ကမ္ဘာဂြိုဟ်ထက် ၁၇ဆ ပိုမို ကြီးမားသည့် ဧရာမ ဂြိုဟ်ကြီး တစ်လုံး အမေရိကန် သုတေသီများ တွေ့ရှိ

 အမေရိကန် ပြည်ထောင်စု ဟားဗတ်စမစ် ဆိုနီယမ် တက္ကသိုလ် ရူပနက္ခတ္တ ဗေဒ ဌာနမှ သိပ္ပံ ပညာရှင်များသည် ကမ္ဘာဂြိုဟ်ထက် ၁၇ဆခန့် ပိုမိုကြီးမားသည့် ဂြိုဟ် တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့ကြသည်ဟု သိရသည်။

Kepler-10c ဟု အမည် သတ်မှတ်ထားသည့် အဆိုပါ ဂြိုဟ်သည် ကမ္ဘာဂြိုဟ်မှ အလင်းနှစ် ၅၆ဝခန့် ကျော်တွင် ရှိသည့် Draco ကြယ်စုအတွင်း၌ တည်ရှိသည်ဟု သိရသည်။ Kepler-10c ဂြိုဟ်၏ အချင်းသည် ၁၈ဝဝဝမိုင်ခန့် ကျယ်ပြန့်ပြီး ၎င်းဂြိုဟ်သည် ကျောက်ထူထပ်သော ဂြိုဟ်တစ်ခုဖြစ်ကာ ကမ္ဘာဂြိုဟ်ထက် ၁၇ဆ ခန့်ပို၍ ကြီးမား ခဲ့သည်ဟု သုတေသီ များက ပြောကြားထားသည်။

နက္ခတ္တဗေဒ ပညာရှင်များသည် နှစ်ပေါင်းများစွာ အတွင်း အရွယ်အစား ကြီးမားသော ဂြိုဟ်များစွာကို တွေ့ရှိရသော်လည်း Kepler-10c ဂြိုဟ်၏ အရွယ်အစားမှာ အလွန်ကြီးမား နေခြင်းကြောင့် ဧရာမ ဂြိုဟ်ဟူ၍ပင် ခေါ်ဆိုရမည် ဖြစ်ကြောင်း၊ ၎င်းဂြိုဟ်၏ ဖွဲ့စည်းပုံကို လေ့လာကြည့်ရာတွင် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၁၁ ဘီလီယံခန့်က ဖွဲ့စည်းဖြစ်ပေါ် ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ အဆိုပါ သက်တမ်းသည် စကြာဝဠာ စတင်ဖွဲ့စည်း ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ပေါင်း သုံးဘီလီယံခန့် တွင် ဖွဲ့စည်း ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ဟားဗတ်- စမစ်ဆိုနီယမ် တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်သူ ဇာဗီးယာဒူးပက်စ်က ပြောကြားသည်။

Kepler-10c ဂြိုဟ်ကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်းသည် စကြာဝဠာဖြစ်တည်မှု သမိုင်းကြောင်းအပေါ်တွင် မိမိတို့ နားလည်ထားသည့် လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်သည့် အခွင့်အလမ်း များစွာကို ဖြစ်ပေါ် စေကြောင်း၊ Kepler-10c ဂြိုဟ် ကို တွေ့ရှိခဲ့ခြင်းသည် ၎င်းဂြိုဟ် ကဲ့သို့သော ကျောက်ထူထပ်သည့် ဂြိုဟ်များသည် မိမိတို့ တွေးထင် ထားသည့် အချိန်ကာလထက် စော၍ ဖွဲ့စည်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်းကို ပြသနေကြောင်း ဟားဗတ် တက္ကသိုလ်၏ သက်ရှိ ဖြစ်တည် မှု၏ လေ့လာရေး ဌာနမှ ညွှန်ကြားရေးမှူး ဖြစ်သူ ဒီမိတာ သက်ဆီလော့ဗ်က ပြောကြားသည်။

မြ၀တီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ