ချီလီယေနီကို ဆွာရက်ဇ် ကိုက်ခဲ့ကြောင်း စွပ်စွဲမှုများကို စစ်ဆေးမည်ဟု FIFA အတည်ပြု

 ပြိုင်ဘက်ကစားသမားကို လူးဝစ်ဆွာရက်ဇ် ကိုက်ခဲ့သည်ဆိုသော စွပ်စွဲချက်များအတွက် စုံစမ်းသွားမည်ဟု ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)က အတည်ပြု ကြေညာသွားခဲ့သည်။

ဥရုဂွေးက အီတလီကို (၁-၀)ဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည့် ပွဲစဉ်တွင် လီဗာပူးလ်အသင်း၏ တိုက်စစ်မှူးသည် အီတလီ နောက်ခံလူ ဂျော်ဂျီယို ချီလီယေနီကို ကိုက်ခဲ့သည်ဟု ယူဆရသော အခြေအနေမျိုး တွေ့ရသည်။ ကင်မရာ မှတ်တမ်းများအရ ဆွာရက်ဇ်၏ သွားရာသည် ဂျူဗင်တပ်စ် ကစားသမား၏ ပခုံးပေါ်တွင် စွဲမြဲစွာ ထင်ကျန်နေခဲ့သည်ကို တွေ့ရပြီး FIFA က အဆိုပါ အခြေအနေအပေါ် စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။

FIFA၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “ပွဲကြီးကြပ်သူတွေရဲ့ အစီရင်ခံစာတွေကို ကျွန်တော်တို့ စောင့်ဆိုင်းနေဆဲပါ။ ပြီးတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ လိုအပ်သမျှ အချက်အလက် အားလုံးကို စုဆောင်းနေပါတယ်”ဟု ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ချီလီယေနီကို ရည်ရွယ်ချက်ရှိရှိ ကိုက်ခဲ့ကြောင်း ပြစ်မှုထင်ရှားပါက ကာလရှည်ကြာ ပွဲပယ်ခံရမည့် အလားအလာ ရှိနေသည်။ ပြိုင်ဘက်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပါက FIFA၏ စည်းမျဉ်းများအရ (၂၄)ပွဲပယ်ပြစ်ဒဏ်၊ သို့မဟုတ် နိုင်ငံတကာပွဲများမှ (၂)နှစ်ကြာ ပွဲပယ်သည့် ပြစ်ဒဏ်များ ချမှတ်ခွင့်ရှိသည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ရပ်တွင် FIFA ၏ အပြင်းထန်ဆုံး ချမှတ်ဖူးသော စံချိန်တင် ပြစ်ဒဏ်မှာ စပိန်ကစားသမား လူးဝစ်အင်းနရစ်ကို နှာခေါင်းရိုးကျိုးအောင် တံတောင်ဖြင့် တိုက်ခဲ့သည့် အီတလီ ကစားသမား မော်ရိုတက်ဆော့တီကို (၁၉၉၄)ခုနှစ်က (၈)ပွဲ ပယ်ခဲ့ခြင်း ဖြစ်သည်။
ပင်နယ်တီ ဧရိယာထဲတွင် နှစ်ဦးသား လုံးထွေးနေစဉ် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွာရက်ဇ်က မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် “ဘောလုံးပွဲတွေမှာတော့ ဒါမျိုးအခြေအနေတွေ ဖြစ်တတ်တာပဲလေ။ ကျွန်တော်တို့ နှစ်ယောက်လုံး ပင်နယ်တီ ဧရိယာထဲမှာ ရှိနေတယ်။ သူက ကျွန်တော့်ရင်ဘတ်ကို ပခုံးနဲ့ဆောင့်ခဲ့တယ်။ ကျွန်တော့်မျက်လုံးကိုလည်း ထိအောင် လုပ်ခဲ့သေးတယ်။ အသင်းက နောက်တစ်ဆင့် တက်နိုင်ခဲ့လို့တော့ ပျော်ပါတယ်”ဟု ပြောကြားသွားသည်။

ဆွာရက်ဇ်သည် ယခင်ကလည်း ပြိုင်ဘက်ကို ပွဲကစားစဉ် ကိုက်ခဲ့မှုကြောင့် ကာလရှည် ပွဲပယ်ခံရသည့် မှတ်တမ်းဟောင်းများ ရှိခဲ့ဖူးသည်။ ၎င်းသည် (၂၀၁၀)ပြည့်နှစ်က အေဂျက်စ်အမ်စတာဒမ် ကစားသမားဘဝတွင် PSV အင်ဒိုဗန်မှ အော့တ်မန် ဘက်ကဲလ်ကို ကိုက်ခဲ့သဖြင့် (၇)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရပြီး (၂၀၁၃)ခုနှစ်က လီဗာပူးလ် ကစားသမား ဘဝတွင် ချယ်လ်ဆီး နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ကိုက်ခြင်းကြောင့် (၁၀)ပွဲထိ ပွဲပယ်ခံရဖူးသည်။ ယခုပွဲတွင် ချီလီယေနီသည် ဒိုင်လူကြီး မာကို ရိုဒရီဂွတ်ဇ်ကို အခြေအနေ အလုံးစုံ ရှင်းပြရန် ကြိုးပမ်းခဲ့သော်လည်း ပွဲအတွင်း၌ ဒိုင်က တစ်စုံတစ်ရာ အရေးယူမှု မရှိခဲ့ချေ။

ချီလီယေနီက “ဆွာရက်ဇ်က ကျွန်တော့်ကို ကိုက်ခဲ့ပါတယ်။ ဒါကို ဒိုင်လည်းမြင်တယ်။ ဒါပေမဲ့ အဲဒီအခြေအနေကို တစ်ခုခု ဆုံးဖြတ်ဖို့ သတ္တိတော့ လိုတယ်လေ။ ရုပ်မြင်သံကြား မှတ်တမ်းတွေကို ပြန်စစ်ဆေးပြီးတဲ့အခါ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက သူ့ကို ပွဲပယ်ဖို့ သတ္တိရှိမလား ကြည့်ရပါမယ်”ဟု ပြောကြားသွားသည်။

_Ref: Skysport

7DAY DAILY


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ