruction အရင်တခါလုပ်ထားက မကောင်းနိုင်လို့ အသစ်ထပ်လုပ်ရတယ်။

ဒါးရာ ဘယ်လိုပေးရသလဲ၊ ခွဲစိတ်နည်း၊ ခွဲပြီး ဂရုစိုက်စရာတွေကိုလဲ မရေးတော့ပါ။ လုပ်ချင်သူတွေ စဉ်းစားနိုင်ကြအောင် ဆက်တွဲ ဖြစ်လာနိုင်တာတွေကိုတော့ ရေးပါမယ်။ ခွဲစိတ်မှုတိုင်းမှာ သတိထားစရာတွေဟာ အတူတူပါဘဲ။ မေ့ဆေးအတွက် သတိထားစရာတွေ၊ သွေးယို-သွေးခဲတာ၊ မန်းရည်အောင်တာ၊ ပိုးဝင်တာတွေ အတူတူ ရှိနိုင်တယ်။ ရင်သားအတုထည့်လို့ သန့်သန့် ဖြစ်လာနိုင်တာတွေကတော့ ရင်သား နာမယ်၊ အထိအတွေ့ မတူတာဖြစ်မယ်၊ ကလေး နို့တိုက်ရတာ ခက်မယ်၊ အရေးအကြောင်းတွေ မြင်နေရနိုင်တယ်၊ ဘယ်-ညာ မတူတာတွေ ဖြစ်နိုင်တယ်။

အဓိက ပြဿနာတခုက Implant rupture ပေါက်ပြဲခြင်းဖြစ်တယ်။ (စေလိုင်း) တွေမှာ ထည့်ပြီးတဲ့နောက် ၃ နှစ်နေလို့ ပေါက်ပြဲတာ ၃-၅% ရှိတယ်။ ၁ဝ နှစ်နေရင် ၇-၁ဝ% ရှိတယ်။ ဆားရည်သုံးတာက ပေါက်နေရင် ပြားချပ်သွားမယ်။ ကိုယ်ကနေစုပ်ယူမယ်။ ထွက်လာတဲ့ (စီလီကွန်) တွေကတော့ တခြားနေရာတွေဆီ ရောက်သွားနိုင်တယ်။ ဥရောပမှာ ဒုတိယမျိုးဆက်က ၁ဝ နှစ်အကြာမှာ ပေါက်ပြဲနှုန်း ၈-၁၅% ရှိခဲ့တယ်။

အရိုးတု နဲ့ နှလုံးခုန် မှန်အောင်လုပ်ပေးတဲ့ (ပေ့စ်-မိတ်ကာ) လိုဘဲ ရင်သား-အတုကိုလဲ ကိုယ်ခန္ဓာထဲထည့်ရင် သတိထားစရာတွေ ရှိတယ်။ အတုပစ္စည်းရဲ့ဘေးမှာ (ကိုလာဂျင်-ဖိုင်ဘာ) တွေကနေ လာပြီး ဖုံးအုပ်ကာကွယ်ပေးတယ်။ Capsular contracture ရင်သားအတုရဲ့ အဖုံးလွှာကနေ ပုံပြောင်းသွားတာနဲ့ ကိုယ်ခန္ဓာ တုံ့ပြန်မှုကြောင့် အဖုံးလိုဖြစ်တာကို ခွဲခြားသိဘို့ လိုမယ်။

တခြားနေရာမှာ ဖြစ်တဲ့ရောဂါတွေနဲ့ ဆက်စပ်မှုတွေလဲ ရှိပါသေးတယ်။ Neurological အာရုံကြောရောဂါတွေနဲ့ Rheumatological (ရူမတွိုက်) ရောဂါတွေ ဖြစ်နိုင်တယ်။ Platinum toxicity သတ္ထုနဲ့ မတည့်တာလဲ သတိထားရတယ်။

တကယ်လို့ ကာယကံရှင်က မကြိုက်ရင်၊ ခွဲစိတ်တာက တခုခုအဆင်မပြေဖြစ်ရင် ပြန်ပြင်ရတယ်။ Revision surgery လို့ ခေါ်တယ်။ ဆေးပြဿနာကနေဖြစ်တာတွေ၊ Capsular contracture အဖုံးလွှာ ပုံပြောင်းတာ၊ Shell rupture ပေါက်ပြဲတာ နဲ့ Device deflation ပြားချပ်သွားတာတွေကြောင့် ထပ်ခွဲစိတ်ပေးရတယ်။ Breast reconstruction ရင်သားတခုလုံး ပြန်လုပ်ရသူတွေမှာ ပိုအဖြစ်များတယ်။ ရင်သား-ကင်ဆာ ဖြစ်ထားသူတွေမှာလဲ များတယ်။

Silicone Breast Implants ကို ၁၇-၁၁-၂ဝဝ၆ မှာ အမေရိကန် FDA ကနေ အသိအမှတ်ပြုပေးခဲ့တယ်။ အဲဒီမှာ ဘယ်နှစ်ယောက် ထည့်ထားသလဲ မသိပါ။ ၆ သန်းလောက်လို့ ခန့်မှန်းကြတယ်။ ဒါဆိုရင် အမျိုးသမီး မှန်သမျှရဲ့ ၅% ရှိမယ်။ ၂ဝဝ၈ မှာ American Society of Plastic Surgeons ကနေ စစ်တမ်းတခု ကောက်တော့ ၃ဝ၇ဝဝဝ ယောက်မှာ Cosmetic breast augmentation ရင်သားကို လှချင်လို့ အတုထည့်ထားကြပြီး ၁၁၁ဝဝဝ မှာ Postmastectomy deformities ရင်သား ထုတ်လိုက်ရလို့ ဖြစ်ဖြစ် မွေးရာပါ ချို့ယွင့်နေလို့ဖြစ်ဖြစ် ရင်သားအတု တပ်ထားကြတယ်။ ဒီစာရင်းထဲမှာ တခြား ဆရာဝန်တွေကနေ လုပ်ပေးတာတွေ မပါသေးဘူး။

(စေလိုင်း) အမျိုးအစားဟာ ရင်သားကို လှီးဖြတ်စရာ နည်းတာမျိုးဆို ပိုကောင်းတယ်။ ဒါးရာပေးပြီး နောက်မှ ဆားရည် သွင်းပေးလို့ ဒါးရာ နဲ့ ချုပ်ရိုးတွေလဲ ငယ်မယ်။ Silicone-gel implants ဆိုတာက ကြိုတင်ဖြည့်ထားပြီးသားကို ထည့်ပေးရတယ်။ Saline breast implant ပေါက်သွားရင်တော့ ပြားချပ်လာမယ်။ ဆားရည်ကို ကိုယ်ခန္ဓာက စုပ်ယူလိုက်မယ်။ ဆားရည်က (ဆီလီကွန်) ထက်ပိုပြီး အရွယ်အစား၊ ပုံပန်းနဲ့ အထိအတွေ့ ဆိုတာတွေမှာ ပိုသာတယ်လို့ ဆိုနိုင်ပေမဲ့ စုပ်ပြဲလွယ်မယ်၊ တွန့်နိုင်တယ်၊ ထိရင်-ကြည့်ရင် သိသာနိုင်တယ်။ ဒါ့ကြောင့် ရင်သား အသစ်ထည့်ရသူတွေအတွက် (စီလီကွန်) သုံးတာ ပိုကောင်းမယ်။

- Saline implants ကို အသက် ၁၈ နှစ်ထက် ကြီးသူတွေ လှချင်လို့လုပ်ဘို့နဲ့ သူတို့ထက် အသက်ကြီးသူတွေ ရင်သားအသစ် လုပ်ဘို့ သုံးတယ်။
- Silicone implants တွေကို အသက် ၂၂ နှစ်အထက်ရှိသူတွေ Breast augmentation လှချင်လို့လုပ်ဘို့နဲ့ သူတို့ထက် အသက်ကြီးသူတွေ Breast reconstruction ရင်သားအသစ်လုပ်ဘို့သုံးတယ်။
- ၂ဝဝ၈ မှာ ရင်သား တခုလုံး ထည့်ထားသူတွေရဲ့ ၅၃% ဟာ Saline (ဆေလိုင်း) ဖြစ်ပြီး ၄၇% ဟာ Silicone (စီလီကွန်) ဖြစ်တယ်။ လှချင်လို့ လုပ်ရသူတွေက ပိုများလို့ ဖြစ်မယ်။

အမေရိကားမှာ ရင်သားအတုကို Class III medical device လို့ သတ်မှတ်တယ်။ တခုခုဖြစ်နိုင်စရာအဆင့် ၃ လို့ ဆိုလိုတယ်။ ရင်သားအတု ထည့်တာကို စိတ်ဝင်စားမှုက တက်လိုက် ကျလိုက်နေတယ်။ ရာသက်ပန်ခံမယ်လို့တော့ အာမခံနိုင်ပါ။ ရင်သား-ကင်ဆာကို Mammography စစ်ဆေးရာမှာ ရှုတ်ထွေးတတ်တယ်။ သူများတွေထက် ပိုဂရုစိုက်ရမယ်။ ရင်သားထွားချင်-လှချင်လို့ လုပ်ထားသူမှာ ကလေးရလို့ နို့တိုက်တာမှာလဲ ခက်နိုင်တယ်။ FDA ကနေ Silicone breast implants ထည့်ထားပြီး ၃ နှစ်ရဲ့ နောက်ပိုင်း MRI scans ၂ နှစ်တခါ ရိုက်ဘို့ အကြံပြုထားတယ်။ အထဲမှာ ဘာဖြစ်နေသလဲ သိအောင်လို့။ အထဲမှာ ပေါက်နေတာကို အပြင်ကနေ မသိနိုင်ဘူး။ အထဲမှာ ယိုစိမ့်နေလို့ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေထဲမှာ ကင်ဆာတော့ မပါဘူး။

ရင်သား-အတု တပ်ချင်သူ အမျိုးသမီးတွေဟာ အရွယ်အရ မကြီးကြသေးဘူး။ Psychological distress စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် ရင်သား-အတု တပ်ချင်စိတ်ဖြစ်ကြတယ်။ Self image ကိုယ့်အလှကို ဒီထက်ပိုစေချင်တယ်။ Teasing ပြောင်တာ နောက်တာကို မခံချင်ကြဘူး စသဖြင့်။ ၂ဝဝ၃ Body Image Concerns of Breast Augmentation Patients နဲ့ ၂ဝဝ၆ Body Dysmorphic Disorder and Cosmetic Surgery သုတေသနတွေအရ ရင်သားတုတပ်တဲ့ အမျိုးသမီးတွေမှာ Psychotherapy စိတ်ပိုင်းကုသမှုပါ ခံယူကြရတယ်။ သူတို့မှာ Low self-esteem ကိုယ့်ကိုယ်ကို မကျေနပ်ဖြစ်နေတာ၊ Depression စိတ်ဓါတ်ကျနေတာ၊ တချို့ဆိုရင် Attempted suicide သတ်သေချင်စိတ်ဝင်တာအထိ ဖြစ်ကြတယ်။

ခွဲစိတ်ပြုပြင်ပေးထားသူတွေကို ထပ်လေ့လာတော့ စိတ်ကျန်းမာရေးရော လူနေမှုဘဝ အရည်အသွေးပါ ပိုကောင်းလာကြတာ တွေ့ရတယ်။ ရုပ်ပိုင်းအရလဲ ရုပ်သွင်၊ လူမှုရေး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို တန်ဘိုးထားမှု၊ လိင်ပိုင်း ကျေနပ်မှုတွေမှာပါ တိုးတက်လာကြတယ်။

(စီလီကွန်) ရင်သားတုကို လေ့လာမှုအများဆုံး လုပ်ထားတယ်။ သူ့ကြောင့် တခြားရောဂါကို မရစေဘူးလို့ နိုင်ငံစုံက လေ့လာမှု ၃၅ ခုက ဆိုတယ်။ ရေရှည်လေ့လာမှုတွေအရ ကင်ဆာဖြစ်နှုန်း မများတဲ့ပြင် နည်းတောင်နည်းနေတာ တွေ့ရတယ်။ လှချင်လို့ လုပ်ထားသူတွေရဲ့ ၉ဝ-၉၅% က ကျေနပ်တယ်။ ဝေဖန်ရေးတွေ များလွန်းခဲ့တဲ့ ၁၉၉၁ မှာတောင် Plastic surgeons ဆရာဝန် ၃ဝဝ ကို မေးတော့ ၃% သော အမျိုးသမီးတွေကသာ စိတ်မချတာမို့ ပြန်ထုတ်ချင်ကြတယ်လို့ ဆိုပါတယ်။

လှချင်လွန်းနေသူမှာ သူများထက် စိတ်တွန်းအားက များလွန်းနေရင် သိပ်တွက်ထားတတ်ကြတယ်။ ဖြစ်နိုင်တာထက်ပိုပြီး လှလိမ့်မယ်လို့ တွက်မထားသင့်ပါ။ ရင်သားအတုထည့်တာမှာ ဆရာဝန်နဲ့လူနာ ဆွေးနွေး-ရွေးချယ်ကြပြီး နောက်ဆုံး အဆုံးအဖြတ်ကို လူနာကနေ လုပ်ရပါမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ